ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး လယ်ယာသန်းခေါင်စာရင်း ကောက်ယူခြင်းနည်းလမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
နေပြည်တော် ဇူလိုင် ၂၉
မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်း ကောက်ယူခြင်း နည်းလမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက တောင်သူလယ်သမားများ၏ အကျိုးကို ဖော်ဆောင်ပေးနိုင်မည့် စီမံကိန်းကြီးများ၊ လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏ မြေအသုံးချမှုနှင့် သက်ဆိုင်သော သတင်း၊ စာရင်းအချက်အလက်များအား အဓိကတာဝန်ယူ ကောက်ယူစုစည်းထုတ်ပြန်ပေးနေသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ တာဝန်မှာ လွန်စွာအရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
လယ်ယာသန်းခေါင်စာရင်းကောက်ယူခြင်းကို ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ အစီအစဉ်ဖြင့် ကမ္ဘာတစ်ဝန်း ဆယ်စုနှစ်တစ်ခုတိုင်း တစ်ကြိမ်နှုန်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူခဲ့ကြောင်း၊ မြန်မာနိုင်ငံက ၁၉၅၃၊ ၁၉၉၃၊ ၂၀၀၃ နှင့် ၂၀၁၀ ခုနှစ်များတွင် လယ်ယာသန်းခေါင်စာရင်း လေးကြိမ်ကောက်ယူခဲ့ခြင်းကို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ယခင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန) က FAO နည်းပညာအကူအညီဖြင့် နိုင်ငံတကာနှင့် တူညီသော စာရင်းအင်းစနစ် ဖြစ်စေရန် World Census of Agriculture Guidelines များနှင့်အညီ တာဝန်ယူ အကောင်အထည်ဖော်ခဲ့ကြကြောင်း။
လယ်ယာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစီမံကိန်းသည် ဒေသအလိုက် မြေပြင်သတင်းအချက်အလက်များ စုစည်းပြုစုရသည့် လုပ်ငန်းဖြစ်၍ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ တောင်သူလယ်သမားများ၏ ပူးပေါင်းပါဝင်မှုရယူနိုင်ရေး အလေးထား ဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် စာရင်းဇယားများဖြစ်စေရေး ဂရုပြုကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။
ဆွေးနွေးပွဲတွင် လယ်ယာသန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းစီမံကိန်း၏ လယ်ယာသန်းခေါင် စာရင်းကောက်ယူခြင်း နည်းလမ်း (Methodoly of Agricultural Census) သဘောတရားများ၊ အိမ်ထောင်စုတည်နေရာပြမြေပုံကြမ်း (Sketch Map)၊ လယ်ယာလုပ်ခွင် ခွဲခြားစာရင်းပြုစုမှု (List Frame) တို့ ဆက်စပ်မှုအား စိစစ်သုံးသပ်ခြင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်း ဆောင်ရွက်ရာတွင် ဒေသအလိုက် တွေ့ကြုံရမည့် လုပ်ငန်းကိစ္စများကို နှီနှောဖလှယ်ဆွေးနွေးကြရန်နှင့် ဆွေးနွေးတွေ့ရှိချက်များကို သက်ဆိုင်ရာ ဝန်ထမ်းများကို ဆက်လက်ဝေမျှ ညွှန်ကြားဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ လယ်ယာသန်းခေါင် စာရင်းကောက်ယူခြင်း နည်းလမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စီမံကိန်းလုပ်ငန်းဒေသအလိုက် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြီးကြပ်သူများအဖြစ် တာဝန်ယူကြရမည့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အရာထမ်း(၁၀၀)ကျော်ဖြင့် ဇူလိုင် (၃၀)ရက်အထိ (၂)ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments