ကော့ကရိတ်မြို့နယ် ကော့ကသောင်ကျေးရွာ၌ ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်
ကော့ကရိတ် ဇူလိုင် ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ လယ်ယာထုတ်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကျုံဒိုးချောင်းဖျားကျေးရွာအုပ်စု၊ ကော့ကသောင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ် လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကော့ကရိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောအောင်မျိုးမြင့်၊ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဆာ ဒေါက်ဖော့နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကော့ကသောင်ကျေးရွာတို့၌ ကျေးလက်ကုန်ထုတ် လမ်း၊ တံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး လက်ရှိလမ်း Level အနိမ့်အမြင့်၊ လမ်းအတိုင်းအတာများ၊ Box Culvert နှင့် Pipe Culvert တည်ဆောက်မည့်နေရာများအား တိုင်းတာကြည့်ရှု စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လမ်းအရှည် ၂ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် နှစ်ပေကိုးလက်မထု ခင်းခြင်း၊ Box Culvert (၃)စင်း နှင့် Pipe Culvert (၃)စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၄၄ ဒသမ ၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လမ်းဘေးဝဲ၊ ယာရှိ ကျေးရွာ(၅)မှ အိမ်ခြေ ၁၁၁၇ အိမ်၊ လူဦးရေ ၅၃၂၉ ဦးတို့၏ လယ်ယာထုတ်ကုန် ၉၀၀ ဧက အကျိုးပြုမည်ဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောအောင်မျိုးမြင့်က ပြောသည်။
စိုးမိုးကျော်(ကျေးလက်)
No comments