MNL ပြိုင်ပွဲတွင် GFA အသင်း ပထမဆုံးနိုင်ပွဲရရှိ
ရန်ကုန် ဇူလိုင် ၁၈
၂၀၂၂ ရာသီ MNL အမှတ်ပေး ပြိုင်ပွဲ
ပွဲစဉ် (၄) ဒုတိယနေ့ကို ဇူလိုင် ၁၇ ရက်က ဆက်လက်ကျင်းပရာ GFA အသင်းက မဟာ ယူနိုက်တက်အသင်းကို
လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ပထမဆုံး နိုင်ပွဲရရှိခဲ့သည်။
သုံးပွဲဆက် အရေးနိမ့်ထားသည့်
GFA အသင်းသည် ယခုပွဲတွင် ရလဒ်ကောင်းရယူနိုင်ခဲ့ပြီး မဟာယူနိုက်တက်အသင်းကို အနိုင်ရယူကာ
ပထမဆုံးနိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ မဟာယူနိုက်တက် အသင်းသည် နိုင်ပွဲပြန်လည်ရယူနိုင်ရန်
ကြိုးပမ်းခဲ့သော်လည်း သုံးပွဲမြောက်ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရ ခြင်းဖြစ်သည်။
GFA အသင်း၏ ပွဲထွက်လူစာရင်းတွင်
နိုင်ငံခြားသားကစားသမားနှစ်ဦး ပါဝင်လာပြီး မဟာယူနိုက်တက် အသင်းမှာလည်း အတောင့်တင်းဆုံးလူစာရင်းဖြင့်
ပွဲထွက်ခဲ့သည်။ မဟာယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုး စတင်သွင်းယူနိုင်သော်လည်း အနိုင်ရလဒ်
မထိန်းနိုင်သဖြင့် အရှုံးနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ မဟာယူနိုက်တက်အသင်းအတွက်
ဦးဆောင်ဂိုးကို ၁၅ မိနစ်တွင် စိုးမင်းနိုင်က သွင်းယူခဲ့ခြင်း ဖြစ်ပြီး GFA အသင်းက နှစ်မိနစ်အကြာတွင်
ချေပဂိုးရခဲ့ကာ အီမန်နျူရယ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ချေပဂိုးရပြီးနောက်ပိုင်းတွင်
GFA အသင်းက ဆက်တိုက်ဖိကစားခဲ့ပြီး ၁၉ မိနစ်တွင် တန်တိုးအောင်က ဒုတိယဂိုးထပ်မံ သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် မဟာယူနိုက်တက်အသင်းက ချေပဂိုးရရန် ဆက်လက်ကြိုးပမ်းခဲ့သော်လည်း GFA
အသင်းကသာ ဂိုးများထပ်မံရရှိခဲ့သည်။ GFA အသင်းအတွက် အနိုင်ဂိုးများကို ၆၉ မိနစ်တွင်
ထက်အောင်နှင့် ၇၃ မိနစ်တွင် ဂျွန်ဘာဘူတို့ကသွင်းယူခဲ့သည်။ မဟာယူနိုက်တက် အသင်းအတွက်
ချေပဂိုး တစ်ဂိုးကို ၈၉ မိနစ်တွင် GFA အသင်းက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ခြင်းဖြစ်သည်။
လေးပွဲစီကစားအပြီးတွင်
GFA အသင်းနှင့် မဟာယူနိုက်တက် အသင်းတို့ တစ်ပွဲနိုင်၊ သုံးပွဲရှုံးဖြင့် သုံးမှတ်စီရရှိထားသည်။
ပွဲစဉ် (၄) တတိယနေ့အဖြစ် ဇူလိုင် ၁၈ ရက် မွန်းလွဲ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ အား/ကာသိပ္ပံအသင်းနှင့်
လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-
MNL
No comments