ဗီယက်နမ်နိုင်ငံ၌ ပထမခုနစ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၃၆၀၀၀ ကျော်ရှိ
ဩဂုတ် ၃
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ပထမခုနစ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၃၆၀၇၅ ဦးရှိရာ လွန်ခဲ့သောနှစ်က အလားတူကာလထက် သုံးဆတိုးလာခဲ့သည်ဟု နိုင်ငံ၏ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတောင်ပိုင်း၊ အလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် ထိုရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးဝါးတားဆီးကာကွယ်ရေးဌာန၏ လက်ထောက်အကြီးအကဲ ငုယင်လောင်တမ်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
အဆိုပါရောဂါကြောင့် ခုနစ်လတာကာလအတွင်း သေဆုံးသူ ၄၅ ဦးရှိရာ တစ်နှစ်ထက်တစ်နှစ် ၃၁ ဦးတိုးလာသည်။ ဗီယက်နမ်နိုင်ငံတောင်ပိုင်းဟိုချီမင်းမြို့တွင် သေဆုံးသူ ၁၀ ဦးနှင့်အများဆုံးဖြစ်ပြီး အလယ်ပိုင်း ဘင်ဒေါင်နှင့် ဒုံနိုင်းပြည်နယ်တို့တွင် ကိုးဦးနှင့် ခုနစ်ဦးအသီးသီးသေဆုံးခဲ့သည်။
ဇူလိုင်လနှောင်းပိုင်းကပေးပို့သည့် ထုတ်ပြန်ချက်တစ်စောင်တွင် ဗီယက်နမ်အစိုးရက နိုင်ငံတစ်ဝန်းကူးစက်မှုအသစ်များ ထပ်မံဖြစ်ပွားနေချိန်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ရန်အတွက် လိုအပ်သည့်ကြိုတင်ကာကွယ်မှု အားလုံးလုပ်ဆောင်ကြရန်၊ ရပ်ရွာများတွင် ရောဂါကာကွယ်ရေးအသင်းများဖွဲ့စည်းရန်၊ ကပ်ရောဂါကာကွယ်ရေးအတွက် ဆေးဝါးပစ္စည်းများ အလုံအလောက်ထားရှိရန်နှင့် ရန်ပုံငွေများထားရှိပေးရန် ကျန်းမာရေးကဏ္ဍ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တစ်ဦးချင်းစီအား တိုက်တွန်းပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments