ပဲခူးတိုင်းဒေသကြီးတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်အထိ အလုပ်အကိုင် အခွင့်အလမ်း (၇၄၅၈) ဦး ဖန်တီးပေးနိုင်ခဲ့
ပဲခူး ဩဂုတ် ၂၈
ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများတွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များများရရှိစေမည့် CMP လုပ်ငန်းများကို အဓိကထား ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးဆောင်ရွက်နိုင်သည့်အပြင် Wind Turbine Energy ကိုလည်း ဆောင်ရွက်နိုင်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဩဂုတ် ၂၆ ရက်၊ နံနက်ပိုင်းက ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ အစည်းအဝေး (၇/၂၀၂၂) တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ စက်မှုနယ်မြေများတွင် မြေကွက်လွတ်မရှိအောင် စက်ရုံ/ အလုပ်ရုံများ ရင်းနှီးမြှုပ်နှံနိုင်ရေးကို တွန်းအားပေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ဆက်လက်ရပ်တည် ရှင်သန်နိုင်ရေးအတွက် လိုအပ်သော နည်းပညာနှင့် ချေးငွေရရှိရေး ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး Myanmar Husheg Yanshili အထည်ချုပ်စက်ရုံ တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်း၊ Huishun(Myan) Industrial Co., Ltd ၏ စက်ရုံငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းအတွက် တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်း၊ Brew Master Co., Ltd ၏ ဘီယာစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် တည်ဆောက်ရေး ကာလတိုးမြှင့်ခြင်းနှင့် Wiawis Myanmar Co., Ltd ၏ ကုန်ကြမ်းပစ္စည်းအသစ်ထပ်မံ တင်သွင်းခြင်းဆိုင်ရာများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များက အကြံပြုဖြည့်စွက်တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ တင်ပြချက်များအရ ပဲခူးတိုင်းဒေသကြီးတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၂၃ ဒသမ ၇၁၂) သန်း နှင့် မြန်မာကျပ်ငွေ (၉၅၂၉ဒသမ၁၅) သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း (၇၄၅၈) ဦး ဖန်တီးပေးနိုင်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်


No comments