မောတောင် - ဆင်းခွန် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်သော်လည်း ကန့်သတ်မှုအချို့ကြောင့် အခက်အခဲဖြစ်နေ

မောတောင် သြဂုတ် ၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ရှိ မောတောင် - ဆင်းခွန် နယ်စပ်ဂိတ်ကို ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ထိုင်းနိုင်ငံဘက်မှ ကန့်သတ်မှုများ ပြုလုပ်ထားသည့်အတွက် ဒေသခံလုပ်ငန်းရှင်များ အခက်အခဲဖြစ်နေကြောင်း သိရသည်။

အဆိုပါ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကုန်သွယ်မှုပြန်လည်စတင်ရန် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင် ဆင်းခွန်အထူးယာယီနယ်စပ်ဂိတ်က သြဂုတ် ၁ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ်လိုအပ်သည့် ကုန်စည်များကိုသာ အဓိကဝယ်ယူနေသော်လည်း ကန့်သတ်မှုများ ရှိနေသည့်အတွက် မြိတ်ခရိုင်၏ အဓိကထွက်ကုန်ဖြစ်သော ရေထွက်ပစ္စည်းများ တင်ပို့ရန် အခက်အခဲ ဖြစ်ခဲ့ကြောင်း သိရသည်။

မောတောင်နယ်စပ်ဂိတ်မှာ မြန်မာနိုင်ငံဘက်မှ အမြဲတမ်းဂိတ် ဖြစ်သော်လည်း ထိုင်းနိုင်ငံဘက်ရှိ ဆင်းခွန်ဂိတ်မှာ အထူးယာယီနယ်စပ်ဂိတ်အဆင့်သာ ဖြစ်သည့်အတွက် ကုန်သွယ်မှုနှင့် လူဝင်လူထွက် ကိစ္စရပ်များမှာ ကန့်သတ်မှုများရှိနေကာ မြန်မာ - ထိုင်းနှစ်နိုင်ငံအတွက် ကုန်သွယ်မှု အလားအလာရှိသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)







No comments

Powered by Blogger.