အကျိုးရလဒ် အမြန်ဆုံးဖြစ်ထွန်းစေမည့် စိုက်/မွေး ကုန်ချောထုတ်လုပ်တင်ပို့ရေး



ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်း မှုသည် ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်ပွားခဲ့ပြီးနောက် အကြီးမားဆုံး   အပြင်းထန်ဆုံးဖြစ်သည်ဟု ဆိုကြသည်။ ကမ္ဘာ့ နိုင်ငံအသီးသီးတို့၏ အစိုးရများ ဘဏ္ဍာရေးအကျပ်ဆိုက်ခဲ့ကြပြီး ငွေကြေးဈေးကွက်    ချည့်နဲ့သွားခဲ့သလို  ကုန်သွယ်ရေးကဏ္ဍ လေးလံနှေးကွေးသွားခဲ့သည်။  ရင်းနှီးမြှုပ်နှံမှုများ   တုံ့ဆိုင်းသွား ခဲ့ပြီး ကုန်ထုတ်လုပ်မှု၊   ဝန်ဆောင်မှုလုပ်ငန်းများမှ   လူသန်းပေါင်း များစွာ အလုပ်အကိုင်များကို စွန့်လွှတ်ခဲ့ကြရသည်။


ကမ္ဘာလုံးချီသည့်  ကပ်ရောဂါကို  အကြောင်းပြု၍  ဖြစ်ပေါ်လာသော အကျိုးဆက်များကို မိမိတို့နိုင်ငံသည်လည်း အများ နည်းတူ  ထိခိုက်ခံစားခဲ့ရာတွင် အသေးစား၊ အငယ်စား၊ အလတ် စား စီးပွားရေးလုပ်ငန်းများစွာ ရပ်နားသွားခြင်း၊ ခရီးသွားလုပ်ငန်း အားလုံး   ရပ်နားသွားခြင်း၊  ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုများ တုံ့ဆိုင်းသွားခြင်း၊ ပြည်တွင်းစားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားခြင်း စသည်တို့အပါအဝင် ထိခိုက် မှုပမာဏ ကြီးမားလှသည်။ မိမိတို့နိုင်ငံအတွက် ပို၍ဆိုးစေသည် မှာ    နိုင်ငံရေးအပြောင်းအလဲများအပေါ်  ဆန့်ကျင်မှုများမှ ထွက်ပေါ်လာသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် မငြိမ်မသက်မှုများကပါ ဘူးလေးရာ  ဖရုံဆင့်သည့်နှယ်  စီးပွားရေးကဏ္ဍကို တိုက်ရိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။ ယခုအခါ မြန်မာ နိုင်ငံအတွင်း ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ကောင်းစွာထိန်းချုပ်ထားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများမှာလည်း လျော့နည်းလာပြီဖြစ်ရာ နိုင်ငံ့စီးပွား မြှင့်တင်တည်ဆောက်ရေးကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရတော့မည်ဖြစ်သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမြန်အကျိုးရလဒ်ဖြစ်စေမည့် (Quick Win) လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအတွက်   ပထမဦးစားပေး၊ စိုက်ပျိုး မွေးမြူရေး ထွက်ကုန်များကို ကုန်ချောဆောင်ရွက်သည့် စက်ရုံ၊  အလုပ်ရုံများ  အဆင့်မြှင့်တင်ရေး၊  SME တွင် အကျုံးဝင်မည့် စက်ရုံများတည်ထောင်ရေးကို  ထောက်ပံ့အားပေးမှုအား ဒုတိယ ဦးစားပေးနှင့်  ကျန်သည့် စက်ရုံ၊ အလုပ်ရုံများ၊  သီးခြားလိုအပ်သည့်  လုပ်ငန်းများအတွက် ဆက်လက်စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁၈)လပြည့် မိန့်ခွန်းတွင် ပြောကြားခဲ့ရာ ပြည်တွင်းထွက်ကုန်များကို ပြည်ပသို့ ကုန်ချောတင်ပို့နိုင်ရေးအတွက် ဦးတည်ထားခြင်း ဖြစ်သည်။


စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ကြက်၊ ဝက်၊ငါး/ပုစွန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို   ပြည်ပဈေးကွက်အတွက် ကုန်ချောထုတ်လုပ်ရာတွင် လယ်တောမှသည် စက်ရုံအထိ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ထုတ်လုပ်မှုများဖြင့် အရည်အသွေးကောင်းမွန်ရေး၊ အစားအစာ ဘေးကင်းလုံခြုံရေး၊ ထုပ်ပိုးပုံ ခေတ်မီလှပဆွဲဆောင်မှုရှိရေးတို့အတွက် လိုအပ်ချက်များကို အဘက်ဘက်မှ       ဖြည့်ဆည်းပေးသွားရမည်ဖြစ်သည့်အပြင် ဈေးကွက်သစ်များဆီသို့   ပို့ကုန် အမယ်သစ်များ  တင်ပို့နိုင်ရန်အတွက်  နိုင်ငံတော်အစိုးရ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများ၊ တောင်သူများ   သုံးဦးသုံးဖလှယ် ညီညွတ်စွာဆောင်ရွက်သွားရမည်ဖြစ်သည်။ အခက်အခဲ အကျပ်အတည်းကြားမှ ရုန်းထွက်နိုင်ရေးသည် သာမန်အားထုတ်ရုံမျှဖြင့်မဟုတ်ဘဲ တစ်စုတစ်စည်း တည်းသော အားမာန်ဖြင့် တညီတညွတ်တည်း အားကုန်ထုတ်ရုန်းထွက်နိုင်မှသာ လွတ်မြောက် နိုင်မည်ဖြစ်သည်။


မိမိတို့နိုင်ငံတွင် သယံဇာတအရင်းအမြစ်များ ကြွယ်ဝသည်ဟုဆိုရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် လိုအပ်သော ရေ၊ မြေအရင်းအမြစ်များနှင့် အခက်အခဲအကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနိုင်သည့် လူသားအရင်းအမြစ်များလည်း ပိုင်ဆိုင်ထားခြင်းဖြစ်ရာ ၎င်းအရင်း အမြစ်များကို အထိရောက်ဆုံး၊ အကျိုးအဖြစ်ထွန်းဆုံးရရှိအောင် အသုံးပြုနိုင်ခြင်းဖြင့် ကမ္ဘာတွင် စားနပ်ရိက္ခာ ကုန်ချောထုတ်လုပ်တင်ပို့ရောင်းချနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာနိုင် မည်ဟု ယုံကြည်ပါကြောင်း။      ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်

No comments

Powered by Blogger.