ပဟေဠိသဖွယ်ရှိနေသည့် သမိုင်းထဲက ဂျီနိုဆိုက်ပုစ္ဆာ
မိုးမြင့်
နိုင်ငံရေးအရ တစ်ဖက်သတ်
ဖိအားပေးခြင်း တစ်မျိုးသာ
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်ခြင်း
၅ နှစ်ပြည့် အထိမ်းအမှတ်ဆိုပြီး မြန်မာနိုင်ငံ ပြည်တွင်းရေး အခြေအနေတချို့နဲ့ အချိန်ကိုက်ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားရေး၀န်ကြီး
အန်တိုနီ ဂျေဘလင်ကန်ရဲ့ အဓိပ္ပာယ်မဲ့ ပြောဆိုဝေဖန်ချက်တွေဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအပေါ်
အစဉ်တစိုက် မပြောင်းလဲတဲ့ နိုင်ငံရေးအရ ဖိအားပေးသက်သက် တစ်ခုပါပဲ။ နိုင်ငံရေးအရ၊
စီးပွားရေးအရ၊ စစ်ရေး အရ၊ မီဒီယာသဘောအရ လျှို့ဝှက်တစ်ဖုံ အဖျက် အမှောင့်တစ်မျိုး နိုင်ငံတကာမှာ
ပတ်မွှေနေတဲ့ ဖိအားပေးမှုမျိုးစုံအနက်က တစ်ခုမဟုတ်တစ်ခုပါပဲ။
ကြားဖူးနေကျ စကားလုံးတွေနဲ့ တွေ့ဖူးနေကျအသုံး အနှုန်းတွေဟာ ယခင့်ယခင် စွပ်စွဲချက်တွေ
အတိုင်း ပါပဲ။ “မြန်မာစစ်တပ်”၊ “ရက်စက်ကြမ်းကြုတ်”၊ “ကျေးရွာတွေကို ဖျက်ဆီး”၊ “နှိပ်စက်ကလူပြု”၊
“အကြမ်းဖက်ကျူးလွန်”၊ “ထောင်ပေါင်းများစွာသော”၊ “အမျိုးသားအမျိုးသမီး ကလေးသူငယ်တွေ
သတ်ဖြတ်ခံရ”၊ “အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးရ” စသည် စသည်ဖြင့် ဇာတ်နာအောင်လုပ်ပြီး
အနှစ်သာရအားဖြင့် အပြောင်းအလဲမရှိ မရိုးနိုင်တဲ့ စကားလုံးတွေနဲ့ စွက်ဖက်၊ ဘက်လိုက်
တစ်ဖက်သတ် ဆန်နေဆဲဆိုတာ တွေ့ရပါတယ်။
ကြိုတင်အကွက်ဆင်ဖန်တီးခဲ့ကြတဲ့
အခြေအနေမှန်
ဒီလောက်တစ်ဖက်သတ်ဆန်လွန်းတဲ့
နိုင်ငံကြီးရဲ့ စွပ်စွဲခံရတဲ့ နိုင်ငံငယ်တစ်နိုင်ငံအနေနဲ့
သူ့ပြည်တွင်းရေးကိစ္စ၊ သူ့လုံခြုံရေးကိစ္စ၊ ရက်စွဲအတိအကျနဲ့ ပြောရရင် ၂၅-၈-၂၀၁၇
ရက်နေ့ ကိုဖီအာနန်အစီရင်ခံစာ စတင်တဲ့နေ့ကစပြီး ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်အဖွဲ့က
လုံခြုံရေးစခန်း ၃၀ နဲ့ တပ်ရင်းဌာနချုပ်တစ်ခုကို
တစ်ပြိုင်နက် တိုက်ခိုက်ခဲ့တာကို မြန်မာ့တပ်မတော်အနေနဲ့ ကိုယ့်ပြည်သူတွေရဲ့
လုံခြုံရေး၊ ကိုယ့်နယ်မြေ တည်ငြိမ်အေးချမ်းရေး အတွက် လိုအပ်သလို အရေးယူတုံ့ပြန်တိုက်ခိုက်ခဲ့ရခြင်းသာ
ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ရာမှာလည်း တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီသာ လုပ်ခဲ့ကိုင်ခဲ့ရပါတယ်။
ကိုယ့်ဘက်က ပြန်လည်တုံ့ပြန်တိုက်ခိုက်လို့ ARSA အကြမ်းဖက်အဖွဲ့တွေ ပြန်လည်ဆုတ်ခွာတဲ့အခါမှာ
ဘင်္ဂါလီနေအိမ်တွေ ကို ARSA အကြမ်းဖက်တွေကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ဒါကို
မြန်မာလုံခြုံရေးအဖွဲ့တွေကပဲ မီးရှို့သယောင်ယောင် အကွက်ဆင်ဖန်တီးခဲ့ကြပြန်တယ်။ ဖြစ်စဉ်ကြီးတစ်ခုလုံးကို
International Crisis Group (ICG)က စောင့်ကြည့်၊ Human Right Watch (HRW) က မီးထိုး၊
နိုင်ငံတကာမီဒီယာအစုံကလည်း ဘေးတီးသတင်းဖြန့် ဝိုင်းလော်ခဲ့ကြပါတယ်။ ဒီလိုဒီအချိန်မှာ
ပြည်တွင်းနေ ဘင်္ဂါလီတွေကို တစ်ဖက်နိုင်ငံထဲ ထွက်ပြေးအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင်စီမံဖန်တီးမှုအောက်မှာ
ဘင်္ဂါလီတွေဟာ တစ်ဖက်နိုင်ငံထဲ ထွက်ပြေးခြင်းဖြင့် အချိန်ကိုက်ဇာတ်ရှိန်တက်အောင် ဝိုင်းဝန်းလုပ်ကြံ
ကျုံးသွင်းခဲ့ကြခြင်းသာ ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်၊၊
နောက်ကွယ်ကဖြစ်နိုင်ခြေအကြောင်းရင်းများ
ဒါပေမယ့် သူတို့စွပ်စွဲပြောသလို
ဘင်္ဂါလီထွက်ပြေးတဲ့အရေအတွက်၊ သတ်ဖြတ်ခံရတယ်ဆိုတဲ့
အရေအတွက်ဟာ မှန်ကန်တိကျမှုမရှိတဲ့ ချဲ့ကားကိန်းဂဏန်းတွေနဲ့ မှားယွင်းတဲ့ သတင်းအချက်
အလက်တွေကို အခြေခံထားခြင်းသာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ ထိုအချိန်၊ ထိုကာလကစပြီး
မြန်မာနိုင်ငံကို ပြည်ပကရော ပြည်တွင်းကပါ ဝိုင်းဝန်းလုပ်ကြံကြဖို့ ကြိုတင်အကွက်ချ
ဖန်တီးထားတဲ့ အခင်းအကျင်းတစ်ခုအောက်မှာ ကံမကောင်းစွာဘဲ
ယနေ့ထိတိုင် ရင်ဆိုင်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။ သူတို့ ဘာကြောင့်များ သမိုင်းအထောက်အထား
ဘာမှမရှိတဲ့ လူမျိုးတစ်မျိုးကို အသုံးချပြီး မြန်မာပြည်သူတွေကို စော်ကားနေရပါသလဲ။
အကြောင်းတော့ရှိပါလိမ့်မယ်၊ မရှိတဲ့လူမျိုးအမည်နဲ့ အထောက်အထားမဲ့ ဘင်လူမျိုးတွေကို
နေရာပေးမိရင် တစ်ချိန်မှာကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဆိုတာ ဖြစ်လာမှာ
သေချာပါတယ်၊ သီးခြားနိုင်ငံအထိ ဖန်တီးယူကြပါလိမ့်မယ်၊၊ ဆက်တွေးရင်တော့... အကောင်အထည်အိပ်မက်တွေ
အများကြီးရှိပါလိမ့်မယ်။ ဒါကြောင့်လည်း နိုင်ငံရဲ့ အနောက်ပိုင်းမှာ မတည်မငြိမ်ဖြစ်အောင်၊
မြန်မာလုံခြုံရေးတပ်ဖွဲ့ပုံရိပ်ကိုလည်း ကျဆင်းအောင် Genocide ဆိုတဲ့ အခင်းအကျင်းကို
ကြိုတင်ပုံဖော်နေခြင်းသာ ဖြစ်နိုင်ပါတယ်။ အစိုးရတစ်ခု အနေနဲ့ လူနည်းစု တစ်ခုအပေါ်မှာ
လူမျိုးတုံးဖိနှိပ် သတ်ဖြတ်နေတယ်၊ အစုလိုက်အပြုံလိုက် နေရာ ပြောင်းရွှေ့ဖိနှိပ်တာမျိုးလုပ်နေတယ်လို့
စွပ်စွဲပြီး နိုင်ငံတကာဥပဒေကိုအသုံးချ၊ တစ်ချိန်မှာ ခွဲထွက် ခွင့်ရအောင် လုပ်နေခြင်းလို့သာ
ယူဆရမှာဖြစ်ပါတယ်။
ဒီကစားပွဲမှာ နောက်ကတစ်မျိုး၊
ဘေးက တစ်မျိုး အမျိုးမျိုး ကြိုးကိုင်ခြယ်လှယ်နေကြတဲ့ အဓိက ဖန်တီးရှင်တွေကတော့ ဆရာကြီး
OIC၊ လက်ညှိုးညွှန်ရာရေဖြစ်တဲ့ US နဲ့ CIA ၊ ဂျော့ဆိုးရော့စ်၊ OIC နဲ့ US ကြိုးဆွဲ
UN ၊ EU နဲ့ UK ၊ ICG၊ ICJ၊ HRW၊ RFA၊ DVB စတဲ့ အဖွဲ့အစည်း၊ နိုင်ငံနဲ့ သတင်းဌာနအမျိုးမျိုးနဲ့
NGO၊ INGO မျိုးစုံ တွေ့ရမှာ ဖြစ်ပါတယ်။ ယခုလို အဖွဲ့စုံ သံပြိုင်စုံတီးခတ်ကြတဲ့ အရေးမှာ
US ရဲ့ မဟာပြိုင်ဘက်၊ မြန်မာ့အိမ်နီးချင်းတရုတ်နိုင်ငံကြီးကို ထိန်းချုပ်ဖို့အတွက်လည်း
ပါဝင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။ ဒါကြောင့်လည်း တရုတ်ရဲ့ နယ်စပ်ပင်လယ်ထွက်ပေါက်၊ မြန်မာနိုင်ငံအနောက်နဲ့
မြောက်ဘက်တစ်ကြောမှာ မတည်မငြိမ်ဖြစ်အောင် လုပ်ထားပြီး တရုတ်ရဲ့ မဟာဗျူဟာ ရေရှည်အကျိုးစီးပွားကို
ပျက်ပြားအောင် ရည်ရွယ်ထားတယ်ဆိုတာ စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။
ကိုယ့်သမိုင်းထဲက ဂျီနိုဆိုက်ကို
မေ့နေကြပုံရ
လူမျိုးတုံးသတ်ဖြတ်မှု
(Genocide) နဲ့ပတ်သက်လာရင် ကမ္ဘာ့ပုလိပ်ကြီးဘက်က သူနဲ့မတည့်တဲ့နိုင်ငံ တွေအပေါ်မှာ
တစ်ဖက်သတ် စွပ်စွဲတိုက်ခိုက်တာများပါတယ်၊၊ ဒီမိုကရေစီနဲ့ လူသားတွေရဲ့လူ့အခွင့်အရေးကို
ရှေ့တန်းက ကြွေးကြော်လွန်းတော့လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတွေ၊ အိမ်ရာတွေကနေ
မောင်းထုတ်ခြင်းတွေ၊ လူသားတွေအပေါ် ထင်ရာမြင်ရာဖိနှိပ်ရက်စက်ခြင်းတွေ
စတဲ့ရက်စက်မှု တွေမှာ ထိုနိုင်ငံကြီးဘက်ကပဲ နတ္ထိကင်းရှင်း သယောင်ယောင်၊ မကျူးလွန်ခဲ့ဖူးသလိုလို
ထင်မြင် စရာရှိနိုင်ပါတယ်။ အများကြီးလေ့လာစရာ မလိုပါဘူး၊ နည်းနည်းပါးပါး ကမ္ဘာ့သမိုင်းကို
လှန်လှော လေ့လာဆန်းစစ်ကြည့်တာနဲ့ သိလာပါလိမ့်မယ်။ သမိုင်းမှာ အမေရိကန်တို့ ဂျီနိုဆိုက်ကျူးလွန်ခဲ့တဲ့
လူသိနည်းတဲ့ ဖြစ်ရပ်မှန်တွေကို ဆန္ဒရှိသလို စေလိုက်တိုင်းဖြစ်နေတဲ့ ယနေ့ခေတ်အမေရိကန်
ခေါင်းဆောင်တွေ မေ့နေကြပုံရပါတယ်။
အမေရိကန်သမိုင်းအစမှာ အမေရိကန်စစ်တပ်ဟာ
ဌာနေ ရက်အင်ဒီးယန်း တိုင်းရင်းသားတွေအပေါ်မှာ လူမဆန်တဲ့အမှုတွေကို ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြဖူးပါတယ်။
အမေရိကန်တစ်ဦးတည်းလည်း မဟုတ်ပါဘူး၊ ဥရောပဘိုးအေကိုလိုနီ ခေါင်းဆောင်တွေလည်း ကျူးလွန်ခဲ့ကြဖူးတာပါ။
သူတို့ချင်းကျတော့ အပြန်အလှန် စွပ်စွဲကြတာပေါ့။ ၁၉၁၅ ခုနှစ်က ဖြစ်ခဲ့ဖူးတဲ့ အာမေးနီးယန်းတွေအပေါ်
ကျူးလွန်ခဲ့တဲ့ တူရကီတွေကျူးလွန်တဲ့ ဂျီနိုဆိုက်ကို အမေရိကန်တို့ ဖော်ထုတ်ခဲ့ဖူးသလို
အမေရိကန် လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကာလမှာ ဖြစ်ခဲ့တဲ့ အမေရိကန်ဂျီနိုဆိုက်ကိုလည်း
ကမ္ဘာ့သမိုင်း ပညာရှင်တွေကတော့ အမြဲထောက်ပြလေ့ရှိကြပါတယ်။
ဌာနေ ရက်အင်ဒီးယန်းတွေအပေါ်
ကျူးလွန်ခဲ့မှုတွေ
ဂျီနီဗာကွန်ဗင်းရှင်းအရဆိုရင်
နိုင်ငံတစ်ခု၊ နယ်မြေတစ်ခု၊ တိုင်းရင်းသားလူမျိုး တစ်မျိုးမျိုး၊ ဘာသာရေးအစုတစ်ခုလုံး
ဒါမှမဟုတ် အစိတ်အပိုင်း တစ်ခုခုကို ရာဇ၀တ်မှုမြောက်တဲ့ တိုက်ခိုက်ဖျက်ဆီး ကျူးလွန်မှုကို
ဂျီနိုဆိုက်အဖြစ် သတ်မှတ်ပါတယ်။ သမိုင်း အထောက်အထားများအရပဲ ပြောပါမယ်။ ၁၆၂၂ ခုနှစ်ကနေ
၁၇၇၅ ခုနှစ်အထိ တိုးချဲ့လာတဲ့ အမေရိကန်ကိုလိုနီ ၁၃ ခုမှာ ဌာနေအမေရိကန်တွေ ကို မောင်းထုတ်ပြီး
နေရာယူသိမ်းပိုက်လာခဲ့တဲ့ နယ်ချဲ့သူဦးရေဟာ ၂၀၀၀ ကနေ ၂ ဒသမ ၄ သန်း အထိ တိုးပွားခဲ့တယ်လို့
ဆိုပါတယ်။ ၁၇၇၆ ခုနှစ် အမေရိကန် လွတ်လပ်ရေးရပြီးနောက်မှာ နိုင်ငံ အနောက်ဘက်ကို ရွှေ့ပြောင်းအခြေချသူတွေ
ကြောင့် ဌာနေလူမျိုးစု ခြောက်စုဟာ တိုက်ခိုက် ဖျက်ဆီးသိမ်းပိုက်ခံလိုက်ကြရပါတယ်။ ဖက်ဒရယ်
ပုံစံအောက်မှာ ဌာနေအင်ဒီးယန်းတွေဟာ သားစဉ် မြေးဆက် ဆင်းဆင်းရဲရဲ နေထိုင်သွားကြရပါတယ်။
ထို့ထက်စောပြီး နယ်ချဲ့ခဲ့ကြတဲ့
ဥရောပတွေကြောင့် နိုင်ငံအနောက်ပိုင်းမှာနေထိုင်ကြတဲ့ လူသန်းပေါင်း ၁၀၀ လောက်ဟာ သတ်ဖြတ်ခံရခြင်း
ဒါမှမဟုတ် အချိန်မတိုင်မီ သေဆုံးကြရခြင်း တစ်ခုမဟုတ်တစ်ခု ကြုံခဲ့ကြရပါတယ်။ အမေရိကန်မှာ
ယခုလို နယ်နိမိတ်သတ်သတ်မှတ်မှတ်ရှိလာတဲ့ကာလ ၁၄၉၂- ၁၉၀၀ ခုနှစ် အကြားမှာတင် ဌာနေတိုင်းရင်းသား
၁၂ သန်းခန့်ဟာ အကြောင်းအမျိုးမျိုးနဲ့ သတ်ဖြတ်ခြင်း ခံခဲ့ကြရပါတယ်။ ဒီအချက်အလက်တွေက
အမေရိကန်ပြည်တွင်းမှာ ကျူးလွန်ခဲ့ကြတဲ့ ဂျီနိုဆိုက်
ကိစ္စတွေ ဖြစ်ပါတယ်။
အရပ်သားသေဆုံးမှုစစ်ပွဲတွေမှာ
ပါ၀င်ပတ်သက်ခဲ့မှုများ
နောက်ထပ် ၁၈၉၉ ခုနှစ်ကနေ
၁၉၀၂ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ အမေရိကန်စစ်တပ် ကျူးကျော်မှုကြောင့် ဖြစ်ခဲ့ရတဲ့ အမေရိကန်
- ဖိလစ်ပိုင် ပြည်တွင်းစစ်မှာလည်း ဖိလစ်ပိုင်အရပ်သား ၂၀၀၀၀၀ ခန့်ဟာ တိုက်ခိုက်မှုတွေကြောင့်၊
အငတ်ဘေး၊ ရောဂါဘေးတွေကြောင့် သေဆုံးခဲ့ကြရပါတယ်။ ကမ္ဘာ့သမိုင်းမှာ အမေရိကန်စစ်တပ်ကြောင့်
ကမ္ဘာ့ပြည်သူတွေ သေကျေခံစားခဲ့ကြရတာ မနည်းမနောရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးခါနီး
ဂျပန်မြို့ကြီး နှစ်ခုအပေါ် နှစ်ကြိမ် အမေရိကန်လေတပ်ရဲ့ အညှာအတာကင်းမဲ့ စွာနဲ့ အဏုမြူဗုံးကြဲချခဲ့မှုကြောင့်
အပြစ်မဲ့အရပ်သား ၂၁၄၀၀၀ ခန့်သေခဲ့ရတဲ့ အဖြစ်အပျက်ဟာလည်း အကျုံး၀င်ထင်ရှားခဲ့ပါတယ်။
၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်းမှာ တောင်နဲ့ မြောက်ကိုရီးယားအရပ်သားပေါင်း နှစ်သန်း
ငါးသိန်းခန့် သေဆုံးကြရမှုမှာ အမေရိကန်စနက် မကင်းခဲ့ပါဘူး။
တစ်ဖန် အရှေ့တောင်အာရှကို
နယ်ချဲ့ချင်လို့ ဗီယက်နမ်ပြည်တွင်းစစ်မှာ တိုက်ရိုက်ပါဝင် ပတ်သက်ခဲ့တဲ့ ဗီယက်နမ်- အမေရိကန်
စစ်ပွဲမှာလည်း တိုက်ခိုက်မှုတွေကြောင့် ဗီယက်နမ်အရပ်သား ပြည်သူနှစ်သန်းခန့်အထိ သေကျေခဲ့ကြရပါတယ်။
အမေရိကန် ဗုံးကြဲလေယာဉ်တွေကနေ လိမ္မော်ရောင် အေးဂျင့်လို့ အမည်ရတဲ့ အပင်ပိုးသတ်ဓာတုဆေးရည်
၁၆ ဒသမ ၂ ဂါလန်ကို ကြဲချတိုက်ခိုက်မှုကြောင့် ဗီယက်နမ်ကလေးသူငယ် ငါးသိန်းခန့် မျိုးဗီဇ
ချို့ယွင်းရောဂါတွေ ရရှိခဲ့ကြပြီး လူကြီးလေးသိန်းခန့် သေဆုံးခဲ့ကြရကြောင်း သိရှိရပါတယ်။
ကမ္ဘောဒီးယားနဲ့ လာအိုပြည်တွင်းစစ်များမှာ အမေရိကန် ပါဝင်ပတ်သက်မှုတွေနဲ့အတူ အစုလိုက်အပြုံလိုက်
သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား အရေအတွက်ပေါင်းဟာလည်း ၄ ဒသမ ၂ သန်းအထိ ရှိခဲ့တယ်လို့ မှတ်တမ်းများက
ဆိုပါတယ်။
အာရှဘက်အပြီး အရှေ့အလယ်ပိုင်းဘက်
လှည့်ကြည့်ပြန်လျှင်လည်း ထိုနည်းလည်းကောင်း ပါပဲ။ ၂၀၀၁ ခုနှစ် 9/11 အကြမ်းဖက်တိုက်ခိုက်မှုကစလို့
အာဖဂန်နစ္စတန်နဲ့ ၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန်ဝင်ရောက်ကျူးကျော်ပြီး ဖြစ်ခဲ့ရတဲ့
အီရတ်၊ အာဖဂန်နစ္စတန် စစ်ပွဲဇုန်များမှာ အရပ်သား
အမြောက်အမြား စစ်ရဲ့သားကောင်ဘဝက မလွတ် ခဲ့ကြပါဘူး။ မှတ်တမ်းအရ အီရတ် တစ်သန်းခန့်နဲ့
အာဖဂန် သုံးသိန်းခန့်အထိ သေကျေပျက်စီးခဲ့ကြ တယ်လို့ ဆိုပါတယ်။
အထက်ပါအချက်အလက်တွေဟာ သမိုင်းနှစ်ပေါင်းရာနဲ့
ချီပြီးမှလည်းကောင်း၊ မဝေးသေးတဲ့ အတိတ် ကာလများဆီမှလည်းကောင်း လက်လှမ်းမီသမျှ စုစည်းမိတဲ့အချက်အလက်များပဲ
ရှိပါသေး တယ်။ CIA ပါဝင်မှုနဲ့ သူတို့မကြိုက်တဲ့ အစိုးရတွေကို ဖြုတ်ချအာဏာသိမ်းပြီး
ပဋိပက္ခအတွင်းမှာ ထိခိုက်သေဆုံးကြရတဲ့ အရပ်သားစာရင်းတွေ မပါသေးပါဘူး။
အချုပ်အားဖြင့်တော့ မြန်မာနိုင်ငံအပေါ်
Genocide ဆိုတဲ့ စွပ်စွဲချက်ကြီးဟာ ယခင်ဓာတ်ပြား ဟောင်းကြီးတစ်ခု
သာသာပါပဲ။ ဆက်ပြီးတော့လည်း လုပ်ကြံဖန်တီး စော်ကားနေဦးမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက
ယခုလို အဖြစ်အပျက်တွေကနေ သင်ခန်းစာယူတတ်ဖို့နဲ့ တစိုက်မတ်မတ် ခေါင်းစဉ် တပ်စွပ်စွဲနေခြင်းရဲ့
နောက်ကွယ်က ရည်ရွယ်ချက်နဲ့ ပါဝင်ပတ်သက်နေတဲ့ ပယောဂတွေကို မြင်တတ်၊ ကြည့်တတ်ဖို့ပါပဲ။
Genocide ခေါင်းစဉ်အောက် ကနေ အခြေအနေအချိန်အခါကိုက် ကြားထဲက အမြတ်ထုတ်သွားမယ့် နိုင်ငံတွေ၊
လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးအမြတ်ထုတ်ကြမယ့် နိုင်ငံတချို့က နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ
ရှိနေနိုင်ပါလား ဆိုတာကိုလည်း ထည့်တွက်ရပါမယ်။ အဓိကက ညီညွတ်ဖို့လိုပါတယ်။ တိုင်းရင်းသားတွေ
နိုင်ငံသား တွေအားလုံး မစည်းလုံးရင်တော့ ကိုယ့်တိုင်းရင်းသား
တွေအရေး လျစ်လျူရှုခံရပြီး သူများအပြစ် ကိုယ့် အပြစ်ဖြစ်သွားပါလိမ့်မယ်။
အဆုံးမှာတော့ မိမိမှာ စဉ်းစားမိတာတစ်ခု
ပေါ်လာပါတယ်။ “ဒီလောက် ဂျီနိုဆိုက်နဲ့ စွပ်စွဲ ခံနေရတဲ့ နိုင်ငံတစ်နိုင်ငံထဲကို တစ်ဖက်နိုင်ငံက
ခိုး၀င်တွေ မိမိနိုင်ငံရဲ့ အပေါက်ပေါင်းစုံကနေ ဘာကြောင့်များ ဝင်လာမစဲ တသဲသဲ ဖြစ်နေရတယ်"
ဆိုတာကို စဉ်းစားရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ရပါတယ်။ ။

No comments