ဆိုမာလီယာနိုင်ငံ၌ ကားဗုံးနှစ်လုံး ပေါက်ကွဲ၊ လူ ၁၀၀ သေဆုံး
မိုဂါဒစ်ရှူး အောက်တိုဘာ ၃၁
ဆိုမာလီယာနိုင်ငံ၌ အောက်တိုဘာ ၂၉ ရက်ကပညာရေးဝန်ကြီးရုံး
အဆောက်အအုံကို ပစ်မှတ်ထားကာ ကားဗုံးနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ
ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးပြီး ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
အောက်တို ဘာ ၃၀ ရက်တွင် ဆိုမာလီယာသမ္မတ ဟာဆန်ရှိတ် မိုဟာမက် က ပြောသည်။
သေဆုံးသူအရေအတွက် ဆက်လက်တိုးလာနိုင်
အခင်းဖြစ်ပွားရာနေရာသို့ အောက်တိုဘာ
၃၀ ရက် အစောပိုင်းက သမ္မတ ဟာဆန်ရှိတ်မိုဟာမက် သွားရောက်ခဲ့ပြီးနောက် သေဆုံးသူအရေအတွက်
ဆက်လက်တိုးလာနိုင်ကြောင်း ပြောသည်။ ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသောယာဉ် တစ်စီးသည်
လူစည်ကားရာ လမ်းဆုံတွင်ရှိသော ပညာရေးဝန်ကြီးရုံး အဆောက်အအုံကို အရှိန်ပြင်းပြင်းဖြင့်
ဝင်ရောက်ပြီးနောက် သေနတ်သံ၊ ပေါက်ကွဲသံများ ထွက်ပေါ်လာကြောင်း၊ မကြာမီတွင် အဆိုပါနေရာ၌
အလားတူပေါက်ကွဲမှုမျိုး ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အရှိန်မြှင့်တုံ့ပြန်သွားမည်
ထိုဗုံးပေါက်ကွဲမှုဖြစ်ပွားရာအနီးတွင်
အစိုးရရုံးများ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များရှိသည်ဟုဆိုသည်။ ဆိုမာလီယာနိုင်ငံတွင်
တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် အကြမ်းဖက်သောင်းကျန်းသူများကို အရှိန်မြှင့်
တုံ့ပြန်သွားမည် ဖြစ်ကြောင်း သမ္မတ ဟာဆန်ရှိတ်မိုဟာမက် ကတိပြုခဲ့သည်။
လူပေါင်း ၅၈၇ ဦး သေဆုံးခဲ့
၂၀၁၇ ခုနှစ် အောက်တိုဘာလက ဖောက်ခွဲရေး
ပစ္စည်းများတင်ဆောင်လာသော ထရပ်ကားတစ်စီး ပေါက်ကွဲမှုကြောင့် လူပေါင်း ၅၈၇ ဦး သေဆုံးခဲ့သည့်
နေရာနှင့် ယခု ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာသည် တစ်နေရာတည်းဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ

No comments