ပြည်တွင်းစီးပွားရေးကို အားပေး နိုင်ငံ့စီးပွားရေးကို တွန်းတင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်
တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ်
ချမှတ်အကောင်အထည်ဖော်ပြီး အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ တိုင်းပြည် သာယာဝပြောရေးနှင့်
စားရေရိက္ခာဖူလုံရေးကို အကောင်အထည်ဖော်ရာတွင် စီးပွားရေးသည် အခြေခံကျသော အရေးကြီးသည့်အချက်ဖြစ်သည်။
စီးပွားရေးကောင်းမွန်ပါမှ အမျိုးသားရေးရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်၍
စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အလေးထားဖော်ဆောင်နေသည်ကိုတွေ့ရမည်။
တိုင်းပြည်သာယာဝပြောရေးနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အညမည ဖြစ်တည်နေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပါက တိုင်းပြည်သာယာဝပြောမည်။ တိုင်းပြည်သာယာဝပြောရန်အတွက်
တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ပြီး တည်ငြိမ်အေးချမ်းမှုရှိရန်အတွက် နိုင်ငံရေးတည်ငြိမ်မှု၊
စီးပွားရေးတည်ငြိမ်မှုသည် အဓိက ကျသည့် အချက်များဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်၏လိုအပ်ချက်အရ
နိုင်ငံ့တာဝန်ကို မလွှဲမရှောင်သာ ထမ်းဆောင်ခဲ့ရပြီး တာဝန်များထမ်းဆောင်ချိန်တွင် ကိုဗစ်-၁၉
ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးအရ ဆူပူဖျက်ဆီးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ စီးပွားရေးနှင့်ပတ်သက်လျှင် ကိုဗစ်-၁၉
ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံလည်း စီးပွားရေးထိခိုက်မှုရှိခဲ့ပြီး နိုင်ငံတော်၏ စီးပွားရေးလည်း ကျဆင်းခဲ့သည်။
အချက်အလက်များအရ နိုင်ငံ၏စီးပွားရေးကျဆင်းမှုသည်
၂၀၁၈-၂၀၁၉ ခုနှစ်မှ စတင်ကျဆင်းလာခဲ့ပြီး လေ့လာ တွေ့ရှိချက်များအရ စီးပွားရေးကျဆင်းရခြင်း
အကြောင်းရင်းသည် ပြည်တွင်းထုတ်ကုန်လုပ်ငန်းများကို အားပေးမှု မရှိသောကြောင့်ဖြစ်နေသည်ကို
တွေ့ရသည်။
ပြည်တွင်းထုတ်ကုန်များကို
အားပေးမြှင့်တင်ပေးခြင်းမရှိဘဲ ပြည်ပသွင်းကုန်များကို ပိုမိုတင်သွင်းခဲ့ခြင်းကြောင့်
ကုန်သွယ်ရေးလိုငွေ များပြလာခဲ့သည်။ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းနှင့် ဒုတိယသက်တမ်း
၁၀ နှစ်တာကာလတွင် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော်ခန့် ကုန်သွယ်မှုလိုငွေများ ပြခဲ့ကြောင်းသိရသည်။
အဆိုပါလိုငွေပြဿနာကို ပြည်တွင်းစီးပွားရေး တိုးတက်လာအောင်ဆောင်ရွက်၍ ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ ပြည်ပချေးငွေများ၊ ထောက်ပံ့ ငွေများ၊ အခြားရငွေများဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်ပြီး ကုန်သွယ်မှု
လိုငွေများ လျော့နည်းအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေးမှာ တိုးတက်ကောင်းမွန်လာမည်
ဖြစ်သည်။
နိုင်ငံတော်၏စီးပွားရေး
ပြန်လည်ဦးမော့လာအောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပြည်ပ ကြွေးမြီများနည်းပါးသွားအောင် ဆောင်ရွက်လျက်ရှိပြီး မဖြစ်မနေ
အရေးကြီး ကုန်ပစ္စည်းများမှလွဲ၍ ပြည်ပသွင်းကုန်များကို လျှော့ချခဲ့သည်။ ပြည်တွင်းထုတ်ကုန်များကို
အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီး
အလုပ်အကိုင် အခွင့်အလမ်းများပါ ပွင့်လန်းလာသည်။ နိုင်ငံ၏စီးပွားရေးကျဆင်းရခြင်းတွင်
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းနှင့်လည်း သက်ဆိုင်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ
တာဝန်ယူသောကာလတွင် ရောဂါဖြစ်ပွားမှုကို အဘက်ဘက်က ချိန်ဆထိန်းညှိဆောင်ရွက်ပြီး ပြည်သူလူထုကြားတွင် ဖြေလျှော့မှုများ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့သောကြောင့် စီးပွားရေးလုပ်ငန်းများ
အမြန်ဆုံးပြန်လည်လည်ပတ်လာသည်။
မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးနှင့်
လူဦးရေအများဆုံးသည် ကျေးလက်ဒေသများဖြစ်ပြီး ကျေးလက်ဒေသများ၏ အခြေခံ စီးပွားရေးလုပ်ငန်းသည်
စိုက်ပျိုးမွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော လုပ်ငန်းများဖြစ်သည်။
သို့ဖြစ်ပါ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေး
လုပ်ငန်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးကို အလေးထား အားပေး မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဆောင်ရွက်ရန်အတွက် သွင်းအားစုများ ဖြစ်သည့် ကုန်ကြမ်း၊ ရေ၊
လျှပ်စစ်ဓာတ်အား၊ စက်မောင်းဆီ၊ ပိုးသတ်ဆေးများနှင့် ဓာတ်မြေဩဇာများသည် အဓိက လိုအပ်ချက်များဖြစ်သည်။
အဆိုပါသွင်းအားစုများ လွယ်ကူအဆင်ပြေပါက စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေး
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်မှာသေချာသည်။
နိုင်ငံတော်အနေဖြင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်ရေးအတွက်
ဆောင်ရွက်ပေးနေပြီး ပြည်တွင်း၌ ဓာတ်မြေဩဇာများ လုံလောက်အောင် ထွက်ရှိရေး၊ စိုက်ပျိုးသူတောင်သူများအနေဖြင့်
သဘာဝမြေဩဇာများကို သုံးစွဲကြရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ရေအားနှင့်နေရောင်ခြည်စွမ်းအင်
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကို အကောင်အထည်ဖော်ပေးနေပြီဖြစ်၍ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်
ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်ပြီး နိုင်ငံ့စီးပွားရေးမြင့်မားအောင် တွန်းတင်ရမည်ဖြစ်ပါကြောင်း။
ကြေးမုံ

No comments