မိုးမြင့်တောင်ပံ . . . တိမ်ယံထိုးဖွင့် . . . တံခွန်လွှင့်ပြီ
မောင်လတ်(ကမ်းရိုးတန်း)
လေသူရဲဟု...
ညွှန်းပြု...ဂုဏ်ဒြပ်
မှတ်ကျောက်တင်ရာ...
ကောင်းကင်ပြာ...တဲ့...
မှန်ပါသည်။ လေသူရဲကောင်းဟူသည် စစ်ရပ်နယ်ခွင်
မိုးယံပြင်၌သာမှတ်ကျောက်တင်ခံရမြဲဖြစ်၏။ လူသည် မြေမှာမွေးဖွား၊ မြေ၌ ကျင်လည် မြေဝယ်ရုန်းကန်လှုပ်ရှားရသည်မှာ
အစဉ်အလာဓမ္မတာပင် ဟု ဆိုရပါမည်။ သို့ရာတွင် သိပ္ပံနှင့်နည်းပညာနယ်ပယ် ဆန့်ထွက် ဖြန့်ကြက်မှု
ကျယ်ပြောလာစေသမျှ သဘာဝကို ပြောင်းလဲစေတန်ရာသော အကြောင်းခြင်းရာများ စူးစမ်းရှာဖွေ တွေ့ရှိလာခဲ့ကြပေသည်။
ထိုအခါ လေကြောင်းပညာရပ်၏ ကြီးမြင့်သောဂုဏ်ဒြပ်နှင့် ထိရောက်သော အရေးပါမှုများသည် စွမ်းအားကြီးတစ်ခုသဖွယ်
ဖြစ်လာပြီး သိသိသာသာထင်ရှားလာခဲ့ပါသည်။
မြေမှလူသားသည် ကောင်းကင်ဖျားဝယ် စွန့်လွှတ်စွန့်စား
လုပ်နိုင်စွမ်းဖြင့် သဘာဝတရားကို အောင်လံထူ အနိုင်ယူရလိမ့်မည်။ ယင်းကိစ္စမှာ လူတိုင်းလုပ်နိုင်ရန်
ခက်ခဲပါ၏။ လုပ်နိုင်ခဲသည့်ကိစ္စရပ်ကို လုပ်နိုင်စွမ်းရှိရန် အခြေခံတွန်းအားပေးသည်မှာ လေကြောင်းပညာ လေကြောင်းစွမ်းရည်ပင်။ စင်စစ်လေကြောင်း
ပညာရပ်သည် လေသူရဲများ မွေးဖွားပေးလိုက်ခြင်းဖြင့် လေကြောင်းစွမ်းရည်မြင့်မားလာကာ စစ်တံခွန်နယ်
ဖွင့်သထက်ဖွင့်၊ မြင့်သထက်မြင့်လာခဲ့သည်မှာ ခိုင်လုံသောအကြောင်းတစ်ရပ်ဟု ဆိုနိုင်လောက်ပါ၏။
ဆိုနိုင်ပါ၏။
စိန်ရတုကာလရောက်ရှိပေတော့မည်
၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ပေါက်ဖွားလာသည့်
တပ်မတော်(လေ)သည် ယနေ့ဆိုလျှင် စစ်၏ အားမောင်းပြည့်ခဲ့လေပြီ။ အချိန်ကာလ ထုဆစ်ကြည့်သော်
လာမည့်ဒီဇင်ဘာ ၁၅ ရက်ဆိုလျှင် (၇၅) နှစ်ပြည့် စိန်ရတုကာလ ရောက်ရှိပေတော့မည်။ စစ်လက်ရုံးပီပီ
တိုင်းပြည်အတွက် ထမ်းရွက်ခဲ့ရသည့် စစ်တာဝန်များကား မသေးလှ၊ လေးပင်လွန်းလှပေသည်။ သို့သော်
ရွံ့ကြောက်မဲ့တွန်နိုင်ငံ့ဝန်ကို ဦးလည်မသုန်ထမ်းရွက်ကျေပွန်ခဲ့သည်။ တပ်မတော် (လေ)၏
အဓိက တာဝန်မှာ “ပျံသန်းရေး” ဖြစ်၏။ အဆိုပါ ပျံသန်းရေးခေါင်းစဉ်အောက်တွင် စက်မှုပိုင်းဆိုင်ရာတည်ဆောက်၊
ဖန်တီး၊ တီထွင်၊ ဆန်းသစ်၊ ပြင်ဆင်ဟူသည့် နည်းပညာရပ်များနယ်ပယ်နှင့် လေသူရဲတို့၏ မောင်းနှင်မှု
အတတ်ပညာပိုင်းများလည်း ဆက်စပ်ပါဝင်နေပါ၏။ ယုတ်စွအဆုံးတပ်မတော်(လေ)၊ လေကြောင်းပညာ၊ စက်မှုပညာ
နည်းနိဿယ၊ ပျံသန်းရေးအတတ် စသည်တို့မှာ အဆင့်ဆင့်သော “ဆက်ကြောင်းဆက်ထုံး” များပင်တည်း။
မြန်မာနိုင်ငံသို့ လေယာဉ်မောင်းနှင်ခြင်း
အတတ်ပညာ စတင်ရောက်ရှိလာသည်မှာ ၁၉၃၄ ခုနှစ် နယ်ချဲ့လက်အောက်ခံဘဝဖြစ်၏။ ထိုနှစ် ဧပြီလတွင်
“ရန်ကုန်လေယာဉ်မောင်းကလပ်” ကိုဖွင့်လှစ် တည်ထောင်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ် စက်တင်ဘာ ၁၉
ရက်တွင် ဗမာ့အပျော်တမ်းလေတပ်ကို ဖွဲ့စည်းခဲ့ရာ သင်တန်းသား ၁၂ ဦးကို သင်တန်းပေးခဲ့ပြီး
ယင်းမှအောင်မြင်သူ ကိုးဦးကို အိန္ဒိယနှင့် နယူးဇီလန်သို့ စေလွှတ်ကာ တန်းမြင့်လေယာဉ်မောင်းသင်တန်း
တက်စေခဲ့ကြောင်း သိရှိရသည်။ ၁၉၄၄ ခုနှစ် ဂျပန်ခေတ်တွင် ဗမာ့ကာကွယ်ရေး တပ်မတော်
(BDA) မှ လေကြောင်းပညာသင် ၁၀ ဦး ဂျပန်ပြည်သို့ စေလွှတ်၍ လေကြောင်းပညာရပ်များကို သင်ကြားစေခဲ့ကြောင်းလည်း
သိရှိခဲ့ရသည်။ ယင်းဗမာ့အပျော်တမ်း လေတပ်မှသည် မြန်မာ့လေတပ်မတော်ဖြစ်လာပြီး ထိုမှဆက်၍ဆက်ကာ
တပ်မတော် (လေ) ဖွဲ့စည်း ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ သမိုင်းပုံရိပ်စစ်ပုံရိပ်အဖြစ်
မှတ်တမ်းရှိနှင့်ခဲ့ပါ၏။ ဤတပ်မတော် (လေ) သမိုင်းထဲမှ ထပ်မံဆွဲထုတ်ရမည့် သမိုင်းတစ်ကွေ့
အရွေ့တစ်ခုမှာ လေယာဉ်မောင်းသင်ကျောင်း ပင်တည်း။
လွတ်လပ်ရေးမရမီက မြန်မာနိုင်ငံတွင်
လေယာဉ်မောင်းသင်တန်းကျောင်းဟူ၍ ဖွဲ့စည်းထားခြင်းမရှိခဲ့ပါ။ တပ်မတော်(လေ) ဖွဲ့စည်း ပေါ်ထွက်ခဲ့ပြီး
နှစ်နှစ်နှင့်ခြောက်လအကြာ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၁၆ ရက်တွင်မှ မင်္ဂလာဒုံလေတပ်စခန်းဖွဲ့စည်းခြင်းနှင့်အတူ
လေယာဉ် မောင်းသင်တန်းကျောင်း ပါဝင်ဖွဲ့စည်းလာခဲ့ခြင်း ဖြစ်ပေသည်။ ထိုစဉ် က အမောင်းသင်လေယာဉ်များမှာ
တိုက်ဂါးမော့သ်လေယာဉ်များ ဖြစ်ပြီး တပ်မှူးမှာ ဗိုလ်ကြီးသောင်းဒန်ဖြစ်သည်။ မြန်မာနိုင်ငံတွင်
ပထမဆုံးသော လေယာဉ်မောင်းသင်တန်းကျောင်းအဖြစ် မင်္ဂလာဒုံ၌ အမြုတေဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်၏။
ထိုမှတစ်ဆင့် မှော်ဘီလေတပ်၊ မိတ္ထီလာလေ့ကျင့်ရေးလေတပ်၊ မိတ္ထီလာလေကြောင်း အတတ်သင် လေတပ်
စသည်ဖြင့် အဆင့်ဆင့်ပြောင်းရွှေ့ဆောင်ရွက်ဖွင့်လှစ်ခဲ့ သည်မှာ ယနေ့တိုင်ပင်။ ယခုအချိန်တွင်တော့
မိတ္ထီလာလေကြောင်း အတတ်သင်လေတပ်စခန်းမှာ ဌာနချုပ်အဆင့်တိုင် ဖွဲ့စည်းပုံမြင့်မား လာသကဲ့သို့
လေယာဉ်မောင်းသင်ကျောင်း၏ ဖွဲ့စည်းပုံမှာလည်း မြင့်မားလာခဲ့လေပြီ။ ဆွဲဆန့်ကြည့် တည်ရာရပ်ဝန်း
အညာမြို့ပင်။
စက်မှုနည်းပညာရပ်များ ဖွံ့ဖြိုးလွှမ်းခြုံနေသည့်ဒေသ
မိတ္ထီလာမြို့ကလေးသည် မြန်မာပြည်အလယ်ပိုင်းတွင်ရှိကြောင်း
သိသူများပါလိမ့်မည်။ ကျွန်တော်ကမူ အကြောင်းအမျိုးမျိုးနှင့် ဤမြို့ကလေးကို ဖြတ်သွားဖြတ်လာ
အကြိမ်ကြိမ်ရှိနှင့်၍ ကျေးလက်ဆန်သော မြို့ကလေးအဖြစ် နှစ်အတော်ကြာကပင် သိနှင့်နေခဲ့ပြီးဖြစ်၏။
တပ်စခန်းများဝန်းရံနေသဖြင့် လုံခြုံမှုအရ နွေးထွေးသော အနေအထားရှိလိမ့်မည်။ ခရီးလမ်းပန်းအရလည်း
အထက်အောက်ကုန်စည်စီးဆင်း ဆုံစည်းရာဒေသဖြစ်၍ စည်ကားဖွံ့ဖြိုးမှု ပြည့်စုံပါလိမ့်မည်။
ကျေးလက်အသိုင်းအဝိုင်း၏ အပြိုင်းအရိုင်း သိုင်းဖွဲ့မှုအစု အစည်းကလည်း အားကောင်းနေပြန်သည်။
ထိုမျှဤမျှ ဝိသေသနောက်ခံများသည် ထူးခြားမှုများလား စဉ်းစားစရာပင်။ တကယ်တော့ တမာ၊ ကုက္ကိုစိမ်းမြညိုသည့်
အညာရပ်ဝန်းလေး တစ်ခုအနေဖြင့် စိတ်ခံစားမှု သက်သက်သာဖြစ်၏။ ထူးခြားမှု ထိုသို့မဟုတ်နိုင်ပါ။
ဤမြို့ကလေးကိုရောက်တိုင်း မိုးပြင်နှင့် မြေလွှာအတက်အဆင်း ပြုလုပ်နေကြသည့် လေယာဉ်၊
ရဟတ်ယာဉ်များမြင်ကွင်း ပြီးတော့ ဆူညံနေသည့် ဂျက်အင်ဂျင်လေယာဉ်စက်သံများ စသည်တို့၏ ဆွဲဆောင်မှုကလည်း
အားကောင်းနေပြန်သည်။ သည်တော့မှ ဤဝန်းကျင် ဤဒေသသည် စက်မှုနည်းပညာရပ်များ ဖွံ့ဖြိုးလွှမ်းခြုံနေသည့်
ဒေသတစ်ခုပါလားဟူသော အသိဝင်လာစေပြန်သည်။ စူးစမ်းမှု ပြုလာစေပြန်သည်။ စိတ်အထာကို လိပ်ပြာသန့်၍
တစ်ဆင့်တက်ကြည့် သောအခါ မိတ္ထီလာမြို့ကလေးသည် လေကြောင်းလွင်ပြင်ကြီး တစ်ခုနှယ် မြင်လာသည်။
ကြည့်လေ။ဤဒေသတွင် လေတပ်စခန်းကြီးများ အခြေစိုက်၏။ လေကြောင်းဆိုင်ရာ ခေတ်သိပ္ပံနှင့်
နည်းပညာရပ်များ အားပြိုင်ရာ ဆုံစည်းရာ ပွတ်တိုက်ရာရပ်ဝန်းကြီးတစ်ခုအဖြစ် ပညာခေတ်၏ စီးမျောမှုအဟုန်နှင့်
ကြီးမားသော ဥပဓိကို ဖြစ်စေကြောင်း မြင်လာ၏။ ထို့ပြင် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၏
အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်း ၇၂ နှစ်ကျော် သက်တမ်းရှိ လေယာဉ် မောင်းသင်ကျောင်း
တည်ရှိနေခြင်းဖြစ်သည်။ ယင်းသည် တန်ဖိုးထုထည်ကြီးလှသည့် သမိုင်းရင်းမြစ် အမွေအနှစ်ကို
သံမဏိရှည်ကြာ ထွေးပိုက်ထိန်းသိမ်းထားခြင်းဖြင့် ဂုဏ်ယူစရာဖြစ်ရပြန်သည်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက် လေကြောင်းအတတ်သင်
လေတပ်စခန်းဌာနချုပ်အတွင်းသို့ ခရီးသွားဧည့်သည်အဖြစ် ရောက်ရှိခဲ့ပြန်ပါသည်။ တိုက်တိုက်ဆိုင်ဆိုင်
အမှတ်စဉ် (၈၄) လေယာဉ်မောင်း သင်တန်း၏ တောင်ပံအပ်နှင်းပွဲနှင့် ကြုံကြိုက်နေပါ၏။
နေရောင်ခြည်အလင်းတန်းက ရွှေရောင်ပြိုးပြိုးပြက်ပြက်
ယှက်သန်းစ၊ လှပသောနံနက်ခင်း၊ ဖူးသစ်စ အရုဏ်ဦးပင်၊ သဘာဝတရား၏ စေစားမှုအပြင် ကျောင်းဆင်းပွဲ
မွမ်းမံပြုပြင်ထားရှိမှုများ။ လေတပ်စခန်းဌာနချုပ်တည်ရာ ရပ်ဝန်းသည် ကျယ်ပြောလှပါ၏။ သစ်ပင်ကြီးငယ်များ
အုံ့ဆိုင်းလျက် စိမ်းစိမ်းလန်းလန်း တပ်တွင်း လမ်းဘေးဝဲယာတစ်လျှောက် ကြီးမားသည့် တမာ၊
ကုက္ကို၊ ပိတောက်၊ မဲဇလီပင်တို့ကြောင့် ရင်ကိုအေးမြစေသည်။ အနောက်ဘက်ကျကျတွင် တစ်မျှော်တစ်ခေါ်
ရှည်လျားနက်မှောင်သည့် လေယာဉ်ပြေးလမ်း ပြီးတော့ စစ်ရေးပြကွင်းနေရာ၊ တောင်ပံအပ်နှင်းပွဲ
ကျင်းပမည့်နေရာပြင်ဆင်ထားမှု၊ ဌာနချုပ်/ စခန်း/ အုပ်တပ်များ၏ အလံများက တလူလူလွင့်လျက်
လူပျံတော်ရုပ်တုနှင့် သိန်းငှက်နဖူးစည်းပါမုခ်ဦးတို့ကလည်း သူ့နေရာနှင့်သူ အလွန်ကျက်သရေရှိလှပါ၏။
မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါ၏။
လေကြောင်းစစ်ဆင်ရေးသင်တန်းကျောင်းကြီး၏ ခံ့ထည်မှု
သည်မှာဘက်ကိုကြည့်မိပြန်တော့ သင်တန်းသားလေသူရဲလောင်း
အမျိုးသား၊ အမျိုးသမီးများနေထိုင်ရာ သီးခြားအဆောင်များ၊ သင်ခန်းစာပို့ချမည့် စာပေဌာနကလည်း
တသီးတသန့်၊ လေယာဉ် မောင်း သင်တန်းသားများ လေ့ကျင့်ရာကျောင်းကလည်း သတ်မှတ် ထားရှိပြီး
စနစ်တကျ၊ ထူးခြားသည်မှာ အဖြူရောင် ထီးထီးမားမားရပ် နေပြီး လေကြောင်းစစ်ဆင်ရေးသင်တန်းကျောင်းကြီး၏
ခံ့ထည်မှုပင်ဖြစ်သည်။
အဆောက်အအုံ၏ ကြံ့ခိုင်မှုနှင့် ဗိသုကာပညာလက်ရာ၏
ဆွဲဆောင်မှုကြောင့် ကျွန်တော်တဒင်္ဂ ငေးမောမိသည်။ အတွေးသည် ရင်ထဲတွင်တလှပ်လှပ်၊ ဤရပ်မြေ
ဤကျောင်းမဟာသည် စွန့်လွှတ်စွန့်စား လေသူရဲဇာနည်အပေါင်းကို မွေးထုတ်ပေးရာ အောင်မြေအရပ်
ပါလားဟူသောအသိဖြင့် အံ့သြလေးစားစိတ် ဖြစ်မိသည်။ တစ်ဆက်တည်း အတွေးဝင်လာသည်မှာ ယခင့်ယခင်ကာလများစွာက
အရပ် ဘက်လေယာဉ်မှူးများကိုပင် မွေးထုတ်ပေးခဲ့သည့် အစဉ်အလာရှိခဲ့ကြောင်း အသိကြောင့်
သမိုင်း၏ အရှိတန်ဖိုးအဖြစ် လေးလေးနက်နက် ဂုဏ်ယူမိပါသည်။
လေယာဉ်မောင်းသင်တန်းကျောင်း၏ ဆောင်ပုဒ်မှာ
အာကာသ၊ ဝိဇ္ဇာ၊ သိဒ္ဓိတဲ့။ မိုးယံပြင်ကို အတတ်ပညာဖြင့် လွှမ်းမိုးပြီးမြောက် အောင်နိုင်ခြင်းဟု
ဆိုလိုဟန်တူပါသည်။ စင်စစ်လေသူရဲတစ်ဦး ဖြစ်လာရန်မှာ မလွယ်ကူလှပါ။ သာမန်သတ္တိနှင့် ဇွဲရှိခြင်းသက်သက်မျှဖြင့်
မလုံလောက်ပေ။ အသိနှင့်သတိ မြဲမြံခြင်းအပြင် ဘာသာဗေဒကျွမ်းကျင် ရန်လည်း လိုအပ်သည်။ တစ်ဖက်မှာကြည့်လျှင်
သင်ကြားသူနှင့် နာယူသူအပိုင်းဖြစ်၏။ သာမန်ဆရာ တပည့်ပုံစံထက် ထဲထဲဝင်ဝင် ရှိရပါမည်။
အသက်နှင့် ထပ်တူပြုကာ သင်ကြားရသည့် သင်တန်းဖြစ်၍ ရင်းနှီးမှုနှင့်စေတနာအပြင် ယုံကြည်မှုကို
တည်ဆောက်ရသည်။ သို့မှသာ သင်တန်းဆရာနှင့်သင်တန်းသား တပည့်ကြားတွင် သွေးသား ချင်းတူမျှ
စီးမျောကာ နွေးထွေးမှုဖြစ်လာမည်။ ထိုအခါ တပည့်ဖြစ်သူ၏ နှလုံးသားထဲမှ စိမ့်ထွက်လာသည့်
ဂါရဝသံစဉ်လေးတစ်ခုမှာ “ဆရာ” ဟူသော အသုံးအနှုန်းလေးဖြစ်တည်လာပါ၏။ ချိုမြိန်သော ပီတိ
သုခ နှင့် ထုံမွမ်းနေပါ၏။ တစ်ဘဝစာပင်။ တပ်မတော်(လေ)တွင်သာ ရှိပါသည်။
စကြဝဠာတိုင် ထိုးဖောက်ဝင်ရောက်
လေသူရဲများ၏ လုပ်ငန်းမှာ ပျံသန်းရေးဖြစ်ပြီး
တာဝန်မှာ စစ်ဆင်ရေးဖြစ်၏။ စွန့်လွှတ်စွန့်စားရသောဖြစ်စဉ်မှာ ကိုယ်နှင့်မကွာ အမြဲရှိနေသည်ဖြစ်ရာ
မည်မျှခက်ခဲလိမ့်မည်ကို ကိုယ်ချင်းစာမိပါသည်။ ဤမျှ ခက်ခဲသောတာဝန်ကို ထမ်းဆောင်နေသည်မှာ
သာမန်ကိုယ်ကျိုးစွန့်ရာ စိတ်လေးမျှကြောင့် မဟုတ်ပေ။ နှလုံးသားထဲတွင် ကိန်းဝပ်စွဲနစ်နေသည့်
“မျိုးချစ်စိတ်ဓာတ်” ကြောင့်ဖြစ်ကြောင်း လေသူရဲတိုင်း သိနားလည် ပါလိမ့်မည်။ လူ့သမိုင်းတွင်
ပြောင်းလဲနေသောခေတ် စနစ်နှင့်လျော်ညီစွာ စစ်ပွဲများ၏ ပုံသဏ္ဌာန်မှာလည်း ပြောင်းလဲလာခဲ့လေပြီ။
စစ်ပွဲတစ်ပွဲ၏ ရေချိန်နှင့်ထိန်းချုပ်နိုင်စွမ်း အတက်အကျကို လေကြောင်း စွမ်းအားကသာ
ဖန်တီးနိုင်စွမ်းရှိကြောင်း နိုင်ငံတကာ စစ်နယ်ပယ်အသီးသီးက လက်ခံလာကြပြီဖြစ်၏။ တစ်ခုတော့ရှိပါသည်။
စစ်တို့မည်သည် အလျင်အမြန် တုံ့ပြန်နိုင်စွမ်းရှိခြင်းကသာလျှင် ယင်းစစ်ပွဲအပေါ် အသာစီးရယူနိုင်သည့်
ပဏာမခြေလှမ်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ မြေပြင်၊ ရေပြင်၊ ဝေဟင်ကိုဆန့်၊ ကွန်ရက်ဖြန့်နိုင်သည့်
ကြီးမားသောစွမ်းရည်ကို ကိုင်တွယ်မောင်းနှင်နိုင်စွမ်းသည် လေကြောင်း ပညာရပ်တွင်သာ တည်ရှိသည်ကတော့
အမှန်ပင်ဖြစ်၏။ လေကြောင်းသိပ္ပံပညာရပ်သည် အာကာသတစ်ခွင် သာမက စကြဝဠာတိုင် ထိုးဖောက်ဝင်ရောက်နေသည့်ခေတ်သို့
ရောက်နေပြီဟု ပြောရပေလိမ့်မည်။
နိုင်ငံတကာစာမျက်နှာဝယ် ကမ္ဘာသည် ရွာကြီးတစ်ရွာအဖြစ်
သုံးသပ်လက်ခံလာကြသည်။ ထို့အတူ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် လည်း လေကြောင်းစွမ်းအား
မြင့်မားလာရေးကို အလေးထားလာနေကြ ပြီဖြစ်၏။ တပ်မတော်(လေ) အနေဖြင့်လည်း လေကြောင်းစွမ်းအား
အခြေခံသည့် လေယာဉ်မောင်းသင်ကျောင်းမှ လူချွန်လူမွန် လေသူရဲ ကောင်းများ နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသည်။
တပ်အင်အားဖြည့် ခြင်းဖြင့် နိုင်ငံအင်အားပြည့်စေလိုခြင်းသဘောအပြင် ခေတ်မီတပ်မတော်တစ်ရပ်
တည်ဆောက်မှုအတွက်ပါ စံချိန်စံညွှန်းကောင်းသည့် အားမောင်းများဖြစ်လာပေလိမ့်မည်။ လေ့ကျင့်ရေးပိုင်းမှာကြည့်လျှင်
လေကြောင်းစွမ်းအား မြင့်မားရေးအတွက် သင်တန်းများ အဆင့်ဆင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရသည်။
အခြေခံ လေယာဉ်မောင်း သင်တန်း၊ အကြိုတန်းမြင့် လေယာဉ်မောင်းသင်တန်း၊ တန်းမြင့် လေယာဉ်မောင်း
သင်တန်းစသည်ဖြင့် စနစ်တကျလေ့လာ၊ လေ့ကျင့်၊ ဆည်းပူးသင်ကြားစေခဲ့သည်။ တိုက်ခိုက်ရေး၊
သယ်ယူပို့ဆောင်ရေး၊ ရဟတ်ယာဉ်အစရှိသည့် လေယာဉ်အမျိုးအစားအလိုက် ဆင့်ကာဆင့်ကာ ကြိုးစားဆောင်ရွက်ရခြင်းဖြင့်
လူအင်အား၊ စိတ်အင်အား ရင်းနှီးမှုကဖြင့် မသေးလှပါ။
လေသူရဲများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍
ယနေ့ခေတ်တွင် ထူးခြားမှုများ ရှိလာနေပါသည်။ လေသူရဲအဖြစ် အမျိုးသားများသာ စွန့်လွှတ်စွန့်စား
တာဝန်ထမ်းဆောင်နေခြင်းမဟုတ်တော့၊ အမျိုးသမီးများ ပါဝင်လာနေပြီဖြစ်၏။ မြန်မာ့တပ်မတော်တွင်
အမျိုးသမီး စစ်မှုထမ်းများအဖြစ် လမ်းဖွင့် ဆောင်ရွက်ပေးခဲ့သည်မှာ ကာလအတန်ကြာခဲ့လေပြီ။
တပ်မတော် (လေ) တွင် ၂၀၁၈ ခုနှစ်မှ စတင်ကာ အမျိုးသမီးလေသူရဲများ မွေးထုတ်လာခဲ့သည်။ ၂၀၁၈
ခုနှစ် အမှတ်စဉ် (၈၀) တွင် အမျိုးသမီး သီးသန့်သင်တန်းဖြင့် လေသူရဲအမျိုးသမီး ခြောက်ဦးပေါ်ထွက်ခဲ့ပြီးဖြစ်၏။
၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ ခုနှစ်တို့တွင် ဆက်တိုက်ဆိုသလို အမှတ်စဉ်အနေဖြင့် (၈၁)၊ (၈၂)၊ (၈၃)
စသည်ဖြင့် အမျိုးသား၊ အမျိုးသမီး ပူးတွဲသင်တန်းများဖွင့်၍ ဆောင်ရွက်လာခဲ့ သည်။ အမှတ်စဉ်
(၈၁)တွင် အမျိုးသမီး ငါးဦး၊ (၈၂) တွင် ငါးဦး၊ (၈၃) တွင် လေးဦး ရှိခဲ့ပြီဖြစ်၏။ ယခု
၂၀၂၂ ခုနှစ် အမှတ်စဉ် (၈၄) တွင် အမျိုးသမီး လေသူရဲသုံးဦး ပါဝင်နေပြီး မကြာမီ ကျောင်းဆင်းတောင်ပံ
အပ်နှင်းခြင်းခံရပေတော့မည်။
ယခင်က တပ်မတော် (လေ) တွင် အမျိုးသမီးစစ်မှုထမ်းအဖြစ်
အရာရှိ/ အခြားအဆင့်စသည်ဖြင့် တာဝန်ထမ်းဆောင်ခြင်းများ ရှိခဲ့သော်လည်း အုပ်ချုပ်ရေးပိုင်းတွင်သာရှိခဲ့ပါ၏။
အုပ်ချုပ်ရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသူ အရာရှိအမျိုးသမီးများမှာ အုပ်ချုပ်ရေးပညာကို
အင်္ဂလန်တွင် တက်ရောက်ခဲ့ကြသည်။ အသုတ် သုံးသုတ်ခွဲကာ တပ်မတော်(လေ)တွင် ဝင်ရောက်အမှုထမ်းဆောင်ခဲ့ကြောင်း
သိရှိရသည်။ ထိုအရာရှိများထဲမှလေ ၁၁၅၇ ဗိုလ်ကြီးဒေါ်လှသန်းသည် ထိုစဉ်က မှော်ဘီလေတပ်စခန်း
(Glider Flying Club) တွင် စက်မဲ့ လေယာဉ် (Glider) ကို မောင်းနှင်ခဲ့ဖူးကြောင်း လေ့လာသိရှိရသည်။
ကောင်းမြတ်သောအစဉ်အလာ
တပ်မတော်(လေ)တွင် အမျိုးသမီးလေသူရဲများအနေဖြင့်
သယ်ယူပို့ဆောင်ရေးလေယာဉ်နှင့် ရဟတ်ယာဉ်များတွင် တာဝန်ထမ်းဆောင်ခွင့် ရနေပြီဖြစ်သည်။
အချို့မှာ တိုက်ခိုက်ရေး လေယာဉ်အုပ်များတွင်ပါ တာဝန်ထမ်းဆောင်လာနေပြီ ဆိုသောအခါ အလွန်ဂုဏ်ယူစရာအဖြစ်
သိမြင်လာပါသည်။ ဤသည်မှာ ကောင်းမြတ်သောအစဉ်အလာပင်တည်း။ အမျိုးသမီးတို့ စွမ်းရည်ကို အသိအမှတ်ပြုကာ
အနာဂတ်အတွက် တွန်းဖွင့်ပေးလိုက်သည့် တံခါးတစ်ချပ်ပင် မဟုတ်ပါလား။ ကမ္ဘာ့လေကြောင်းသမိုင်းတွင်
၁၉၁၀ ပြည့်နှစ် ကမ္ဘာ့ပထမဆုံး အမျိုးသမီးလိုင်စင်ရ လေသူရဲ ပြင်သစ်လူမျိုး ဘရော်နီဒီလာရိုချီမှ
စတင်ကာ စစ်ဘက်/ အရပ်ဘက် လေကြောင်းလောကတွင် အမျိုးသမီးများ ပါဝင်လာကြောင်း သိရှိခဲ့သည်။
၁၉၆၀ ပြည့်လွန်နှစ်များတွင် ရုရှားလူမျိုး အမျိုးသမီး ဗလာဒီနာတီရှယ်ကိုဖာသည် ပထမဆုံးအမျိုးသမီး
အာကာသယာဉ်မှူးအဖြစ် စတင်ထမ်းဆောင်ခဲ့ပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ ထိုစဉ်ကပင်
အာကာသတိုင် ထိုးဖောက်ခြင်းများ ရှိလာခဲ့ပြီးဖြစ်သည်။
ကမ္ဘာ့လေကြောင်းထိပ်သီး ဥရောပနိုင်ငံများတွင်
အရပ်ဘက်/ စစ်ဘက် ပျံသန်းမှုနယ်ပယ်အသီးသီး၌ အမျိုးသမီးများ ပါဝင်လာမှု များပြားလာနေပြီဖြစ်ကြောင်း
သိရှိရသည်။ အသံထက်မြန်သော တိုက်လေယာဉ်မှူးများပင် ရှိလာနေပြီဖြစ်၏။ စင်စစ်လေကြောင်း
စွမ်းအားဟူသည် ခေတ်သိပ္ပံကိုအခြေခံကာ အာကာသရပ်ဝန်းတိုင် ထိုးထွက်ဆန်တက်ချုပ်ကိုင်နိုင်သည်ဖြစ်ရာ
စွမ်းရည်အနေဖြင့် ကြီးကျယ်လွန်းလှပေသည်။ တပ်မတော်(လေ)တွင် အမျိုးသမီးလေသူရဲများ လေ့ကျင့်ပျိုးထောင်
မွေးထုတ်ပေးခြင်းဖြင့် မြန်မာ့လေကြောင်း တစ်ခေတ်ဆန်းသစ်လာပြီဟု ဆိုနိုင်လောက်ပါ၏။ တစ်နည်း
ပြောရလျှင် အမျိုးသား၊ အမျိုးသမီးလုပ်ငန်းနှင့် တာဝန်ထမ်းဆောင်နိုင်သည့် စွမ်းရည်တို့ကို
အတွင်းကျကျ ရှုမြင်သုံးသပ်ဖွင့်ပေးလိုက်ခြင်းဟုဆိုချင်ပါသည်။ လေကြောင်းပညာရပ်သည် နည်းပညာဖွံ့ဖြိုးတိုးတက်မှု
မြင့်တက်လာနေသည်နှင့်အမျှ အသစ်အသစ်သော တီထွင်ကြံဆမှုတို့အတွက် လေယာဉ်၊ ရဟတ်ယာဉ်ဆိုင်ရာ
ကိစ္စများ အမြဲမပြတ် လေ့လာ၊ လေ့ကျင့်၊ ကြံဆနေရမြဲဖြစ်သည်။ မီးနာမှ သံကောင်း၊ သံကောင်းမှ
ဓားထက်တဲ့၊ အမြဲတမ်း လေ့ကျင့်နေရပေလိမ့်မည်။
နေအရုဏ်သည် နုရာမှရင့်လာနေပြီ။အသစ်အသစ်တို့၏
တွန်းတိုက်မှု နိယာမပင်။ အညာမြေ၏ မိုးနှောင်းစကာလ မနက်ခင်းရာသီဥတုသည် ကြည်ကြည်လင်လင်
ရှင်းရှင်းသန့်သန့်၊ ပြာလွင်သော ကောင်းကင်ဝယ် တိမ်ဖြူစ ပါးပါးလေးများ ဟိုတစ်စသည်တစ်စ
လွင့်မျောလျက်။ လေအဝှေ့တွင် တောပန်းတောင်ပန်းလေးများ၏ ရနံ့မွှေးကြိုင် သင်းထုံ ယစ်ရီနေဆဲ။
လွင့်ပျံလာသည့်အသံ ချိုးကူသံနွဲ့နွဲ့လေး။
လေကြောင်းလွင်ပြင်ကြီးတစ်ခု
သြော်...ပန်းကလေးများပင် ဖူးတံချီပင့်
ငုံကာပွင့်လို့ ကြိုဆိုနေကြ လေပြီလား၊ ကြိုဆိုကြမည်ပေါ့။ အမှတ်စဉ်(၈၄) လေသူရဲတောင်ပံ
အပ်နှင်းပွဲလေး၊ ပြီးတော့ ဤရပ်မြေအနေအထား ရေခံမြေခံကိုကြည့် လေသူရဲတို့မွေးဇာတိ တပ်မတော်(လေ)၏
ဘူမိနက်သန်၊ နိုင်ငံ၏ လေကြောင်းစွမ်းအား ဗဟိုချက်ဟုပင် ထောမနာပြုချင်ပါ၏။ သို့သော်
ဤဝိသေသ အမွမ်းတင်ရုံမျှနှင့်ပင် လုံလောက်သည်ဟု မထင်တော့။ စေ့စေ့ကြည့်ရေးရေးပေါ်တဲ့၊
ဤမြို့ကလေးနယ်ပယ်ဒေသ အဝန်းအဝိုင်းကိုပင် လေကြောင်းပညာ သိပ္ပံနည်းနိဿယများဖြင့် ထုံမွမ်းလျှမ်းပက်
ရာ လေကြောင်းလွင်ပြင်ကြီးတစ်ခု ဖြစ်နေခြင်းကြောင့်ပင်။
ဤအမှတ်စဉ်(၈၄) တောင်ပံအပ်နှင်းပွဲ ကျောင်းဆင်းလေသူရဲ
မောင်မယ်များ၏ သင်တန်းဆင်းပွဲအခမ်းအနား စပေတော့မည်။ ဧည့်ဆောင်အတွင်းဝယ် ဖိတ်ကြားထားသည့်
ဧည့်သည်များပင် တဖွဲဖွဲ ရောက်ရှိလာနေပြီ၊ သက်ငြိမ်ပန်းချီကားသည် သက်ဝင်လှုပ်ရှား လာပေတော့မည်။
သည်တော့ တိုက်ပွဲဝင်မည့် မြားကောင်းတစ်စင်း မြင်းကောင်းတစ်စီးနယ် အားမာန်ဟုန်အပြည့်အပြည့်။
လေသူရဲတောင်ပံအပ်နှင်းခံရမည့် လေသူရဲမောင်မယ်လေးများသည်
အရွယ်နုပျိုခြင်းနှင့်အတူ ပခုံးပြောင်းတာဝန် လက်ဆင့်ကမ်း အမွေရယူခြင်းများပင် ဖြစ်ပါ၏။
၎င်းတို့၏အနာဂတ်မှာ ၎င်းတို့၏ လက်ထဲတွင်ရှိ၏။ သည်အခါ သမိုင်းဟူသောအမြင်အရ မိမိသမိုင်း
လှမှ မိမိအနာဂတ်လှမည်ဟူသော ခံယူချက် စွဲထင်လာပေလိမ့်မည်။ သူတို့တွင် အားမာန်အပြည့်ရှိသည်။
အရာရာကို ပြီးမြောက်စေတန် ရာသည့် လုပ်နိုင်စွမ်းလည်းရှိကြသည်။ ခွန်အားသည် တွန်းအား
အဖြစ် ဆုပ်ကိုင်လာမိသောအခါ နိုင်ငံတော်၏ ဥပဓိကို သူတို့ပုံဖော် သွားပေလိမ့်မည်။
ဤကျောင်းဆင်းပွဲ၏ လေးနက်ခြင်းသရုပ်မှန်သည်
ရုပ်ပုံလွှာ အခင်းအကျင်းလေးအဖြစ် မကြာမီ မြင်တွေ့လာပေလိမ့်မည်။ တကယ်တော့ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ) ကိုယ်တိုင် ရွှေတောင်ပံတံဆိပ်လေး ချီးမြှင့်တပ်ဆင်အပ်နှင်းဂုဏ်ပြုသည့်
အခမ်းအနားဖြစ်သည်။ ကောင်းမြတ်သောမင်္ဂလာနှင့် ပြည့်စုံပါ၏။ ထိုရွှေတောင်ပံတံဆိပ်လေး၏
အရွယ်အစားမှာ ကိုးစင်တီမီတာခန့်သာဖြစ်သည်။ သေးငယ်ပေမယ့် အနက်ရောင်နောက်ခံတွင် လေတပ်သင်္ကေတ
တောင်ပံ၊ ကြယ်တို့ကို ရွှေရောင်ဝင်းလက် ပိုးထွက်ချည် ထိုးရက်ဖောက်ထား ခြင်းမျိုးဖြစ်၍
ဝင်းစက်ခံ့ထည်မှုရှိလှပါသည်။ နိုင်ငံတော်အကြီးအကဲ က တိုက်ရိုက်ချီးမြှင့်အပ်နှင်းသည့်
တာဝန်ဖြစ်၍ တံဆိပ်အဆင့်ထက် မြင့်မားသော ဂုဏ်ဒြပ်ကြီးမြတ်လှပါ၏။
လေသူရဲမောင်မယ်လေးများသည် သူတို့၏ ဝီရိယစွမ်းအား၊
ရည်မှန်းချက်များဖြင့် အလှသရဖူဆောင်းခဲ့လေပြီ။ ကျွန်တော် ကျေနပ်ပါသည်။ ဤကျောင်းတော်ကြီး၏
ရင်နှစ်သည်းချာ ရတနာများအဖြစ် အနာဂတ်တွင် မိုးယံသိမ်းပိုက် အောင်လံစိုက်သူများ ဖြစ်လာပေလိမ့်မည်။
ထိုထိုသောအနာဂတ်ကာလကဖြင့် မဝေးတော့ပြီ။ သူတို့ထမ်းဆောင်ရမည့် တာဝန်ကားမသေးလှ ကျွန်တော်
လေးစားမိသည်။


No comments