နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် တရားမဝင် ကုန်စည်တင်သွင်းမှုများကို ထိထိရောက်ရောက် တားဆီးစစ်ဆေးကာ ဟန့်တား တိုက်ဖျက်သွားရမည်
နေပြည်တော် နိုဝင်ဘာ
၂၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး
ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး
(၅/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင်
နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး
စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဦးဆောင်ကော်မတီ
ဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အဖွဲ့ဝင်များဖြစ်ကြသည့်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊
ကာကွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တရားမဝင်ကုန်သွယ်မှု
တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး
ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းပြီး (၉)လ ကျော် ကာလအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး
အထူးအဖွဲ့နှင့် OSS (One Stop Service) အဖွဲ့ဝင်ဌာနများသည် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး
လုပ်ငန်းများတွင် ယခင်ကထက် ပိုမိုထိထိရောက်ရောက် အကောင်အထည် ဖော်လာနိုင်သည်ကိုတွေ့ရကြောင်း၊
ထိုသို့ အကောင်အထည်ဖော်နိုင်ရန် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
ပါဝင်သည့် အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပိုမိုလျင်မြန်
ထိရောက်လာသည်ကို တွေ့ရကြောင်း။
အထူးအလေးထားမှာကြားလိုသည်မှာ
ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ ဒေသအတွင်း ရှောင်ကွင်းလမ်းများ
အပါအဝင် နည်းလမ်းစုံ အသုံးပြုရှောင်ကွင်းသွားသည့် တရားမဝင်ကုန်သွယ်မှုများကို လမ်းကြောင်းတစ်လျှောက်
မိမိဒေသနှင့် ထိစပ်နေသည့်ဘေးနံ တရားမဝင် ကုန်သွယ်မှု
တိုက်ဖျက်ရေးအထူးအဖွဲ့များထံ ချိတ်ဆက်သတင်းပေးပို့ တားဆီးစစ်ဆေးနိုင်ရေး ပူးပေါင်း
ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြည်တွင်းထုတ်ကုန်
တိုးတက်ရေးအတွက် တရားမဝင် ကုန်စည်တင်သွင်းမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်
လိုအပ်သည်ကို လုပ်ငန်းရှင်များက တင်ပြခဲ့ကြကြောင်း၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့်
အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ပြည်ပမှ အကောက်ခွန်မဲ့ ဝင်ရောက်လာသည့် ကုန်စည်များကို
ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့်အတွက် ရေရှည်ရပ်တည်ရန် ခက်ခဲလာသည့် အခြေအနေကို တင်ပြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ
ရှင်သန်ရပ်တည်မှုကို ဖျက်ဆီးနေသည့် တစ်နည်းအားဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို
အဟန့်အတားဖြစ်စေသည့် တရားမဝင် ကုန်စည်တင်သွင်းမှုများကို ထိထိရောက်ရောက် တားဆီးစစ်ဆေးကာ
ဟန့်တားတိုက်ဖျက်သွားရမည်ဖြစ်ကြောင်း။
ဖမ်းဆီးရမိမှုအခြေအနေ
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ
စက်တင်ဘာလအထိ (၉) လအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၃၀၉၅) မှု၊ ခန့်မှန်းတန်ဖိုးကျပ်
(၄၅ ဒသမ ၆) ဘီလီယံဖြစ်ပြီး ယခင်နှစ်ကာလတူ ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ (၁၅၅၈)
မှုနှင့် ခန့်မှန်းတန်ဖိုးသည် ကျပ် (၆ ဒသမ ၆၂၆) ဘီလီယံ ဖြစ်သည့်အတွက် ကာလတူတွင် အမှုတွဲ
(၁၅၃၇) မှုနှင့် ခန့်မှန်းတန်ဖိုး ကျပ် (၃၈ ဒသမ ၉၇၄) ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း၊
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရမိမှုကို ကြည့်မည်ဆိုပါက ဩဂုတ်လနှင့် အောက်တိုဘာလအတွင်း
မန္တလေးတိုင်းဒေသကြီးက ဖမ်းဆီးရမိမှု အများဆုံးဖြစ်ပြီး စက်တင်ဘာလအတွင်းတွင် ကရင်ပြည်နယ်က
ဖမ်းဆီးရမိမှု အများဆုံးဖြစ်ကြောင်း။
အထူးအဖွဲ့များအနေဖြင့်
တရားမဝင်တင်သွင်းလာသည့် အမိုနီယမ်နိုက်ထရိတ်များကို လုံခြုံရေး အသိဖြင့် ဖိဖိစီးစီး
စစ်ဆေးရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း စိုက်ပျိုးသူ တောင်သူများလက်သို့ လိုအပ်သည့်
စိုက်ပျိုးရေးသွင်းအားစုများ အချိန်မီ တရားဝင်
အတားအဆီးမရှိရောက်ရှိရေး အတားအဆီးမဖြစ်စေရန် စီမံဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊
တရားမဝင်ကုန်သွယ်မှု တားဆီးရာတွင် တရားမဝင် ကုန်စည်များကိုသာမက မူးယစ်ဆေးဝါး၊ ပေါက်ကွဲစေတတ်သည့်
ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ ထို့ပြင် တရားမဝင်ကုန်သွယ်မှု
တိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် ဌာနဆိုင်ရာများအနေဖြင့် တရားမဝင် ကုန်သွယ်မှုများကို
စစ်ဆေးရာတွင် တရားမဝင် လက်နက်ခဲယမ်းများနှင့် ပေါက်ကွဲစေတတ်သည့်
ပစ္စည်းများ ခိုးဝှက်သယ်ဆောင်ခြင်းမရှိစေရေး အလေးထား စစ်ဆေးသွားကြရမည် ဖြစ်ကြောင်း။
နိုင်ငံအတွင်း အရည်အသွေးပြည့်မီသည့်
စားသုံးဆီဖူလုံစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် နိုင်ငံတော်အစိုးရက စနစ်တကျ
စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးနေချိန် အကောက်ခွန်မဲ့ တရားမဝင်
စားသုံးဆီများ တင်သွင်းသယ်ဆောင်မှုများရှိနေကြောင်း၊ ထို့ကြောင့် အထူးအဖွဲ့များအနေဖြင့်
တရားမဝင်စားသုံးဆီ တင်သွင်းမှုများကို ထိထိရောက်ရောက် စစ်ဆေးတားဆီး ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုများ
ရှင်သန်ကြီးထွားနေသည့် အကြောင်းခြင်းရာများစွာရှိသည့်အနက် သိုဝှက်ရှောင်ကွင်း သယ်ဆောင်မှုများကြောင့်
လွတ်သွားခြင်းများရှိသကဲ့သို့ ဝန်ထမ်းအချို့၏ ငွေကြေးရယူ ခွင့်ပြုမှုများကြောင့် တားဆီးနိုင်မှု
မရှိခြင်းများလည်း ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်
တိုက်တွန်းမှာကြားလိုကြောင်း၊ ဒေသဆိုင်ရာ အကောက်ခွန်သက်သာခွင့် အစီအစဉ်များအရ အခြားနိုင်ငံများတွင်
မရရှိနိုင်သည့် အကောက်ခွန် သက်သာခွင့် မိမိတို့နိုင်ငံက ရရှိထားသည်ကိုတွေ့ရ ကြောင်း၊
မိမိတို့နိုင်ငံထွက် ကုန်စည်များကိုသာ သီးခြားကင်းလွတ်သက်သာခွင့်များ
ပေးထားကြောင်း၊ နိုင်ငံတကာ စည်းမျဉ်း၊ စည်းကမ်း၊
ကတိကဝတ်များကို လေးစားလိုက်နာမှုနှင့် မိမိတို့နိုင်ငံအပေါ် အခြားနိုင်င များ၏
ယုံကြည်မှုကိုပါ မထိခိုက်စေရေး ဆောင်ရွက်ရန် လိုကြောင်း။
ဖမ်းဆီးခြင်းများဆက်လက်ဆောင်ရွက်
တရားမဝင်ကုန်သွယ်မှုကို
လုံးဝပပျောက်အောင် ဆောင်ရွက်ရန် ယခုအချိန်ကာလအထိ မဖြစ်နိုင် သေးသော်လည်း ဖြစ်နိုင်သမျှ
နည်းလမ်းများဖြင့် ကာကွယ်တားဆီးဖမ်းဆီးခြင်းများကို အရှိန်အဟုန် မြှင့် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
တရားမဝင်ကုန်စည်များ တားဆီးဖမ်းဆီးရေးတွင် တာဝန်ကျေပွန်စွာ ပါဝင်ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့်
တာဝန်သိစိတ်ဖြင့် သတင်းအချက်အလက်များပေးပို့သော ပြည်သူများကိုလည်း ထိုက်သင့်သည့် အသိအမှတ်ပြုမှုနှင့် ချီးမြှင့်မှုအနေဖြင့်
ဆုကြေးငွေခွဲဝေပေးခြင်းကို သတ်မှတ်ချက်နှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြရမည်
ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး
ဒုတိယဝန်ကြီး ဦးညွန့်အောင်က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ (၄/၂၀၂၂)
ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့်
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း
တင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်း
အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြား
ရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ အစားအသောက်
နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်၊ ပဲခူးတိုင်းဒေသကြီးနှင့်
ကရင်ပြည်နယ်တို့မှ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများ၊ ဗဟိုစက်ပစ္စည်း
စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ မြန်မာ့မီးရထား
ဦးဆောင်ညွှန်ကြားရေးမှူး သူရအောင်မျိုးမြင့်တို့က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး
ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂) အမှာစာများကို ဖတ်ကြားတင်ပြကြသည်။
ထို့နောက် ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ အဖွဲ့ဝင်များဖြစ်ကြသည့်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး
နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်း
အဖွဲ့ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း
အစည်းအဝေး (၅/၂၀၂၂) ဆုံးဖြတ်ချက် (မူကြမ်း) ကို ဖတ်ကြားတင်ပြသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ်
ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments