မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၇/၂၀၂၂)
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက် မြန်မာစံတော်ချိန်
၀၇:၀၀ နာရီထုတ်ပြန်ချက်
မုန်တိုင်းငယ်အခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီ
တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်
(Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်
အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့
ရောက်ရှိခဲ့သည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့
(Coco Island) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၆၉၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်း
မြို့ (Hainggyikyun) ၏ အနောက် - အနောက်တောင်ဘက် ရေမိုင် (၇၆၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊
ချင်းနိုင်မြို့ (Chennai) ၏ အရှေ့ဘက် ရေမိုင် (၇၅) မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့
(Machilipatnam) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၈၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို
ဗဟိုပြုနေသည်။
မုန်တိုင်းငယ် (Depression) ၏ လက်ရှိအခြေအနေမှာ
မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ် (Depression)
သည် မြန်မာစံတော်ချိန် (၀၅:၃၀) နာရီတွင် မြောက်လတ္တီကျု (၁၃ ဒသမ ၁) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု
(၈၁ ဒသမ ၅) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၁၀၀၃) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ
တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ဖြစ်သည်။
နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ် (Depression)
သည် အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး
မြောက်ပိုင်း - ပူဒူချယ်ရီနှင့် အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေအနီးသို့ ရောက်ရှိကာ၊
နောက် (၁၂) နာရီအတွင်း အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure
Area) အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ မုန်တိုင်းငယ် (Depression)
၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ
မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ်
ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၃၀) မှ (၃၅) မိုင်အထိ တိုက်ခတ်နိုင်သည်။
လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်
(၇) ပေမှ (၉) ပေခန့်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ မုန်တိုင်းငယ် (Depression)
၏အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း
ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်ထားသည်။
Credit>မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


No comments