၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် အချိုးကျကိုယ်စားပြုစနစ်
ကိုရွှေဦး
မြန်မာနိုင်ငံတွင် လာမည့်ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် Proportional Representation
System (PRs) ဖြင့် ဆောင်ရွက်ရန် တောင်းဆိုလာကြသည်။ လွှတ်တော်သုံးရပ်စလုံးတွင် စာရင်းပိတ်အချိုးကျ
ကိုယ်စားပြုစနစ် (Closed List-PR)ကို ပြောင်းလဲ ကျင့်သုံးသင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ် ဆိုင်ရာဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီအများစုကအဆိုပြုတင်ပြခဲ့ကြသည်။
လွှတ်တော်ရွေးကောက်ပွဲ များကို မဲအများဆုံးရသူအနိုင်ရသည့် FPTP စနစ်မှ အချိုးကျကိုယ်စားပြုစနစ်(PRs)သို့
ပြောင်းလဲ ဆောင်ရွက်ရန် အချိန်အခါ ကျရောက်နေပြီ ဖြစ်ကြောင်း နိုင်ငံရေးပါတီအများစုက
အကြံပြုချက်များရှိလာခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုပ်ဖော်ကိုင်ဖက်
နိုင်ငံရေးပါတီများနှင့်လက်တွဲပြီး လာမည့်ရွေးကောက်ပွဲကို တိုင်းရင်းသားလူမျိုးစုများ၊
နိုင်ငံရေးပါတီငယ်များ အနေဖြင့် ယင်းတို့ကို ထောက်ခံသည့် ဆန္ဒမဲများအရ ဥပဒေပြုရေးနှင့်
အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် မျှမျှတတမှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့်ကိုယ်စားလှယ်များရွေးချယ်ပေးနိုင်ရေးအတွက်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူဘောင်အတွင်းက လုပ်ဆောင်နိုင်သည်များဖြင့် အချိုးကျကိုယ်စားပြုစနစ်
(PRs) ကျင့်သုံး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လေ့လာဖော်ထုတ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများကို
အချိုးကျကိုယ်စား ပြုစနစ်ကျင့်သုံးရန်နှင့် ဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို လိုအပ်သလိုဆောင်ရွက်ပေးရန်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းကြောင်း အဆိုကို ၃- ၆-၂၀၁၄ ရက်နေ့တွင်
ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေး သတ္တမမြောက် ရက်နေ့က တင်သွင်းခဲ့သည်။ အမျိုးသား
လွှတ်တော်က ယင်းအဆိုကို မဲခွဲဆုံးဖြတ်ရာ အဆိုအောင်မြင်ခဲ့ပြီး အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင်
အချိုးကျကိုယ်စားပြုစနစ် (PRs) ကျင့်သုံးရေးဆိုင်ရာအဆိုကို အကောင်အထည်ဖော်ရေး ကော်မရှင်ဖွဲ့စည်း
ဆောင်ရွက်ခဲ့သည်များလည်းရှိခဲ့ပါသည်။ အကောင်ထည်ဖော်ရေး ကော်မရှင်၏သုံးသပ်အကြံပြုချက်မှာ
ကမ္ဘာ့နိုင်ငံ အသီးသီးက ကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲ စနစ်များကို လေ့လာဖော်ထုတ်ရာတွင်
အလွှာစုံ၊ ဒေသစုံ၊ ပါတီစုံ၊ တွေးခေါ်မြော်မြင်မှုသဘောတရားအစုံနှင့် ပြည်သူတို့၏ဆန္ဒအစုံကို
ကိုယ်စားပြုလျက် အဓိပ္ပာယ်ပြည့်ဝပြီး မဲပေးရလွယ်ကူသော ရွေးကောက်ပွဲမျိုး ဖော်ဆောင်လျက်
တည်ငြိမ်ပြီး စွမ်းရည်ရှိသော အစိုးရမျိုး ဖွဲ့စည်းနိုင်သည့် ရွေးကောက်ပွဲစနစ်မျိုးဖြစ်ရန်
လိုအပ်ကြောင်း အကြံပြုခဲ့သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ(၆)
ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ၁၉၅၆ ခုနှစ် ပါလီမန်အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၆၀ ပြည့်နှစ်
ပါလီမန်လွှတ်တော် ရွေးကောက်ပွဲ၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့်
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတို့အား လေ့လာခဲ့ရာ ရွေးကောက်ပွဲတွင်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရသောမဲများ၏ ရာခိုင်နှုန်းနှင့် လွှတ်တော် အမတ်ရရှိမှုရာခိုင်နှုန်းအချိုးအစား
မကျမှုများပြားခဲ့ခြင်းအပေါ် ရွေးကောက်ပွဲစနစ်ကြောင့်ဖြစ်သည် ဟု သုံးသပ်ခဲ့ကြပါသည်။
မဲလာပေးမှု (Turn Out) ကောင်းလာနိုင်ခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလနှင့် အောက်တိုဘာ လများတွင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၍
မြန်မာ နိုင်ငံနှင့် သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲ စနစ်ပြောင်းလဲကျင့်သုံးရေးကို
ဆွေးနွေးခဲ့ရာ နိုင်ငံရေးပါတီ ၅၃ ပါတီမှ ကိုယ်စားလှယ် ၉၃ ဦး၊ စိတ်ပါဝင်စားသူ ၂၀ စုစုပေါင်း
၁၁၃ ဦး တက်ရောက်ခဲ့ပြီး နိုင်ငံရေးပါတီ ၁၆ ပါတီက စာတမ်းများတင်ပြခဲ့သည်။ ထိုစာတမ်းများတွင်
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲ ရေးကိစ္စသည် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့်
သက်ဆိုင်သည့်အပြင် နိုင်ငံတော်၏သမိုင်းကြောင်း၊ ဖြစ်ပေါ်တိုးတက်လာသည့် နိုင်ငံရေးဖြစ်စဉ်များနှင့်လည်း
သက်ဆိုင်နေကြောင်း၊ သမိုင်း၏ တောင်းဆိုမှုအရ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့
အရောက်ချီတက်မည်ဆိုပါက ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးသည် မရှိမဖြစ်ဖြတ်ကျော်ရမည့်
အရေးကြီးသောအခန်းကဏ္ဍဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးမှသည် တစ်မျိုးသားလုံးသွေးစည်း
ညီညွတ်ရေးအတွက် လွှတ်တော်အသီးသီးတွင် အားလုံးပါဝင်စေသော ကိုယ်စားပြုမှုကို ဆောင်ရွက်ပေးရန်လိုကြောင်း၊
ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုမြန်မာ နိုင်ငံနှင့် လိုက်လျောညီထွေဖြစ်သည့်
အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် (PRs) ဖြစ်ပေါ်လာရေးကိုစတင်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း
(PRs) စနစ်ကျင့်သုံးခြင်းဖြင့် ပါတီငယ်လေးများ၊ တိုင်းရင်းသားမျိုးနွယ်စုငယ်လေးများ
လွှတ်တော်တွင်း ဝင်ရောက်နိုင်မှု အခွင့်အရေးပိုမိုရရှိ လာနိုင်ခြင်း၊ မဲဆန္ဒရှင်တစ်ဦးချင်းရဲ့
အခွင့်အရေးကို အာမခံနိုင်ခြင်း၊ မဲအဟောသိကံဖြစ်မှုမရှိနိုင်ခြင်း၊ ရွေးကောက်ပွဲများအပေါ်
ပြည်သူစိတ်ဝင်စားမှုရှိလာ ပြီး မဲလာပေးမှု (Turn Out) ကောင်းလာနိုင်ခြင်း၊ အားလုံးပါဝင်ဆောင်ရွက်မှု
(All Inclusiveness) ပိုမိုရရှိလာနိုင်ခြင်း၊ အမျိုးသမီးကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း
ပါဝင်နိုင်ရေးကို လက်တွေ့ကျင့်သုံးလာ နိုင်ခြင်း၊ ပါတီတစ်ခုတည်း၏ ကြီးစိုးလွှမ်းမိုးမှုကို
လျှော့ချနိုင်ခြင်း၊ ဒီမိုကရေစီအာဏာရှင်စနစ်ကို ကာကွယ်ဟန့်တားနိုင်မည်ဖြစ်ခြင်းစသည့်
အကျိုးစီးပွားတွေကို ရရှိလာနိုင်ကြောင်း၊ အချိုးကျကိုယ်စားပြုစနစ် (PRs) ရွေးကောက်ပုံစံသစ်ကို
အရေးပေါ်ကာလ လုပ်ငန်းတာဝန်များ ပြီးဆုံးပြီးနောက် ကျင်းပမည့်ရွေးကောက်ပွဲတွင် စတင်အသုံးပြုနိုင်အောင် ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
အကျိုးစီးပွားကို သိရှိဖော်ဆောင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည်
ကိုလိုနီခေတ်ကာလ၊ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်ကာလ၊ ၂၀၁၀ မှ ၂၀၂၀ ဒီမိုကရေစီ
ကာလများတွင် ကျင့်သုံးခဲ့သော ရွေးကောက်ပွဲ စနစ်မှာ နိုင်သူအကုန်ယူ Winner takes
all (FPTP) စနစ်များသာဖြစ်ကြောင်း၊ သို့သော်လည်း FPTP စနစ်၏ အားနည်းချက်ကြောင့် လွှတ်တော်အတွင်း
အနိုင်ရပါတီတစ်ခုတည်းက လွှမ်းမိုးခြင်း၊ ထိုအနိုင်ရ ပါတီ၏အကျိုးကို လွှတ်တော်အတွင်းဖော်ဆောင်၍
ပြည်သူ့အကျိုးကိုမျက်ကွယ်ပြုလာခြင်း၊ လွှတ်တော် တွင် တိုင်းရင်းသားပါတီများ၏အသံ (Voice)
ထွက်ခွင့်၊ ပါတီစုံပါဝင်ခွင့်မရသဖြင့် ကျန်ပါတီများကို ထောက်ခံသော ပြည်သူများက ပေးခဲ့သောမဲများ
Waste ဖြစ်ခြင်းစသည့် ဆိုးကျိုးများ ခံစားခဲ့ရကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးဖြင့်
ဖွဲ့စည်းထားခြင်းဖြစ်၍ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးမှသာလျှင် ကွဲပြားခြားနားသော
တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွားကို သိရှိဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊
တိုင်းရင်းသားများ လိုလားတောင့်တနေသည့် ဖယ်ဒရယ် (Federal) ဆိုင်ရာ အခွင့်အရေးများကို
လွှတ်တော်လမ်းကြောင်းမှ ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းရင်းသား
အစုံအလင်ပါတီအစုံအလင်ပါဝင်သော သက်တံ၊ ရောင်စုံလွှတ်တော်ဖော်ဆောင်ခြင်းသည်ပင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို
တည်ဆောက် ရာရောက်ပြီး ဒီမိုကရေစီယဉ်ကျေးမှုကို ပျိုးထောင် ရာလည်းရောက်သောကြောင့် အချိုးကျကိုယ်စားပြု
စနစ်(PRs)ကို ရွေးကောက်ပွဲတွင် ကျင့်သုံးသင့် ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
စာတမ်းများ ဖတ်ကြား
ပြောင်းလဲလာသည့် ခေတ်ကာလအခြေအနေ နှင့်
လိုက်လျောညီထွေဖြစ်မည့် အချိုးကျကိုယ်စား ပြုစနစ် (PRs) ကို လွှတ်တော်ရွေးကောက်ပွဲများတွင်
ပြောင်းလဲကျင့်သုံးနိုင်ရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အနေဖြင့် ၂၀၂၁ ခုနှစ်
နိုဝင်ဘာလတွင် နိုင်ငံရေးပါတီများကို အစုအဖွဲ့များ ဖွဲ့စည်း၍ သက်ဆိုင်ရာ မိမိတို့အစုအဖွဲ့လိုက်
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များအတွက်
အချိုးကျ ကိုယ်စားပြုစနစ်ဖြင့်ဆောင်ရွက်ရာတွင် အသုံးပြုသင့်သည့် ရွေးကောက်ပွဲဒီဇိုင်းနှင့်
မဲဆန္ဒနယ်မြေ သတ်မှတ်ခြင်းတို့ကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့များ တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
မင်္ဂလာခန်းမ၌ကျင်းပသည့်ဆွေးနွေးပွဲများတွင် အစုအဖွဲ့များအလိုက် အသေးစိတ် ဆွေးနွေးညှိနှိုင်းနိုင်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ နှင့် ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ပြီး
ဒီဇင်ဘာ ၂၆ ရက်တွင် ဆွေးနွေးညှိနှိုင်း ရရှိချက်များကို အစုအဖွဲ့လိုက်စာတမ်းများ ဖတ်ကြား
တင်ပြခဲ့ကြပါသည်။
အစုအဖွဲ့လိုက် ဆွေးနွေးကြရာတွင် ပြည်သူ့
လွှတ်တော်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု စနစ် (PRs)ဖြင့် ကျင်းပခြင်းကို တက်ရောက်လာသော
ပါတီများအားလုံးက သဘောတူပါကြောင်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များနှင့်
မဲရေတွက်သူများအတွက် အခက်အခဲအနည်းဆုံးဖြစ်မည့် “စာရင်းပိတ်စနစ် (Closed List -PR)”
ကို ကျင့်သုံးသင့်ကြောင်း၊ ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်မြေများ သတ်မှတ်ရာတွင် အငြင်းပွားမှုများ
ဖြစ်ပေါ်လာနိုင်သည့် လူဦးရေအပေါ်အခြေမခံဘဲ မြို့နယ်ကို အခြေခံတွက်ချက်ခြင်းဖြင့် တိုင်းဒေသကြီးနှင့်
ပြည်နယ်အလိုက် ယခင်က ရရှိခဲ့သည့် ကိုယ်စားလှယ် ဦးရေများအတိုင်း ခွဲဝေသတ်မှတ် သင့်ပါကြောင်း၊
တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်ရရှိသည့် ကိုယ်စားလှယ်ဦးရေအပေါ် မူတည်၍ မဲဆန္ဒနယ်မြေများ
သတ်မှတ်ရာ၌မူ တတ်နိုင်သမျှ လူဦးရေအချိုးအစားညီမျှရေးကို ထည့်သွင်းစဉ်စားဆောင်ရွက်သင့်ပါကြောင်း၊
ပါတီများအတွက် အနိမ့်ဆုံး ဝင်ပေါက်အချိုးစံ (Threshold) သတ်မှတ်ရာတွင် မြင့်လွန်းခြင်းနှင့်
နိမ့်လွန်းခြင်း အစွန်းတရားများက ရှောင်ရှားပြီး ထောက်ခံမဲအပေါ် မူတည်၍ ကိုယ်စားလှယ်
သတ်မှတ်ရာတွင် တစ်နိုင်ငံလုံးအပေါ် လွှမ်းခြုံ တွက်ချက်ခြင်းမဟုတ်ဘဲ မဲဆန္ဒနယ်တစ်ခုချင်း
အလိုက်ဆောင်ရွက်သင့်ပါကြောင်း၊ မဲရေတွက်ပုံ နည်းလမ်းအဖြစ် (Closed List -PR) တွက်ချက်မှု
စနစ်ဖြစ်သည့် အများဆုံး အကြွင်းကိန်းနည်းကို လက်ခံကျင့်သုံး သင့်ပါကြောင်း၊ မဲရုံတိုင်းတွင်
မဲဆန္ဒရှင်ပြည်သူများမှ ၎င်းတို့ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်၏ပါတီကို မဲပေးနိုင်ရန်အလို့ငှာ
မဲရုံအဝတွင် ဗီနိုင်း၊ ပိုစတာများဖြင့် ပါတီ၏အမည် အောက်တွင် ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်မည့်
ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံနှင့် အမည်ကို ဖော်ပြပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊
သို့မှသာ မဲဆန္ဒရှင်သည် ၎င်းကြိုက်နှစ်သက်သည့်ကိုယ်စားလှယ်လောင်းကို မျက်မြင်ကြည့်ရှု၍
လွယ်ကူစွာဖြင့် ၎င်းကိုယ်စားလှယ်လောင်း၏ ပါတီ အား မဲပေးနိုင်မည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏
ကြိုက် နှစ်သက်သည့်ကိုယ်စားလှယ်လောင်းကို ရွေးချယ် နိုင်ရန်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပ
အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအတွက်
ဆွေးနွေးရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ကျင်းပရမည့် လွှတ်တော်သုံးရပ်
ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PRs) ကျင့်သုံးရေးအတွက် သဘောတူပါကြောင်း၊
“စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်” (Closed List – PR)ကို ကျင့်သုံးရန်အသင့်မြတ်ဆုံးဖြစ်ပြီး
ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်တွင်လည်း အချိုး ကျကိုယ်စားပြုစနစ်ကို တွင်ကျယ်စွာ ကျင့်သုံးနေပြီ
ဖြစ်ပါကြောင်း၊ Closed List –PR Systemကို စတင် အသုံးပြုသင့်ပြီး မဲဆန္ဒရှင်ပြည်သူများ၏
ပညာ တတ်မြောက်မှုအခြေအနေနှင့် နိုင်ငံရေးရေချိန် မြင့်တက်လာမှု အခြေအနေတစ်ရပ်သို့ ရောက်ရှိ
ချိန်မှသာလျှင် Open List – PR System သို့မဟုတ် အခြား PR System Designများကို ပြောင်းလဲ
ကျင့်သုံးသင့်ကြောင်း၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသများအတွက် လွှတ်တော်ကိုယ်စားလှယ်များကို
မူ မဲအများဆုံးရသူ အနိုင်ရသည့်စနစ် (FPTP) ဖြင့်သာကျင့်သုံးသင့်ကြောင်း၊ အချိုးကျကိုယ်စားပြု
စနစ် (PRs) အရဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးဖြစ်သော ပါတီများ ဖောင်းပွလာနိုင်မှုကို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေဖြင့်သော်လည်းကောင်း၊ စည်းကမ်း ထိန်းသိမ်းခြင်း
အားဖြင့်သော်လည်းကောင်း ကန့်သတ်ရန်လိုအပ် ကြောင်း ဆွေးနွေးတင်ပြပါသည်။
တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက်
ဆွေးနွေးရာတွင် မဲဆန္ဒရှင်များ၊ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ၊ တိုင်းရင်းသားလူနည်းစုများ
အားလုံးပါဝင်နိုင်ပြီး တစ်ပါတီကြီးစိုးမှုကိုပါ ကန့်သတ်နိုင်သော အချိုးကျကိုယ်စားပြုစနစ်
(PRs)ကို ပြောင်းလဲကျင့်သုံးသင့်ပါကြောင်း၊ အချိုးကျ ကိုယ်စားပြုစနစ် (PRs)ကို ပြောင်းလဲကျင့်သုံးရာတွင်
Closed List- PR စနစ်ကို ရွေးချယ်ကျင့်သုံးသင့်ကြောင်း၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်ရာ၌ FPTP စနစ်ကိုသာ အသုံးပြုရန် အကြံပြုလိုပါကြောင်း၊
တိုင်းဒေသ ကြီး/ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများကို Closed List – PR စနစ်ကို ကျင့်သုံးရန်
မဲရလဒ်များတွက်ချက်ခြင်းကို ကြွင်းကျန်မဲအများ ဆုံးစနစ် (Largest Remainder Formula)ကို
ကျင့်သုံးရန်၊ မဲဆန္ဒနယ်သတ်မှတ်ရာတွင် မြို့နယ် အလိုက်၊ ခရိုင်များအလိုက် သတ်မှတ်ခြင်းမပြုဘဲ
မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်ပြီးကိုယ်စားလှယ်နှစ်ဦးစီကို
PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များအတွက်
ယခင် ကျင့်သုံးခဲ့သည့် FPTP စနစ်ဖြင့်သာ ရွေးကောက် တင်မြှောက်ရန် ဆွေးနွေးခဲ့ကြသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်နိုင်ရေး
(PRs) စနစ်သို့ ပြောင်းလဲကျင့်သုံးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်
ဆန့်ကျင်မှု ရှိ/ မရှိ စိစစ်သုံးသပ်ရန် လိုအပ်လာပါသည်။ ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်းအတွက်
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၀၉ (က) တွင် “ဥပဒေနှင့်အညီ မဲဆန္ဒနယ်သတ်မှတ်၍
ရွေးကောက်တင်မြှောက်သည့် ၃၃၀ ထက် မပိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ” ဟူ၍ ပြဋ္ဌာန်းထားခြင်းအရ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧရိယာ ကျယ်ပြန့်စွာဖြင့် မဲဆန္ဒနယ်များ သတ်မှတ်ပေး၍လည်းကောင်း၊
အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်းအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ
၁၄၁ (က) တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက်ကိုယ်စားလှယ် ၁၂ ဦးကျစီ
တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ၁၆၈ ဦး” ဟူ၍
ပြဋ္ဌာန်းထားခြင်းအရ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုလျှင် PR စနစ် အတွက် မဲဆန္ဒနယ်တစ်ခုစီ
သတ်မှတ်၍ လည်းကောင်း၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတစ်ခု၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ငါးခုအတွက် FPTP စနစ်ကျင့်သုံး၍ မဲဆန္ဒနယ်ခြောက်ခု သတ်မှတ်၍ လည်းကောင်း၊ တိုင်းဒေသကြီး
လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈
ခုနှစ်) ပုဒ်မ ၁၆၁(က) “ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင်
နှစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ”ဟူ၍
ပြဋ္ဌာန်းထားခြင်းအရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈
ခုနှစ်) နှင့် ဆန့်ကျင်မှုမရှိဘဲ ဆောင်ရွက်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ တိုင်းရင်းသား
လူမျိုးများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၆၁(ခ)(ဂ)တွင် “ နိုင်ငံတော်ရှိ
လူဦးရေ စုစုပေါင်း၏ သုညဒသမတစ်ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော
တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့်---”
ဟူ၍ ပြဋ္ဌာန်းထားခြင်းအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တိုင်းရင်းသားလူမျိုး
လွှတ်တော် ကိုယ်စားလှယ်များအားယခင် (FPTP) စနစ်ဖြင့်ပင် မဲဆန္ဒနယ် ၂၉ ခု သတ်မှတ်၍ ရွေးကောက်
တင်မြှောက်နိုင်ပါသည်။ “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၉ (ဂ)တွင် မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း”ဟူ၍
ပြဋ္ဌာန်းထားချက်အရ ဥပဒေနှင့်အညီ လွှတ်တော် သုံးရပ်အတွက် မဲဆန္ဒနယ်မြေများကို ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ကသာ သတ်မှတ်ဆောင် ရွက်နိုင်ပါသည်။ တိုင်းရင်းသားလွှတ်တော်ကိုယ်စား
လှယ်လောင်းများအတွက်မူ First Past The Post စနစ်ဖြင့်သာ ရွေးချယ်သွားရမည် ဖြစ်ပါသည်။
ဘုံသဘော တူညီချက်များ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်
နိုင်ငံရေးပါတီများ (၄)ကြိမ်မြောက်တွေ့ဆုံညှိနှိုင်း ချက်များအရ အောက်ပါအတိုင်း ဘုံသဘော
တူညီချက်များ ရရှိခဲ့ပါသည်-
(က) လာမည့်ရွေးကောက်ပွဲများတွင် စာရင်း
ပိတ်အချိုးကျကိုယ်စားပြုစနစ်(Closed List- PR) စတင် ကျင့်သုံးရန်၊
(ခ) မဲဆန္ဒရှင် ပြည်သူများ၏ ပညာ တတ်မြောက်မှု၊
ရွေးကောက်ပွဲ အတွေ့ အကြုံနှင့် နိုင်ငံရေး ယဉ်ကျေးမှု ရေချိန် မြင့်တက်လာချိန်တွင်
(Open List -PR) သို့မဟုတ် အခြား PR စနစ်တစ်မျိုးမျိုးကို ပြောင်းလဲကျင့်သုံးရန်၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်
ထားသည့် လွှတ်တော်အလိုက် ရွေးကောက် တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်
မပြောင်းလဲဘဲ မဲဆန္ဒနယ်များကို ပိုင်းခြား၍ ရွေးကောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ
သတ်မှတ်ဆောင်ရွက်ရန်၊
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၁(က)ပါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
တိုင်း/ဒေသမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီ ရွေးကောက်တင်မြှောက်ရန်နှင့်
ပုဒ်မ ၁၆၁(ခ)ပါ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီ ရွေးကောက်တင်မြှောက်ရန်အတွက်
ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ကိုသာ ဆက်လက်ကျင့်သုံးရန်၊
(င) Closed List -PR အတွက် နိုင်ငံရေးပါတီများက
မိမိပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဦးစား ပေးအစီအစဉ်အတိုင်း ကော်မရှင်သို့
ကြိုတင်တင်ပြရန်၊
(စ ) မဲဆန္ဒရှင်များအနေဖြင့် မိမိမဲပေးလို
သည့်ပါတီနှင့် ၎င်းပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းများကို သိရှိနိုင် ရန် ပါတီအမည်အောက်တွင်ကိုယ်စား
လှယ်လောင်းအမည်နှင့် ဓာတ်ပုံဖော်ပြ ထားသော ဗီနိုင်းပိုစတာများကို မဲရုံ အဝင်ပေါက်အနီးတွင်
ထားရှိပေးရန်၊
(ဆ) Closed List-PR စနစ်၏ မဲရေတွက်မှု
နည်းလမ်းအရ ရိုးရှင်းလွယ်ကူသော လက်ကျန်မဲ အများဆုံးစနစ် (The Largest Remainder)ကို
ကျင့်သုံးရန်၊ မဲဆန္ဒနယ်အလိုက် ခိုင်လုံမဲအပေါ် မူတည်၍ကိုယ်စားလှယ်တစ်ဦး ရရှိရ မည့်
အနိမ့်ဆုံး အခြေခံမဲ (Threshold) သတ်မှတ်ရန်၊
(ဇ) PR စနစ်၏ ဘေးထွက်ဆိုးကျိုးဖြစ်သော
ပါတီများ ဖောင်းပွလာနိုင်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေဖြင့်သော်လည်းကောင်း၊
ညွှန်ကြားကြပ်မတ် ထိန်းကျောင်းခြင်းဖြင့်လည်းကောင်း ကန့်သတ်ရန်၊
(ဈ ) ပြောင်းလဲကျင့်သုံးမည့် PR စနစ်ဖြင့်
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ကော်မရှင်အဖွဲ့ခွဲအဆင့် ဆင့်၊ မဲရုံမှူး၊
မဲရုံအဖွဲ့ဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများ နားလည်သဘော ပေါက်စေရန် ရွေးကောက်ပွဲဆိုင်ရာ
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် သွားရန်။
လုပ်ငန်းစဉ်များ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်
နိုင်ငံရေးပါတီအများစု ဘုံသဘောတူညီချက်အရ လွှတ်တော် ရွေးကောက်ပွဲများတွင် ယခင်ကျင့်သုံး
ခဲ့သည့် FPTP စနစ်မှ အချိုးကျကိုယ်စားပြုစနစ် တွင် ပါဝင်သော Closed List – PRကို ပြောင်းလဲ
ကျင့်သုံးနိုင်ရန်အတွက် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရမည်ဖြစ်သည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ
၁၀၉၊ ပုဒ်မ ၁၄၁၊ ပုဒ်မ ၁၆၁ တို့ပါ လွှတ်တော်အသီးသီး ဖွဲ့စည်းခြင်း ပြဋ္ဌာန်းချက်များနှင့်အညီ
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၉ (ဂ) ပါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၏ တာဝန်နှင့်
လုပ်ပိုင်ခွင့်ဖြစ်သော မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်းကို PR
စနစ်နှင့်ကိုက်ညီသော မဲဆန္ဒနယ်များအဖြစ် ပြင်ဆင်သတ်မှတ်ရန်၊
(ခ) ဥပဒေနှင့်အညီ ဖြစ်စေရန် ပြောင်းလဲကျင့်သုံးမည့်
PR စနစ်နှင့် လိုက်လျော ညီထွေ ဖြစ်မည့် ပြင်ဆင်ရန် လိုအပ်သော လွှတ်တော်ရွေးကောက်ပွဲဥပဒေများကို
ပြဋ္ဌာန်းခြင်း၊ နည်းဥပဒေများ ထုတ်ပြန်ခြင်းနှင့် လုပ်ငန်းလမ်းညွှန်များ ပြင်ဆင်သတ်မှတ်ခြင်း၊
(ဂ) မဲဆန္ဒနယ်များ ပြင်ဆင်သတ်မှတ်ခြင်း၊
မဲစာရင်းပြုစုခြင်း၊ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်းခြင်း၊ကိုယ်စားလှယ်လောင်းများ
မဲဆွယ် စည်းရုံးခြင်း၊ ပါတီကိုသာ ဆန္ဒပြုမဲပေး ရသည့် Closed List - PR နှင့်ကိုက်ညီသော
ဆန္ဒမဲလက်မှတ်အသုံးပြုခြင်း၊ မဲဆန္ဒနယ်အတွင်းနှင့် မဲဆန္ဒနယ်ပြင်ပကြိုတင်ဆန္ဒမဲပေးခြင်း၊
ကြိုတင်ဆန္ဒမဲများ ရေတွက်ခြင်းနှင့် ကြေညာခြင်း၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်း၊ မဲရုံအလိုက်
မဲရလဒ်များ ရေတွက်ခြင်းနှင့် ကြေညာခြင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် ပေါင်းစည်းရေတွက်ခြင်း၊
တိုင်း ဒေသကြီး/ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတွင် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲများ ပေါင်းစည်းရေတွက်ခြင်းနှင့်
အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးရေအား
တွက်ချက်ခြင်း၊ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ကြေညာခြင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာ
အမှုတွဲများ တင်သွင်းခြင်းစသည့် ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန်ကာလ
လုပ်ငန်းစဉ်များကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အတွက် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့်
မဲရုံဝန်ထမ်းများအား လေ့ကျင့်ပညာ ပေးခြင်း၊ မဲဆန္ဒရှင်ပြည်သူလူထုအား ရွေးကောက်ပွဲ အသိပညာပေးသည့်
လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်း။
အချိုးကျကိုယ်စားပြုစနစ်ဖြင့် လွှတ်တော်ရွေးကောက်ပွဲများ
ကျင်းပပြုလုပ်ရာတွင်ကိုယ်စား ပြုမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်မှု၊ ဥပဒေနှင့်ညီညွတ်မျှတမှုတို့ရှိလာမည့်အပြင်
ပါတီများမှ ထောက်ခံတင်ပြထားသည့် စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ်အရ ပါတီအမည်ကိုမူတည်သည့်
စနစ်ဖြစ်ရာ မဲဆန္ဒရှင်တို့က ပါတီကိုသာမဲပေးရမည် ဖြစ်ပြီး သက်ဆိုင်ရာပါတီကကိုယ်စားလှယ်
အမည် စာရင်းကို ဦးစားပေးအစီအစဉ်အတိုင်း ကော်မရှင် သို့ တင်ပြထားရသည့်စနစ်ဖြစ်သဖြင့်
မဲပေးမည့် ပြည်သူလူထုအနေဖြင့် ယခင်ရွေးကောက်ပွဲများတွင် မဲပေးသည့်အတိုင်း ဆောင်ရွက်ရမည်ဖြစ်သည့်
အတွက် မဲပေးရလွယ်ကူကြောင်း တွေ့ရှိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်
နိုင်ငံ ရေးပါတီများ၏ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ဥက္ကဋ္ဌက “လွှတ်တော်ရွေးကောက်ပွဲများကို မဲအများဆုံး ရသူအနိုင်ရသည့် (FPTP) စနစ်မှ
အချိုး ကျကိုယ်စားပြုစနစ် (PRs) သို့ ပြောင်းလဲဆောင် ရွက်နိုင်ရန် ယခုဆွေးနွေးချက်များအပေါ်
မူတည်၍ မိမိနိုင်ငံနှင့်သင့်လျော်ပြီး ဥပဒေနှင့်လည်း ညီညွတ်မှုရှိစေရန်အတွက် ပြင်ဆင်ရန်လိုအပ်သည့်
ဥပဒေများကိုပြင်ဆင်နိုင်ရန် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း”၊ “လွတ်လပ်ပြီး တရားမျှတသည့်
ရွေးကောက်ပွဲတစ်ရပ် ကျင်းပဆောင်ရွက်ရာမှာ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုရွေးကောက်
ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထု အားလုံးပူးပေါင်း ဆောင်ရွက်မှ အောင်မြင်မှာဖြစ်ကြောင်း”၊
“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးပါတီများနှင့်လက်တွဲပြီး
လာမည့်ရွေးကောက်ပွဲကို တိုင်းရင်းသား လူမျိုးစုများ၊ နိုင်ငံရေးပါတီငယ်များ၊ ယင်းတို့ကို
ထောက်ခံသည့်ဆန္ဒမဲများအရ ပါဝင်လာနိုင်ပြီး မျှမျှတတမှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့်
ကိုယ်စားလှယ်များ ရွေးချယ်ပေးနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏
ခြောက်လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ် ၁ ရက်တွင် နိုင်ငံတော်
စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းတွင်
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်း စဉ်(၅)ရပ်မှာ နောက်ဆုံးလုပ်ငန်းစဉ်က
လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပပြီး
အနိုင်ရသည့် ပါတီကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး
ဆက်လက်ဆောင်ရွက် ရမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အတွက် ကျွန်တော်တို့ဟာ လွတ်လပ်တရားမျှတတဲ့
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခြေအနေတွေဖန်တီးပေးရပါမယ်။
ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ကြရပါမယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို
မဖြစ်မနေလုပ်မယ်ဆိုတာ ကတိပြုပါတယ်” ဟု ပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်တွင် ရွေးကောက်ပွဲ
ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် လာမည့်ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရန် သေချာပါသည်။ လာမည့်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်ဖြင့်
ပြောင်းလဲကျင်းပရန် အဆင်သင့်အနေအထား ဖြစ်နေတာကိုလည်း တွေ့နေရပါသည်။ လွတ်လပ်၍တရားမျှတသော
ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်နေတာမို့ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့်
ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
ခေတ်ကာလအခြေအနေ၏ တောင်းဆိုချက်များအရ
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို အနာဂတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏
အမျိုးသားနိုင်ငံရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် အရေးပါသည့် အချိုးကျကိုယ်စားပြုစနစ်
(PRs) သို့ ရဲရဲဝံ့ဝံ့ ပြောင်းလဲကျင်းပပြီး တိုင်းရင်းသား လူမျိုးစုငယ်များအကျိုး၊
ပြည်သူလူထုအများစု ကောင်းကျိုး၊ အနာဂတ် မြန်မာနိုင်ငံတော်ကြီး၏ အကျိုးတို့ကို မျှော်မှန်းကာ
၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည်များကို ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်အနေဖြင့် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

No comments