သာယာအေးမြ နတ်တော်လ




စိန်ဌေးလှိုင်(ဟိုပုံးမြေ)


နတ်တော်လသည် မြန်မာပြက္ခဒိန်၏ နဝမမြောက်လဖြစ်ပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ကျရောက်ကာ ရက်မစုံသောလဖြစ်၏။ နတ်တော်၏အဓိပ္ပာယ်တွင် “နတ်”ဆိုသည်မှာ “နာထ”ဆိုသောစကားမှ ဆင်းသက်လာပြီး “အကြီးအကဲ”ကို ခေါ်ဆို၏။ “တော်”ဆိုသည်ကား “မြင့်မြတ်ကြီးကျယ်ခြင်း”ဖြစ်သည်။ ထို့ကြောင့် နတ်တော်လကို “ကြီးကျယ်မြင့်မြတ်သောလ” ဟု မှတ်ယူနိုင်၏။ ထို့ပြင် နတ်တော်လတွင် နတ်တို့ပျော်မြူးလေ့ရှိ၍ “နတ်ပျော်လ” ဟု ခေါ်ဆိုရာမှ နတ်တော်လဖြစ်လာသည်ဟုလည်း ဆိုကြ၏။ ပုဂံခေတ် ကျောက်စာများတွင် နတ်တော်လကို “နတ္တာင်၊နတ်တာဝ်” စသည်ဖြင့် အမျိုးမျိုးရေးထိုးခဲ့သည်။ 


နတ်တော်လကို ဗေဒင်အခေါ်အဝေါ်အားဖြင့် ဓနုရာသီဟု ခေါ်ဆိုသည်။ ဓနုဟူသောပါဠိမှာ လေးလက်နက်ကို ခေါ်ဆိုခြင်းဖြစ်၏။ ရာသီရုပ်ပုံမှာ လေးကိုဆွဲယူထားသော ယောက်ျားသဏ္ဌာန်ဖြစ်သည်။ နဂါးဦးခေါင်းမှာ တောင်အရပ်သို့လှည့်၏။ ရက်ရာဇာတို့မှာ ဗုဒ္ဓဟူးနှင့် သောကြာတို့ဖြစ်ကြပြီး ကြာသပတေးနှင့် စနေရက်များမှာ ပြဿဒါးရက်တို့ ဖြစ်ကြသည်။ ဟေမန္တဆောင်းရာသီသို့ ကျရောက်သောအချိန်ဖြစ်ရာ မြူမှုန်များမှာ မှိုင်းဝေလျက်ရှိပြီး အလွန်ချမ်းအေးသော ကာလဖြစ်၏။ နတ်တော်လ၏ စန်းယှဉ်သောနက္ခတ်မှာ မိဂသီနက္ခတ် ဖြစ်သည်။ ထို့ကြောင့် စာဆိုရှင် ဖိုးသူတော်ဦးမင်းက “ယုဂန္ဓိုရ်တောင် မိုထိပ်ဖျား၊ ရွှေလစန္ဒီနှင့် မိဂသီရောင်ခြည်ဖျန်းတယ်၊ မြန်းတူ ကြွသွား”ဟူသော ဒွေးချိုးတစ်ပုဒ်ကို ကုန်းဘောင်ခေတ်တွင် စပ်ဆိုခဲ့သည်။

 

နတ်တော်လ၏ ရာသီပန်းမှာ သဇင်ပန်းဖြစ်၏။ ငွေနှင်းရည်ကို သောက်သုံး၍ သဇင်ပန်းများပွင့်ကြပုံကို “နှင်းသောက်ကယ်ရွှင်ရွှင်၊ ပွင့်ဖူးတွေဆင်ကြသည်၊ ရွှေပင်ဆင့် ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်၊ ဂမုန်းအင့်အဖက်၊ ဆောင်းစက်ရိပ်ခို၊ ရေတွက်လို့ဆိုတော့မည်” ဟူသော ရကန်တစ်ပုဒ်ကို စာဆိုတော်ဦးတိုးက ရေးသားခဲ့သည်။


နတ်တော်လနှင့် မင်းမဟာဂီရိနတ်


သက္ကရာဇ် ၂၂၆ ခုနှစ် ပုဂံခေတ် သေဉ်လည်ကြောင်မင်းလက်ထက်တွင် နတ်တော်လသို့ရောက်လျှင် နတ်ကန္နားပွဲများ ကျင်းပခဲ့ကြသည်။ မိဖုရား၊ မှူးမတ်ဗိုလ်ပါများနှင့်အတူ ပုဂံပြည်သူ ပြည်သားအပေါင်းတို့ သည် ပုပ္ပားတောင်သို့တက်ကာ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်အသားများ၊ သေရည်သေရက်များဖြင့် နတ်များကို ပသကြ၏။ မင်းမဟာဂီရိနတ် ပူဇော်ပွဲကိုလည်း နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိ၏။ ထိုနတ်မောင်နှမသည် ပုပ္ပားတောင်တွင် အပိုင်စားရ၏။ ပါဠိစကားအရ မဟာဆိုသည်မှာ ကြီးသောဟု အဓိပ္ပာယ်ရပြီး ဂီရိဆိုသည်မှာ တောင်ကို ဆိုလိုခြင်းဖြစ်ရာ “တောင်ပိုင်ရှင်၊ တောင်ကြီးရှင်” ဟု ခေါ်ဆိုသည်။ မင်းမဟာဂီရိနတ် ပေါ်ပေါက်လာပုံမှာ ဤသို့ဖြစ်သည်။ တကောင်းပြည့်ရှင်လက်ထက်တွင် ခွန်အားဗလသန်မာသော ပန်းပဲလုပ်သား မောင်တင့်တယ်ဟူ၍ရှိခဲ့ရာ ၎င်း၏တူထုသံသည် မြေကြီးပင်တုန်ခါသွားသည်ဟု ပြောစမှတ် ရှိခဲ့သည်။ တကောင်းဘုရင်သည် မောင်တင့်တယ် ပုန်ကန်ခြား နားမည်ကို စိုးရွံ့သဖြင့် ညီမဖြစ်သူကို တော်ကောက်ခဲ့သည်။ အစ်ကိုဖြစ်သူကို ပရိယာယ်ဖြင့် ခေါ်ဆောင်ကာ စကားပင်ရင်း၌မီးရှို့၍ ကွပ်မျက်လိုက်၏။ ညီမဖြစ်သူပါ မီးပုံအတွင်းသို့ ခုန်ဆင်းလေသည်။ ထိုမောင်နှမနှစ်ဦးသည် နတ်စိမ်းများဖြစ်သွားကြကာ စကားပင်၌ ခိုလှုံနေကြရ၏။ အရိပ်ခိုသူ၊ လူသူ၊ ကျွဲ၊ နွားများကို ဖမ်းစားသဖြင့် ထိုအပင်ကိုခုတ်ကာ ဧရာတီမြစ်အတွင်းသို့ မျှောလိုက်ရာ ပုဂံပြည်၏ မြစ်ကမ်း၌ ဆိုက်ကပ်လေသည်။ သေဉ်လည်ကြောင်မင်းက ထိုစကားပင်ကို ဆယ်ယူပြီး ပုပ္ပားတောင်သို့ ပို့ဆောင်လိုက်၏။ ပုဂံဝန်းကျင်ရှိ အိမ်တိုင်းတွင် နတ်ကွန်းငယ်များ ဆောက်လုပ်ကြကာ ကျွဲ၊ နွား အသားတို့ဖြင့် ထိုနတ်ကို ယစ်ပူဇော်ကြသည်။ ကြွင်းကျန်သော တိရစ္ဆာန်အရိုးတို့ကို ထိုနတ်ကွန်းများတွင် ချိတ်ဆွဲထားလေ့ရှိကြရာ နတ်ကိုးကွယ် ယုံကြည်မှုသည် တစ်ဖက်စွန်းသို့ရောက်လာခဲ့သည်။


ထေရဝါဒဗုဒ္ဓသာသနာပြုမင်းဖြစ်သော အနော်ရထာဘုရင် လက်ထက်တွင် ထိုအယူအဆကို တားမြစ်ခဲ့သည်။ နတ်ရုပ်တို့ကို သံကြိုးဖြင့်ချည်တွဲကာ ပုဂံရွှေစည်းခုံဘုရား တစ်နေရာ၌ စုစည်းထားစေ၏။ သို့သော် နောင်ကာလများတွင် ထိုအယူအဆ ပြန်လည် ထွန်းကားလာသည်။ သက္ကရာဇ် ၉၁၈ခု တောင်ငူဘုရင်၊ ဘုရင့်နောင် လက်ထက်တွင် အိမ်ရှေ့၌ နတ်စင်ပြုလုပ်ထားရှိမှုကို ဆုံးမအပြစ်ပေးခဲ့သည်။ ထိုအခါ နတ်စင်များကို အိမ်ခန်းအတွင်းသို့ ပြောင်းရွှေ့ထားကြရာမှ “အိမ်တွင်းမင်းမဟာဂီရိနတ်ဟူ၍” ခေါ်ဝေါ်ကြသည်။


ထိုနတ်မောင်နှမသည် မီးလောင်ကျွမ်းကာ တိမ်းပါးခဲ့ခြင်းကြောင့် အလင်းရောင်ကို မနှစ်သက်ပေ။ ခန်းဆီးအနီစဖြင့် ကာထားကြသည်။ မီးလောင်ဒဏ်ရာကို သက်သာစေရန်ဟု ရည်ရွယ်ကာ အုန်းသီးစိမ်းတို့ဖြင့် ပသကြ၏။ ယနေ့ထက်တိုင် ရှင်သန်နေဆဲဖြစ်သော ဓလေ့ စရိုက်တစ်ခုဖြစ်ရာ စိတ်ဝင်စားဖွယ်ကောင်းလှသည့် ဒဏ္ဍာရီတစ်ပုဒ် ဖြစ်ပေသည်။ နောက်ပိုင်းတွင် မဟာဂီရိနတ်မောင်နှမအား ပူဇော်ပသမှုသည် ဗုဒ္ဓဝါဒနှင့် မကိုက်ညီသဖြင့် တစ်စတစ်စ ကွယ်ပျောက်သွား၏။ ဒုတိယအင်းဝခေတ်ဦးပိုင်းတွင် နတ်တော်လ၌ မဟာဂီရိနတ်ပွဲအစား မဟာပိန္နဲနတ်ပွဲကို ရာသီပွဲအဖြစ် ပြောင်းလဲကျင်းပသည်ဟု ခန့်မှန်း ရ၏။ 


မဟာပိန္နဲနတ်ပူဇော်ပွဲ


ထိုမဟာပိန္နဲနတ်ပူဇော်ပွဲမှာလည်း ရိုးရာပွဲတစ်ခုဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာကျမ်းဂန်များအရ ဖြစ်ပေါ်လာသော ပွဲတော်မဟုတ်ပေ။ ယင်းသို့သော ပွဲတော်ကို “ဆယ်နှစ်ဖြာငယ်၊ ရာသီဓနု၊ ရွှေဟင်္သာလဲ၊ တာရာဖြူလို့၊ ဇေယျူငယ်ဗြဟ္မာ၊ ဟေမန္တမို့၊ မဟာပိန္နဲနတ် မင်းပွဲမှာ ကျွေးမြဲပူဇော် လနတ်တော်ကို ရှုမျှော်တိမ်ဆီ မိဂသီလဲ၊ ခါညီမွန်းလယ် ထွန်းရောင်ခြည်ခြယ်သောအခါ၊ နတ်ရွှေဝဥကင်မှာ ဂမုန်းအင်သဇင်မင်းငယ်က သင်းလှတယ်လေး” ဟူ၍ မဟာအတုလမင်းကြီးက လွမ်းချင်းဖြင့် မှတ်တမ်းတင်ခဲ့သည်။ မဟာပိန္နဲနတ်သည် တန်ဆောင်မုန်းလတွင် မွေးဖွား၍ အစွယ်တစ်ချောင်းရှိကြောင်း၊ ဆင်မျက်နှာနှင့်တူကြောင်း၊ လှံလက်နက်စွဲကိုင်ကြောင်း၊ ဥဒေါင်းယာဉ်ရှိကြောင်း၊ နတ်စစ်သူကြီးဖြစ်ကြောင်း သက္ကတအဘိဓာန်၌ ဖွင့်ဆိုထား၏။


ပဒေသရာဇ်ခေတ် မြန်မာဘုရင်များ လက်ထက်တွင် ဆင်တပ်သည် ဘုရင့်တပ်မတော်တွင် အထူးအရေးကြီးသောတပ်ဖြစ်သည်။ နတ်တော်လသို့ရောက်လျှင် တောဆင်ရိုင်းများကို ကျုံးတော်သို့သွင်း၍ ကျော့ဖမ်းခြင်း ပြုလုပ်ကြသည်။ “နတ်တော်ရောက်ငြား မိုးသားမငြိမ်၊ ဆင်ရာတိမ်” ဟု ဆယ့်နှစ်လရာသီမိုးဘွဲ့တွင် စပ်ဆိုခဲ့၏။ ဆင်ဖမ်းသမားများသည် တောအတွင်း၌ ဆင်များကို လိုက်လံရှာဖွေသောအခါ ဆင်ခြေရာများကိုတွေ့လျှင် သစ်ခက်ချိုးပြီး စိုက်ထောင်ထားလိုက်သည်။ မည်သည့်ခြေရာသည်အဟောင်း၊ မည်သည့်ခြေရာသည်အသစ် စသည်ဖြင့် စစ်ဆေးမှတ်သားကြသည်။ နတ်တော်လတွင် ဆင်ခြေရာ တိမ်ရုံလေးပင် မိုးရွာကျတတ်သည်။ ဆင်ဖမ်းသဘင်ကျင်းပချိန်တွင် ရွာသောမိုးကို ဆင်ရာတိမ်မိုး၊ ဆင်ရာဖျောက်မိုးဟု ခေါ်ကြသည်။


အညာကျေးလက်မှ တောင်သူဦးကြီးတို့သည် ကောက်ပဲသီးနှံများကို နတ်တော်လတွင် ရိတ်သိမ်းကြသည်။ သီးနှံများ အသိမ်အဖျင်း မပါရှိစေဘဲ အဆန်အောင်စေရန်အတွက် ထမင်းဖြူ၊ မုန့်ဆီကြော်ဖြူ/နီ၊ ငါးခြောက်ကြော်များဖြင့် ယာခင်းစောင့်နတ်တင်မြှောက်ခြင်းကို “ယာသမုတ်တင်သည်” ဟု ခေါ်ဆိုကြသည်။ “နတ်တော်မုန့်လုံး၊ ဆင်ချေးတုံး” ဟူ၍ အဆိုရှိခဲ့ရာ နတ်တော်လသို့ရောက်လျှင် ကောက်ညှင်းများ လှိုင်လှိုင်ပေါ်သဖြင့် မုန့်လုံးများကို ပြုလုပ်ကြသည်မှာ ဆင်ချေးတုံးပမာ ကြီးမားလှပြီး ရပ်ထဲရွာထဲသို့ ပေးဝေကြ၏။ 


“နတ်တော်လရောက် ကောက်ဆွပေါက်” ဟုလည်း ဆိုစကား ရှိခဲ့သည်။ ရိတ်သိမ်းပြီးသော ရွှေဝါရောင်ကောက်လှိုင်းစည်းတို့ကို လှည်းဖြင့်တိုက်၍ မိမိတို့လုပ်ငန်းခွင်မြေတလင်းသို့ အရောက် သယ်ဆောင်လာကြ၏။ ကောက်လှိုင်းများကို ပြန့်ပြန့်ပြူးပြူးခင်းကာ ကျွဲ၊ နွားဖြင့် စပါးနယ်ရ၏။ နင်းနယ်ပြီးသော ကောက်ပြန့်များကို ကောက်ရိုးတခြား၊ စပါးတခြားဖြစ်အောင် ကောက်ဆွပေးရခြင်းကို ဆိုလိုခြင်းဖြစ်ပေသည်။


စာဆိုတော်ပွဲ


နတ်တော်လတွင် အခြားလများနှင့်မတူသော ရာသီပွဲတော် တစ်ခုလည်း ရှိနေပါသေးသည်။ ၎င်းမှာ စာဆိုတော်ပွဲပင်ဖြစ်သည်။ စာဆိုတော်ဆိုသည်မှာ ပဒေသရာဇ်ခေတ်က တွင်ကျယ်ခဲ့သော ထီးသုံးနန်းသုံး ဝေါဟာရတစ်ခုဖြစ်၏။ ဘုရင်၊ မိဖုရား၊ အိမ်ရှေ့မင်းသား၊ ဘုရင့်သားတော်၊ သမီးတော်တို့ ဘုန်းတန်ခိုးကြီးပုံ၊ လက်ရုံးရည် နှလုံးရည်ထူးချွန်ပုံနှင့် ချောမောလှပပုံများအား ချီးကျူးဖွဲ့ဆိုသူများကို စာဆိုတော်များဟု ခေါ်ဆိုခဲ့ကြသည်။ 


ရှေးမြန်မာဘုရင်တို့သည် စာပြန်ပွဲကို တစ်နှစ်လျှင်တစ်ကြိမ် နယုန်လတွင် ကျင်းပကြသည်။ ထိုစာပြန်ပွဲများမှ လောကီ၊ လောကုတ္တရာကိစ္စများတွင် ထူးချွန်သောပညာရှိများ၊ နိုင်ငံရေး၊ ပညာရေးနှင့် အုပ်ချုပ်ရေးတို့တွင် လိမ္မာကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စွမ်းရှိသော ပညာရှင်များအား မွေးထုတ်ပေးလျက်ရှိ၏။ ၎င်း ပညာရှင်များအား ဘွဲ့ထူး၊ ဂုဏ်ထူးပေးအပ်ခြင်း အခမ်းအနားကို နတ်တော်လတွင် ကျင်းပလေ့ရှိသည်။ ယင်းဘွဲ့နှင်းသဘင်ပွဲမျိုးသည် စစ်သူရဲကောင်းများ၊ စာပေသူရဲကောင်းများ၊ လူရည်ချွန်များ ထွန်းပေါ်လာအောင် ဖန်တီးပေးသဖြင့် တိုင်းပြည်အတွက် အလွန်ကျေးဇူးများသော ပွဲတော်မျိုးဖြစ်သည်။ ကင်းဝန်မင်းကြီး၊ ပခန်းဝန်ကြီးတို့သည် ရဟန်းအဖြစ်မှ လူဝတ်လဲပြီးနောက် နန်းတော်သို့ရောက်လာကြပြီး အုပ်ချုပ်ရေးယန္တရားများကို ကိုင်တွယ်ရသော လွှတ်တော်၊ ရုံးတော်၊ ဗြဲတိုက်တော်တို့တွင် တာဝန်ယူကြရသည်။ လေးစားဖွယ်ရာပါရဂူ လူပြန်တော် ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။ ဤအစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် မျက်မှောက်ခေတ်တွင် “စာဆိုတော်နေ့” အဖြစ်သတ်မှတ်ကာ ထူးချွန်စာပေပညာရှင်များအား ဂုဏ်ပြုလျက်ရှိသည်မှာ နတ်တော်လ၏ ဂုဏ်ထူးဝိသေသတစ်ခုဟု ဆိုနိုင်ပေသည်။


စာပေသည် ယဉ်ကျေးမှုကို ဖြစ်ထွန်းစေသည့်အတွက် စာပေ၏ ကျေးဇူးက ကြီးမားလှ၏။ “ကလောင်သွားသည် ဓားမြောင်သွားထက်ထက်သည်” ဆိုသော စကားအရ စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် ထူးချွန်ထက်မြက်သော အရည်အသွေးများကို ရရှိစေနိုင်၏။ အသိ အလိမ္မာဟူသမျှကို စာပေမှ ရရှိနိုင်သည်။ စာဆိုတော် ရှင်မဟာရဌသာရ က “စာပေစကား၊နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်” ဟူ၍ ရေးသားခဲ့၏။ ထို့ကြောင့် နိုင်ငံတော်အစိုးရက စာဆိုတော်များအား စာပေ ဗိမာန်စာမူဆု၊ အမျိုးသားစာပေဆု၊ အမျိုးသား စာပေတစ်သက်တာဆု စသည်တို့ကို နှစ်စဉ်နတ်တော်လ ရောက်တိုင်း ချီးမြှင့်ပေးလျက်ရှိသည်။


 ယခုခေတ်အခါတွင် နတ်တော်လ၌ နတ်ပူဇော်ပွဲနှင့် မဟာပိန္နဲ နတ်ပွဲတို့ကို ကျင်းပပြုလုပ်မှု အားနည်းလာကာ နိုင်ငံတော်၏ အမျိုးသားရေးဖြစ်သည့် စာဆိုတော်ပွဲကို ကျင်းပခြင်းသည် တစ်မူ ထူးခြား လေးနက်နေပေသည်။ စာဆိုပွဲတော်ကို ကျင်းပခြင်းအားဖြင့် မြန်မာစာပေ အရေးအသားများ တိုးတက်မြင့်မားလာရ၏။ “စာပေမြင့် မှ လူမျိုးမြင့်မည်” ဆိုသည့် စကားအတိုင်း စာပေအနုပညာရပ်များ တိုးတက်မြင့်မားမှသာ ပြည်သူများသည် ဗဟုသုတအသိပညာများ သိရှိလာကာ ထိုတိုင်းပြည် သည်လည်း စည်ပင်ဝပြောပေလိမ့်မည်။ တောင်သူဦးကြီးတို့သည် ကောက်ပဲသီးနှံများ ရိတ်သိမ်းချိန်ဖြစ်ရာ ဝမ်းသာပီတိဖြစ်ကြရပြီး မြေကြီးမှရွှေသီးသောလဖြစ်သည်။ ရာသီဥတုမှာလည်း သာယာအေးမြလျက်ရှိရာ “သာယာအေးမြ နတ်တော်လ” ဟု တင်စားရေးသားလိုက် ရပေတော့သည်။ ။


ကိုးကား- မြကေတု၏ နန်းဓလေ့မှတ်တမ်းများ

No comments

Powered by Blogger.