ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာ့စာတိုက်လုပ်ငန်း၊ ရုံးချုပ်နှင့် နေပြည်တော် စာတိုက်ကြီး ဝန်ထမ်းများနှင့်အတူ မိသားစု မိတ်ဆုံ‌နေ့လယ်စာ သုံးဆောင်



နေပြည်တော် နိုဝင်ဘာ ၂၅


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ သစ္စာရှိစွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့် မြန်မာ့စာတိုက်လုပ်ငန်း၊ ရုံးချုပ်နှင့် နေပြည်တော် စာတိုက်ကြီးရှိ အရာထမ်း၊ အမှုထမ်းများကို အသိအမှတ် ပြုသောအားဖြင့် မိသားစုမိတ်ဆုံ နေ့လယ်စာစားပွဲကို ပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာန အားကစားပြိုင်ပွဲများ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲ တစ်ဦးချင်းနှင့် နှစ်ယောက်တွဲ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။


ပြည်ထောင်စုဝန်ကြီးက မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် စည်းလုံး ညီညွတ်စွာဖြင့် အားကစားပြိုင်ပွဲများတွင် အားပေးခဲ့ကြသည့် အလေ့အထကို ထိန်းသိမ်းသွားစေလိုပါ ကြောင်း၊ နိုင်ငံတော်မှ စိုက်ထုတ်ပေးနေရသည့် အရှုံးများလျော့နည်းအောင်၊ ဝင်ငွေတိုးတက်ရရှိရေး နည်းလမ်းများလည်း ရှာဖွေပြီး ထပ်ဆောင်းဝန်ဆောင်မှု (value added service) များဖြင့် မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပေးနေကြပြီး၊ လုပ်ငန်းများ အရှိန်အဟုန်မပြတ် ရပ်တန့်မှုမရှိစေရေး ဆောင်ရွက်ပေး နေကြသော တစ်နိုင်ငံလုံးရှိ မြန်မာ့စာတိုက် ဝန်ထမ်းများကို အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်း၏ “ VISION ” ဖြစ်သည့် “Myanmar Post for Everyone” “လူတိုင်းအတွက် မြန်မာ့ စာတိုက်လုပ်ငန်း” ဖြစ်စေရေး ပြည်သူလူထုအတွက် အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် ဝန်ထမ်းများအားလုံး အတူတကွ ကြိုးပမ်း ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း  မိသားစုမိတ်ဆုံ နေ့လယ်စာအား သုံးဆောင်ခဲ့ကြပြီး ရင်းနှီးပွင့်လင်းစွာ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.