စာပေအနုပညာနယ်ပယ်၌ ခေတ်အဆက်ဆက်က မြန်မာစာပေဖွံ့ဖြိုးရေးနှင့် စာပေအနုပညာရှင် စာရေးဆရာတို့၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က တတ်အားသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော် နိုဝင်ဘာ
၂၃
၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း
ဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်သည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ
ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ကောင်စီဝင်များ၊
ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊
တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီး များ၊
စာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီဝင် ဆရာကြီး၊ ဆရာမ ကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေ
ပညာရှင်များ၊ အနုပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာ အပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ မြေညီ ထပ်၌ ခင်းကျင်းပြသထားသည့် ဆုနှင်းသဘင် အထိမ်းအမှတ်ပြခန်းရှိ
ဆုရရှိသူများ၏ အတ္ထုပတ္တိ၊ ဓာတ်ပုံ၊ ဆုရစာအုပ်များနှင့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် အခမ်းအနားကို စတင်ကျင်းပရာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြ
သူများသည် “စာပေစွမ်းအား ကလောင်အားဖြင့် ရှေ့သို့ချီမည် ပန်းတိုင်ဆီ” Video Clip ကို
ကြည့်ရှု ကြသည်။
အလေးအမြတ်ဂုဏ်ပြု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု
အစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်၌ မိမိနိုင်ငံနှင့် အများပြည်သူတို့၏
ကောင်းကျိုး အဖြာဖြာအတွက် ကလောင်အစွမ်းဖြင့် တတ်စွမ်း သမျှ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့်
စာပေ ပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေ ဂုဏ်ကျေးဇူးကို အလေးအမြတ်ဂုဏ်ပြုပြီး
စာဆို တော်နေ့ အခမ်းအနားကို ၁၉၄၄ ခုနှစ်က စတင်ကျင်းပလာခဲ့သည်မှာ ယခုအခါနှစ်ပေါင်း ၇ဝ
ကျော် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အစဉ်အလာ ကြီးမားပြီး ထူးမြတ်သည့် ယနေ့စာပေဆုနှင်းသဘင်
အခမ်းအနားတွင် ဂုဏ်ပြုအမှာစကား ပြောကြားခွင့်ရသည့်အတွက် ကြည်နူးဝမ်းမြောက်မိပါကြောင်း။
ရာဇကုမာရ်ကျောက်စာကို ရည်ညွှန်း
မိမိတို့ မြန်မာစာပေသည် ပုဂံခေတ် ၁၂
ရာစုအစတွင် စတင်ပေါ်ပေါက်ခဲ့ပြီး ယခုမျက်မှောက်ခေတ် အထိဆိုပါက နှစ်ပေါင်း ၁၀၀၀ နီးပါး
သက်တမ်းရှိပြီဖြစ်ပါကြောင်း၊ မြန်မာစာပေ၌ အစောဆုံးစာပေ အရေးအသားအဖြစ် သက္ကရာဇ်အခိုင်အမာပါရှိသည့်
ရာဇကုမာရ် ကျောက်စာကို ရည်ညွှန်းကြပါကြောင်း၊ မိမိတို့ မြန်မာစာပေလောကကြီး နှစ်ပေါင်းကြာရှည်
ရပ်တည်နိုင်ခြင်းသည် ခေတ်အဆက်ဆက်က နိုင်ငံ့ခေါင်းဆောင်များ၊ ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆိုကြီးများ၏
ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးမှု၊ ကြိုးပမ်းအားထုတ်မှုများ၏ အသီးအပွင့်ပင်ဖြစ်ပါ
ကြောင်း၊ ထိုကဲ့သို့ ပုဂ္ဂိုလ်ကြီးများ၏ ကျေးဇူးကို ချီးကျူးဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအဝန်း
နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်နေ့တွင် “စာဆိုတော်နေ့” အခမ်းအနားကို ကျင်းပခဲ့ကြခြင်း
ဖြစ်ပါကြောင်း။
နှစ်စဉ်ကျင်းပလျက်ရှိ
စာဆိုတော်နေ့ ဖြစ်ပေါ်လာပုံကို လေ့လာကြည့်သည့်အခါ
ဂျပန်ခေတ်တွင် ပညာတံခွန်အသင်းက ကွမ်းခြံကုန်းမြို့၌ အဘိဓာန်နှင့် ပညာစွယ်စုံကျမ်းများ
ပြုစုရေးလုပ်ငန်းများကို ဆောင်ရွက်နေစဉ် “စာဆိုတော်ကြီး ဦးပုညနေ့” ကျင်းပရန် စီစဉ်ခဲ့ကြပါကြောင်း၊
ရန်ကုန်မြို့မှာရှိသည့် ပညာတံခွန်အသင်းကြီးက စာဆိုတော်တစ်ဦးအတွက် နေ့တစ်နေ့ သတ်မှတ်ကျင်းပခြင်းထက်
စာဆိုတော်အများနှင့် သက်ဆိုင်သည့် နေ့တစ်နေ့အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ကျင်းပသင့်သည်ဟု
အကြံပြုခြင်း ကြောင့် ပညာတံခွန်အသင်းက ပုဂ္ဂိုလ်ကြီးများ၊ စာပေပညာရှင်ကြီးများနှင့်
မြန်မာနိုင်ငံ စာရေးဆရာ အသင်းက ပုဂ္ဂိုလ်များသည် ၁၉၄၄ ခုနှစ်၊ မေလ ၈ ရက်တွင် အစည်းအဝေးကျင်းပပြီး
နှစ်စဉ်နတ်တော် လဆန်း ၁ ရက်၌ “မြန်မာစာဆိုတော်နေ့” ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရပါကြောင်း၊
ပထမအကြိမ် စာဆိုတော်နေ့ အခမ်းအနားကို ၁၃၀၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (၁၉၄၄ ခုနှစ်၊
နိုဝင်ဘာလ ၁၅ ရက်) တွင် စတင်ကျင်းပခဲ့သည်မှာ ယနေ့ထက် တိုင် အဆိုပါအစဉ်အလာကို ဆက်လက်ထိန်းသိမ်း
ပြီး နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ၇၈ နှစ်ကြာ ခဲ့ပြီဖြစ်ပါကြောင်း။
အထောက်အပံ့ကောင်းများဖြစ်
စာပေသည် “ခေတ်ရဲ့ကြေးမုံ” ဟု ပညာရှိများက
ကမ္ပည်းတပ်ကြပါကြောင်း၊ မြန်မာစာပေသမိုင်းတွင် နန်းသုံးတော်ဝင်စာပေများအပြင် ကျေးလက်ပြည်သူ
အလွှာစုံအထိ ပြည်သူ့အကျိုးပြုစာပေများသည် ခေတ်အဆက်ဆက်၏ ကြေးမုံပြင်တွင် အထင်အရှား ကျန်ရစ်ခဲ့ပါကြောင်း၊
မြန်မာစာပေလောက ရှင်သန် ဖွံ့ဖြိုးရန်အတွက် ကြိုးပမ်းကြရာတွင် စာပေကိုပြုစု ရေးသားကြသည့်
စာဆိုတော်ကြီးများ၏ အခန်း ကဏ္ဍသည် အရေးပါသကဲ့သို့ စာပေပညာရှင်ကြီး များကို အားပေးချီးမြှောက်ပေးသည့်
နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စေတနာရှင် လူပုဂ္ဂိုလ်များ၏ စေတနာသည်လည်း
တစ်ထောင့် တစ်နေရာမှ ပါဝင်လျက်ရှိပါကြောင်း၊ အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆု၊
စာပေ ဗိမာန်စာမူဆု၊ ပုဂ္ဂလိကစာပေဆု စသဖြင့်စာဆို တော်ကြီးများကို ဆုများပေးအပ်၍ချီးကျူးဂုဏ်ပြုခြင်း၊
စာရေးဆရာအသင်းအဖွဲ့များ ဖွဲ့စည်းပြီး စာပေ လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ စာတမ်းဖတ်ပွဲ၊
စာပေ ဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲများ ပြုလုပ်ခြင်း တို့သည်လည်း မြန်မာစာပေလောက
ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်းများ ဖြစ်ကြပါကြောင်း။
ထို့ကြောင့် နိုင်ငံတော်အစိုးရကလည်း
မြန်မာ့ ယဉ်ကျေးမှုအနုပညာအသီးသီး ဖြာထွက်ရာ ပင်မ မဏ္ဍိုင်ဖြစ်သည့် မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ရေးကို
ရည်သန်မျှော်ကိုးပြီး စာဆိုတော်ကြီးများ၏ စာပေလက်ရာမွန်များကို နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုနှင့်
စာပေဗိမာန်စာမူဆုအဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ရောက်တိုင်း နှစ်စဉ်ချီးမြှောက် ဂုဏ်ပြုပေးလျက်ရှိသည်မှာ
ယခုအခါ နှစ်ပေါင်း ၇၀ ကျော်ပြီ ဖြစ်ပါကြောင်း။
ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲချီးမြှင့်ခဲ့
စာပေဆုများတွင် နိုင်ငံတော်အဆင့် အမြင့်ဆုံး
စာပေဆုဖြစ်သည့် အမျိုးသားစာပေဆုကို ၁၉၄၈ ခုနှစ်က စတင်ပြီး အသွင်အမျိုးမျိုးဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်ပါကြောင်း၊
“စာပေဗိမာန်ကာလပေါ် ဝတ္ထုဆု” မှ “စာပေဗိမာန်ဆု” ၊ “အနုပညာစာပေဆိုင်ရာဆု”၊ “အမျိုးသားစာပေဆု”
စသည်ဖြင့် ဆုအမည်ကို ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲချီးမြှင့်ခဲ့ပါကြောင်း၊ ဆုချီးမြှင့်မည့်
ဘာသာရပ်များကိုလည်း တိုးတက် ချီးမြှင့်ခဲ့သည်မှာ ၂၀၂၁ ခုနှစ်အတွက် အမျိုးသား စာပေဆုတွင်
ဆုချီးမြှင့်မည့် ဘာသာရပ် ၁၉ မျိုး ရှိလာခဲ့ပြီ ဖြစ်ပါကြောင်း။
ဘာသာရပ် ၁၄ မျိုးအထိ ဆုချီးမြှင့်နိုင်
ထို့ပြင် မြန်မာစာပေအကျိုးကို တစ်သက်တာလုံး
အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တစိုက်မတ်မတ် စာပေရေးသားပြုစုခဲ့သည့် စာပေပညာရှင်ကြီးများကို
အသိအမှတ်ပြု ချီးမြှောက်သည့်အနေဖြင့် “အမျိုးသားစာပေ တစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်တွင်
စတင်၍ချီးမြှင့်ခဲ့ပါကြောင်း၊ ၎င်းအပြင် အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေရန်
အခက်အခဲရှိသည့် ကလောင်ရှင်များ၏ စာမူကောင်းများကို စာအုပ်အဖြစ် ထုတ်ဝေပေးရန်နှင့် ဆုချီးမြှင့်
နိုင်ရေးရည်ရွယ်ပြီး ပြိုင်ပွဲဝင်စနစ်ဖြင့် “စာပေဗိမာန် စာမူဆု” အဖြစ် ရွေးချယ်ပြီး
ဘာသာရပ် ၁၄ မျိုး အထိ ဆုချီးမြှင့်နိုင်ခဲ့ပြီဖြစ်ပါကြောင်း။
ယနေ့အခမ်းအနားတွင် အမျိုးသားစာပေဆု
အတွက် ၂၀၂၁ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၄၆၆ အုပ်ထဲမှ
ဘာသာ ရပ် ၁၉ ခုအနက် ဘာသာရပ် ၉ ခု၊ စာပေဗိမာန်စာမူဆု တွင် ပြိုင်ပွဲဝင်စာမူ ၂၆၂ စောင်အနက်
ဘာသာရပ် ၁၄ ခုထဲမှ ဆုချီးမြှင့်ရန် ထိုက်တန်သည့် စာမူပေါင်း ၂၈ ခုကို ဆုများချီးမြှင့်
ပေးသွားမည်ဖြစ်ပါကြောင်း။
ယခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု
ရရှိကြသည့် စာပေပညာရှင်ကြီး လေးဦးသည်လည်း မိမိတို့ဘဝတစ်လျှောက်လုံး စာပေလောကထဲတွင်
နှစ်မြှုပ်ပြီး နိုင်ငံအတွက်၊ အများပြည်သူအတွက် ကောင်းကျိုးဖြစ်ထွန်းစေမည့် သုတ၊ ရသစာပေ
များကို တစိုက်မတ်မတ် ရေးဖွဲ့ခဲ့ကြသူများ ဖြစ်ပါ ကြောင်း၊ ယခုစာပေပညာရှင်ကြီးများ၏
စာပေ လက်ရာများသည် မြန်မာစာပေလောက ဖွံ့ဖြိုး ရေးတွင် အထောက်အကူ ဖြစ်စေရုံသာမက “စာပေမြင့်မှ လူမျိုးတင့်မည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း၊
နိုင်ငံနှင့် လူမျိုးအကျိုး မြှင့်တင်ပေးနေသည့်အတွက် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို
ဂုဏ်ပြုချီးမြှောက်ခွင့် ရသဖြင့် များစွာဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း။
မွေ့လျော်ရာစာပေနယ်ကို တိုးဝင်ရန်ကြိုးပမ်း
၂၀၂၁ ခုနှစ်အတွက် စာပေဆုရရှိခဲ့ကြသည့်
စာရေးသူများနှင့် စာအုပ်များကို ကြည့်မည်ဆိုပါကလည်း ကလောင်နု၊ ကလောင်လတ်၊ ကလောင်ရင့်တို့
ပါဝင်ကြပြီး အတွေးစုံ၊ အမြင်စုံ၊ ရသစုံစွာ စာပေအဆင့်အတန်းမီအောင် ရေးဖွဲ့ထားကြသည်ဟု
ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ထားပါကြောင်း၊ ဆုရရှိကြသူများထဲတွင် နိုင်ငံသိ စာရေးဆရာကြီးများ၊
ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဝန်များ၊ တပ်မတော်အရာရှိများ၊ အငြိမ်းစားဝန်ထမ်းများ ပါဝင်ကြသကဲ့သို့
ဝါသနာကိုအရင်းတည်ပြီး မွေ့လျော်ရာ စာပေနယ် ကို တိုးဝင်ရန်ကြိုးပမ်းလာကြသည့် စာပေဝါသနာရှင်များ
ဆုဆွတ်ခူးရရှိခဲ့ကြသည်ကို တွေ့ရသဖြင့် ကျေနပ်အားရဖြစ်မိပါကြောင်း။
အဓိကအခြေခံထား
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရုပ်ဝတ္ထုပိုင်းဆိုင်ရာများသည် အရေးပါသကဲ့သို့ ဉာဏပစ္စည်းဆိုင်ရာများကလည်း ထပ်တူအရေးကြီးပါကြောင်း၊
နိုင်ငံတစ်နိုင်ငံ၏ စာပေနှင့် အနုသုခုမ ပညာရပ်များသည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်
တစ်ခုဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းကို အကဲဖြတ်ရာတွင်
အဓိက အခြေခံထားကြပါကြောင်း၊ နိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်ခဲ့ကြသည့် မြန်မာမင်းများလက်ထက်
မှစပြီး နိုင်ငံတော်အစိုးရအဆက်ဆက်တို့သည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိပြီး
လုပ်ငန်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့်
စာပေအနုပညာ ယဉ်ကျေးမှုနယ်ပယ်မှ စာပေနှင့် အနုပညာရှင်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊
ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှောက်ခဲ့ကြပါကြောင်း။
စဉ်ဆက်မပြတ် ချီးမြှင့်သွားမည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ၂၀၂၂ ခုနှစ်၊ မတ်လတွင် စာပေနှင့် အနုပညာနယ်ပယ်က
ထူးချွန်သူ ၂၅ ဦး၊ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ၈ ဦးနှင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်မှာ
ကျရောက်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့တွင် ၇ ဦးတို့ကို အလင်္ကာကျော်စွာဘွဲ့များ ချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊
အလင်္ကာကျော်စွာဘွဲ့ကို စာပေနှင့်အနုသုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား
ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရအပြီး ပါလီမန်ခေတ်ကစ၍ ယနေ့မျက်မှောက် ခေတ်ကာလအထိ
အလင်္ကာကျော်စွာဘွဲ့ ရရှိသူပေါင်း ၆၄ ဦး ရှိပြီဖြစ်ပါကြောင်း၊ အဆိုပါပုဂ္ဂိုလ်များထဲတွင်
စာပေပညာရှင်များအဖြစ် တစ်သက်တာစာပေဆုရ ဆရာကြီး၊ ဆရာမကြီး ၁၉ ဦးလည်း အပါအဝင် ဖြစ်ပါကြောင်း၊
ဆက်လက်၍လည်း ချီးမြှင့်သင့်ချီးမြှင့် ထိုက်သူများကို စဉ်ဆက်မပြတ် ချီးမြှင့်သွားမည်လည်း
ဖြစ်ပါကြောင်း။
ထို့ပြင် စာပေအနုပညာနယ်ပယ်၌ ခေတ်အဆက်ဆက်က
မြန်မာစာပေဖွံ့ဖြိုးရေးနှင့် စာပေအနုပညာ ရှင် စာရေးဆရာတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်
နိုင်ငံတော်က တတ်အားသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ အစိုးရ လက်ထက်တွင်လည်း
အနုပညာနယ်ပယ် အသီးသီးရှိ အနုပညာဖန်တီးမှု လုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရေးအတွက်
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် “အနုပညာ ဗဟိုဌာနအဆောက်အဦ (Art Centre)” များနှင့်
စာပေလောကသားများ စုစည်းဆောင်ရွက်စေရန် နှင့် မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ထာဝရ
ရှင်သန်စေရန်အတွက် “စာဆိုဗိမာန်” ကိုလည်း တည်ဆောက်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
အရှိန်အဟုန်ဖြင့် ချီတက်နေ
ယခုအခါ မိမိတို့နိုင်ငံတွင် ပြည်သူလူထု၏
ဆန္ဒ ဖြစ်သည့် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်”ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို အရှိန်အဟုန်ဖြင့်
ချီတက်နေသည့်အချိန် ဖြစ်ပါကြောင်း၊ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်ရန်အတွက်
မိမိတို့နိုင်ငံသားများ၏ အထူးသဖြင့် အနာဂတ်နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြမည့် လူငယ်များ၏
အတွေးအခေါ်၊ အသိပညာ တိုးတက်ဖွံ့ဖြိုးအောင် ဖြည့်ဆည်းပေးရန်နှင့် နိုင်ငံတကာအလယ်တွင်
ဝင့်ထည်စွာရပ်တည်နိုင်ရန် မီဒီယာများ ပေါင်းစည်း ဆောင်ရွက်မှုကဏ္ဍ ဖွံ့ဖြိုးရန်လည်း
လိုအပ်ပါကြောင်း။
လူမှုရေးဦးတည်ချက် သုံးရပ်ဖြစ်သည့်
“စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး” “တိုင်းရင်းသား
လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာ များကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု
စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး” “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်
ရေးနှင့် ပညာရည်မြင့်မားရေး” စသည့် ဦးတည်ချက်များကို အကောင်အထည် ဖော်နိုင်ရန်မှာ စာပေပညာရှင်ကြီးများ
အပါအဝင် ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် အနုပညာရှင်အသီးသီး၏ စစ်မှန်ကောင်းမွန်သည့် စွမ်းဆောင်မှုများက
များစွာထိရောက် အောင်မြင်စေမည်ဖြစ်သည်ကို ပြောကြားလိုပါကြောင်း။
အသိပညာအလိမ္မာကို ရရှိစေမည်
ယနေ့ကဲ့သို့ ပညာခေတ်တွင် ရုပ်ဝတ္ထုများ
ဘက်ပေါင်းစုံက အချိန်နှင့်တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်နေသည်နှင့်အညီ အဆိုပါရုပ်ဝတ္ထုပစ္စည်းများကို
ကိုင်တွယ်အသုံးချနေသည့် မိမိတို့လူသားများ၏ အသိပညာမြင့်မားရေးနှင့် စိတ်ဓာတ်ကောင်းမွန်ရေးသည်လည်း
အရေးပါလာသည်ကို တွေ့ရပါကြောင်း၊ လူများတွင် အဖိုးတန်ဆုံးသော အရာသည် အသိပညာပင်ဖြစ်ပါကြောင်း၊
အသိပညာကို အတွေ့အကြုံနှင့် စာပေက ရနိုင်သည့်အတွက် လူတိုင်းစာဖတ်သင့်ကြောင်း ရှေးအဆက်ဆက်
ပညာရှိများက မှာကြားခဲ့သကဲ့သို့ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်အားလုံးတို့၏
တူညီသော မြွက်ဟမှုသည်လည်း “စာဖတ်တယ်” ဆိုသည့် စကားပင်ဖြစ်ပါကြောင်း၊ လူတိုင်းသည် ကိုယ်တွေ့
ဖြင့်သာ မည်သည့်အလုပ်၊ မည်သည့်အကြောင်း အရာကိုမျှ ကုန်စင်အောင် မသိနိုင်ပါကြောင်း၊
နှစ်ပေါင်းများစွာကြုံတွေ့ရရှိခဲ့သည့် လူပေါင်းများစွာ တို့၏ အသိများ၊ အတွေးများကို
စုစည်းထားသည့် စာအုပ်စာပေများကို ဖတ်ကြမှသာ လုံလောက်သည့် အသိပညာ အလိမ္မာကို ရရှိစေမည်ဖြစ်ပါကြောင်း။
တိုင်းပြည်၏ အင်အားသည် ပြည်တွင်းမှာသာ
ရှိသည်ဆိုသည့် စကားအတိုင်း နိုင်ငံကောင်းရာ ကောင်းကျိုးအတွက် တိုင်းရင်းသားလုပ်သားပြည်သူ၊
နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ အတွေးအခေါ်၊ အယူအဆစသည့် ပြည်သူများ၏ ရပ်တည်လုပ်ဆောင်မှု
ကဏ္ဍသည် အရေးကြီးပါကြောင်း၊ ပြည်သူများကို အသိပညာ ဗဟုသုတနှင့် စိတ်ဓာတ် မြင့်မားရေးကို
စာပေအနုပညာရှင်ကြီးများအားဖြင့် ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့ နိုင်ငံကြီးသည် အေးချမ်းသာယာ
ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်ဟု တိုက်တွန်းမှာကြားလိုပါကြောင်း။
စာပေပညာရှင်ကြီးများ၊ သတင်းစာပညာရှင်ကြီး
များအနေဖြင့် မိမိတို့တတ်ကျွမ်းသည့် စာပေရေးသားခြင်း လုပ်ငန်းများ၊ သတင်းစာပညာရပ်များနှင့်
မီဒီယာလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် လူတစ်စုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက် မဖြစ်စေဘဲ
တစ်မျိုးသားလုံးအကျိုး၊ နိုင်ငံတော်အကျိုးကို ဦးတည်ဆောင်ရွက်ပေးကြရန် လိုအပ်သည်ကို
တိုက်တွန်းမှာကြားလိုပါကြောင်း။
ကလောင်စွမ်းနှင့် ဆက်လက်သယ်ပိုး
ယနေ့အခမ်းအနားသည် မိမိတို့၏ ဝါသနာကို
အခြေခံပြီး စိတ်ကောင်းစေတနာ ထပ်ဆင့်လောင်းကာ နိုင်ငံအတွက် စာပေတာဝန်များကိုကျေပွန်စွာ
ကြိုးစားထမ်းဆောင်မှုများကို အသိအမှတ်ပြုဂုဏ်ပြုသည့် အခမ်းအနားဖြစ်သဖြင့် မိမိတို့အားလုံးသည်
ဆုချီးမြှင့်ခံကြရသည့် စာရေးဆရာကြီးများနည်းတူ ကြည်နူးဝမ်းသာ ဖြစ်ကြရပါကြောင်း၊ နိုင်ငံနှင့်
ပြည်သူလူထုအကျိုးအတွက် ကလောင်စွမ်းနှင့် ဆတက်ထမ်းပိုး ဆက်လက်သယ်ပိုးနိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းအပ်ပါကြောင်း။
မြန်မာ့သမိုင်းတစ်လျှောက်တွင် ရဟန်းစာဆို၊
လူစာဆိုများအပါအဝင် မြန်မာစာဆိုတော်ကြီးများ၏ မြန်မာစာပေအားဖြင့် နိုင်ငံ့အကျိုးစီးပွားအတွက်
ဆောင်ရွက်ခဲ့မှုများကို ချီးကျူးဂုဏ်ပြု ပူဇော်ခြင်းဖြစ်သည့် စာဆိုတော်နေ့ကျင်းပခြင်းနှင့်
စာပေ ဆုများ ချီးမြှင့်ပေးသည့်ဓလေ့ကို ဝါရင့်စာပေပညာရှင်တို့က ဆက်လက်သယ်ဆောင် ထိန်းသိမ်းကြပြီး
“စာရေးဆရာနီတိ”ကို စောင့်ထိန်းကြသည့်၊ ခေတ်ကို ထင်ဟပ်ဖွဲ့ဆိုကြသည့်၊ နိုင်ငံ့ပုံရိပ်ကို
မြှင့်တင်နိုင်ကြသည့် မျိုးဆက်သစ် စာရေးဆရာများ၊ ကလောင်သစ်များ တိုးပွားလာစေရေး ပြုစုပျိုးထောင်
ပေးကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း။
တက်ညီလက်ညီပူးပေါင်းပါဝင်
ယနေ့အခမ်းအနားကို တက်ရောက်အားပေးကြသည့်
တာဝန်ရှိပုဂ္ဂိုလ်များ၊ စာပေဆုရရှိသူများ၊ စာပေပညာရှင်ကြီးများ၊ အထူးသဖြင့် ယခုကဲ့သို့
စာပေဆုများ အောင်မြင်စွာ ချီးမြှင့်နိုင်စေရန် အချိန်ကုန်၊ လူအားစိုက်ထုတ်ပြီး စာပေစေတနာ
အပြည့်အဝဖြင့် ဆောင်ရွက်ပေးခဲ့ကြသည့် စာပေဆု ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊
စာပေပညာရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါ ကြောင်းနှင့် မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့်
နိုင်ငံတော်တည်ဆောက်ရေးတွင် တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံပါကြောင်း
ပြောကြားသည်။
ဆုများ ပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသား စာပေတစ်သက်တာဆုရရှိကြသည့် ဦးကျော်ဇင်ညွန့်
(တက္ကသိုလ်မြတ်သူ)၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒေါက်တာ မျိုးသန့်တင်နှင့်
ဒေါက်တာ ဒေါ်တင်ဝင်း (ဒေါက်တာမတင်ဝင်း- ပညာရေး တက္ကသိုလ်) ကိုယ်စား သမီးဖြစ်သူတို့အား
ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမျိုးသားစာပေဆုရရှိကြသည့် ဝတ္ထုတိုဆုရှင် မင်းခိုက်စိုးစန်၊
စာပဒေသာဆုရှင် စိုးတင့်(ဧရာဝတီ)၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုရှင် ရွှေကူနန်းနွဲ့နွဲ့၊
လူငယ်စာပေဆုရှင် အကြီးကိုကို (ကသာ) နှင့် ဘာသာပြန် (သုတ) ဆုရှင် သက်ဆွေ တို့အား ဆုများ
ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူး
ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊
ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊
ဒေါ်အေးနုစိန်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့က အမျိုးသားစာပေဆုရရှိသူများနှင့်
စာပေဗိမာန်စာမူ ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အမျိုးသားစာပေတစ်သက်တာဆုရှင်
ဆရာကြီး ဦးကျော်ဇင်ညွန့် (တက္ကသိုလ် မြတ်သူ) က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ
စာပေဂုဏ်ပြု တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၁
ခုနှစ် အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုရရှိကြ
သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဂုဏ်ပြုနေ့လယ်စာသုံးဆောင်
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်
ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ၂၀၂၁ ခုနှစ်အတွက်
အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့ကြသူများ၊
အနုပညာရှင်များ၊ စာပေပညာရှင်များနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။
နေလယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမျိုးသားစာပေတစ်သက်တာဆု ရရှိကြသည့်
ဆရာကြီးနှင့် ဆရာမကြီး ၄ ဦးတို့အား အမှတ်တရ စုပေါင်းဓာတ်ပုံများကိုပေးအပ်ပြီး ရင်းရင်းနှီးနှီး
နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments