ကမ္ဘာ့ငါးသလောက်ဈေးကွက်၌ မြန်မာ့ငါးသလောက် နေရာတစ်နေရာရရှိရေး သုတေသနလုပ်ငန်းများ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်
ရန်ကုန် ၊ နိုဝင်ဘာ
၃၀
အိမ်နီးချင်းနိုင်ငံများနည်းတူ
မြန်မာနိုင်ငံ၌ ငါးသလောက်သားဖောက်ခြင်းလုပ်ငန်း အောင်မြင်မှုရှိသော်လည်း သားပေါက်များ
ရှင်သန်မှုမရှိသောကြောင့် ကမ္ဘာ့ငါးသလောက်
ဈေးကွက်၌ အရသာကောင်းမွန်သော မြန်မာ့ငါးသလောက် နေရာ တစ်နေရာရရှိရေးအတွက် သုတေသနလုပ်ငန်းများ
ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
ရေငန်တွင်နေထိုင်ပြီး
သားပေါက်ရာသီ၌ ရေချိုရှိရာ မြစ်၊ ချောင်းတို့တွင် သားပေါက် လေ့ရှိသော ငါးသလောက်ကို
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် သားဖောက်လုပ်ငန်း အောင်မြင်သော်လည်း သားပေါက်မှ
ဆက်လက်မွေးမြူစဉ် သေဆုံးမှုကြောင့် မူလအတိုင်း သဘာဝရေပြင်တို့၌သာ မွေးမြူလျက်ရှိကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ငါးသလောက်ကို သတ်မှတ်ကာလအတွင်းသာ ဖမ်းဆီးရန် ခွင့်ပြုထားပြီး
မျိုးစိတ်များ ပျောက်ကွယ်မှု မရှိစေရန်နှင့်
တရားမဝင် ဖမ်းဆီးမှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်ထားကာ ကမ္ဘာ့ငါးသလောက် စားသုံးမှုလိုအပ်ချက်ကို
ဟန်ချက်ညီ ထိန်းညှိ၍ ငါးသလောက် ရေထွက်ကုန်တင်ပို့မှုမှ နှစ်စဉ် နိုင်ငံခြားဝင်ငွေ ရရှိလျက်ရှိသည်။
ကမ္ဘာ့ငါးသလောက် ဈေးကွက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဦးဆောင်ထားကာ နိုင်ငံ၏ အမျိုးသား ရေထွက်ကုန်အဖြစ် သတ်မှတ် ထိန်းချုပ်ထားသည်။
မြန်မာနိုင်ငံတွင်
ဧရာဝတီမြစ်မှရရှိသော ငါးသလောက်သည် အရသာကောင်းမွန်သောကြောင့် မြန်မာ့ငါးသလောက်အဖြစ်
နာမည်ကျော်လျက်ရှိပြီး မျိုးပွားရှင်သန်စေသော အရွယ်ပါမကျန် ဖမ်းဆီးခြင်းကြောင့် ငါးသလောက်မျိုးပွားခြင်း
ကွင်းဆက်ပြတ်ခဲ့ရာ ငါးသလောက်မျိုးဆက် ပြန်လည်ရှင်သန်ရေးအတွက် ငါးလုပ်ငန်း ဦးစီးဌာနမှ
ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည်။
“ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့
ငါးသလောက်ကို သုတေသနလုပ်ငန်းတွေ လုပ်ထား တာရှိတယ်။ မွေးမြူလို့တော့မရသေးဘူး။ သဘာဝရေပြင်မှာဘဲ
ထားလို့ရတယ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း သားဖောက်အဆင့်ဘဲ အောင်မြင်ပြီး
အကောင်ပေါက်အောင် မွေးမြူလို့ မရခဲ့ကြဘူး။ ဒါကြောင့်သဘာဝရေပြင်မှာပဲ ဧရိယာသတ်မှတ်ပြီး
ထိန်းသိမ်း စောင့်ရှောက်မှုနဲ့ သူတို့မွေးမြူလာကြတာ နှစ်ပေါင်း (၂၀) ကျော်ပြီ။ သဘာဝနေရာမှာဘဲ
ရှိနေတာဟာ အကောင်းဆုံးဖြစ်တာကြောင့် ဒါကိုဘဲဆက်ပြီး ထိန်းသိမ်းခဲ့ကြတယ်။ အကောင်ပေါက်ပြီး
ရှင်သန်ကြီးထွားတဲ့အဆင့်ကို မြန်မာနိုင်ငံတစ်နိုင်ငံတည်းမဟုတ်ဘူး အိမ်နီးချင်း နိုင်ငံတွေလည်း
မအောင်မြင်သေးဘူး။ ဘင်္ဂလားဒေ့ရှ်ကတော့ ငါးသလောက်ကို နိုင်ငံရဲ့အမျိုးသား ငါးအဖြစ်သတ်မှတ်ပြီး
ပြည်ပကိုပို့နေတယ်။ မြန်မာ့ငါးသလောက် ဆက်ပြီးရှင်သန်ဖို့ဆိုရင် သုတေသနလုပ်ငန်းတွေ များများလုပ်ဖို့လိုမယ်။
တားမြစ်ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေကို ရေလုပ်သားတွေ လိုက်နာဆောင်ရွက်ပြီး ကျန်တဲ့ဌာနဆိုင်ရာတွေ
ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် မြန်မာ့ငါးသလောက်ဟာ ပြည်ပပို့ကုန် တစ်ခုအဖြစ် နိုင်ငံခြားဝင်ငွေရရှိပြီး
ဈေးကွက်မှာလည်း ရပ်တည်လာနိုင်မှာပါ”ဟု နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
မြန်မာ့ငါးသလောက်
ပြန်လည်ရှင်သန်နိုင်ရန် အချိန်တစ်ခု ရယူရန်လိုအပ်ပြီး ယခုနှစ်တွင် ငါးသလောက် ထိန်းသိမ်းရေး
ဧရိယာများကို ငါးလုပ်ငန်းဦးစီးဌာနမှ ဖော်ထုတ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးတွင် သားပေါက်ဧရိယာ
(၁၁) နေရာသတ်မှတ်၍ တစ်နှစ်ပတ်လုံး မဖမ်းဆီးရန် ထိန်းချုပ်ဆောင်ရွက်လျက်ရှိကာ အချို့မြစ်ချောင်းများ၌
သတ်မှတ်ထားသော ကာလအတွင်း ဖမ်းဆီးရန် ခွင့်ပြုထားသည်။ လက်ရှိတွင် မြန်မာ့ ငါးသလောက်ကို
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး ဥကပ်နေသော ငါးသလောက်များကို ငါးသလောက်ဥဈေးကွက်တစ်ခုအဖြစ်
ပြည်တွင်း၌ ရောင်းချလျက်ရှိရာ မျိုးပွားရန် အသင့်ရှိနေသော ငါးသလောက်များကို ထိန်းသိမ်းရန်
လိုအပ်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ ( သတင်းစဉ်
)
.png)
No comments