ကမ္ဘာ့အေ့ဒ်စ်ရောဂါအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ
တင်ထက်ထက်ဇော်
နှစ်စဉ် ဒီဇင်ဘာ ၁ ရက်ကို ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါနေ့ (World AIDS Day) အဖြစ်
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပခဲ့သည်မှာ
ယခုဆိုလျှင် ၃၄ နှစ်ရှိပြီ ဖြစ်ပါသည်။
ကူးစက်နိုင်ခြေမြင့်မားသော
မျိုးဗီဇပြောင်း HIV ဗိုင်းရပ်မျိုးကွဲသစ်တစ်မျိုး တွေ့ရှိထား
ယခုအခါ ကူးစက်နိုင်စွမ်း
မြင့်မားသည့် မျိုးဗီဇ ပြောင်း ခုခံအားကျဆင်းမှုရောဂါဗိုင်းရပ်စ် (HIV) မျိုးကွဲသစ်တစ်မျိုးကို နယ်သာလန်နိုင်ငံ၌
သုတေသီများက ရှာဖွေတွေ့ရှိထားသည်။ VB HIV ဗိုင်းရပ် မျိုးကွဲဟူ၍ အမည်ပေးထားသည့် အဆိုပါမျိုးဗီဇပြောင်း
HIV ဗိုင်းရပ်စ်ကို နယ်သာလန်နိုင်ငံသား ၁၀၉ ဦး၌တွေ့ရှိထားကြောင်း ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်မှ
သုတေသီများက ပြောကြားသည်။ VB HIV ဗိုင်းရပ်စ်ကြောင့် ခုခံအားကျဆင်းမှု ရောဂါကူးစက်မှုသည်
လက်ရှိ HIV ဗိုင်းရပ်စ် အမျိုးအစားထက် နှစ်ဆပိုမြန်ကြောင်း သုတေသီများက ဆိုသည်။ ၎င်းဗိုင်းရပ်စ်မျိုးကွဲသည်
လူ၏ ခုခံအားစနစ်ကို ဖျက်ဆီးတတ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို နေ့စဉ်ရင်ဆိုင်နိုင်စွမ်း
အားနည်းစေတတ်သည်ဖြစ်ရာ ၎င်းဗိုင်းရပ်စ်ကူးစက်ခံရပါက AIDS ရောဂါပေါ်ထွက်မှု ပို၍ မြန်လာနိုင်သည်ဟု
သုတေသီများက သတိပေးထားသည်။
ထို့ပြင် လူကိုယ်တွင်း၌
VB HIV ဗိုင်းရပ်စ်စုစည်း ဝင်ရောက်နိုင်မှု ပမာဏမှာ အခြား HIV ဗိုင်းရပ်စ်များ ထက်
၃ ဒသမ ၅ ဆနှင့် ၅ ဒသမ ၅ ဆကြား ပို၍ မြင့်မားလာရာ အခြားသူများထံ ကူးစက်နိုင်စွမ်းမှာ
လည်း ပိုမြင့်မားကြောင်း သုတေသီများက ပြော သည်။ သို့ပါ၍ VB HIV ဗိုင်းရပ်စ်ကူးစက်ခံရပါက
ရောဂါကို စောစောစီးစီး ဖော်ထုတ်ကုသရန် အရေးကြီးကြောင်း သုတေသီများက သုံးသပ်ထားသည်။
HIV နှင့် ကမ္ဘာ
လက်ရှိ ကမ္ဘာတစ်ဝန်း
HIV ကူစက်မှုနှုန်းသည် သုည ဒသမ ၈၃ စက္ကန့်တွင် လူဦးရေ ၃၃၉၀၀၀၀၀ နှုန်း ဖြစ်ပေါ်နေကြောင်းနှင့်
လူဦးရေ ထက်ဝက် ကျော်ခန့်က HIV ပိုးကူးစက်ခံနေရသည့် ၎င်းတို့၏ အခြေအနေကို မသိကြကြောင်း
ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဥရောပ သမဂ္ဂနိုင်ငံများမှ HIV ဗိုင်းရပ်စ်ကူးစက်ခံနေရသူ
ခုနစ်ဦးလျှင် တစ်ဦးနှုန်းသည် ၎င်းတွင် HIV ဗိုင်းရပ်စ်ကူးစက်ခံနေရခြင်းကို မသိရှိကြကြောင်း
နှင့် ယင်းအခြေအနေသည် ၂၀၃၀ ပြည့်နှစ်၌ AIDS ရောဂါကို အမြစ်ပြတ်ချေမှုန်း တိုက်ဖျက်ရေး
ရည်မှန်းချက်အတွက် စိုးရိမ်ဖွယ်ရာအဟန့်အတား ဖြစ်နေကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက
ဖော်ပြထားသည်။ ထို့ပြင် ဥရောပ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန (ECDC) ၏ ယမန်နှစ် အစီရင်ခံစာအရ
ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံ နှင့် နော်ဝေ၊ အိုက်စလန်းနှင့် လီချက်စတိန်းတို့တွင်
နေထိုင်သည့် လူဦးရေ ၈၁၀၀၀၀ ခန့်တွင် HIV ဗိုင်းရပ်စ် ကူးစက်ခံနေရပြီး ၎င်းတို့အနက်
၁၂၂၀၀၀ ခန့်သည် ၎င်းတို့ထံတွင် အဆိုပါ ဗိုင်းရပ်စ်ကူးစက် ခံနေရသည်ကို မသိရှိကြကြောင်း
ဆိုထားသည်။
ဥရောပသမဂ္ဂနိုင်ငံများအတွင်း
HIV ကူးစက်မှု၏ အဓိကအကြောင်းသည် အမျိုးသားအချင်းချင်း လိင်တူဆက်ဆံခြင်းကြောင့်ဖြစ်ပြီး
HIV ကူးစက်မှု အားလုံး၏ ၄၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အမျိုးသမီးနှင့် အမျိုးသားလိင်ဆက်ဆံခြင်းမှ
HIV ပိုးကူးစက်မှုသည် ကူးစက်မှုအားလုံး၏ သုံးပုံ တစ်ပုံ အောက်သာရှိပြီး မူးယစ်ဆေးထိုးခြင်းကြောင့်
HIV ပိုးကူးစက်မှုမှာ လေးရာခိုင်နှုန်းသာ ရှိကြောင်း ECDC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လေ့လာမှုစစ်တမ်းများအရ
အမေရိကန်နိုင်ငံမှာ လစဉ်လူငယ် ၁ဝဝဝ ကို HIV ရောဂါပိုးကူးစက်ခံနေရ ကြောင်း၊ ထိုရောဂါပိုးကူးစက်ခံရသော
အသက် ၁၃ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်အရေအတွက်မှာ ယင်း ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်းပမာဏ၏
၂၆ ရာခိုင်နှုန်းရှိနေကြောင်း အမေရိကန်နိုင်ငံ AIDS ရောဂါ တားဆီးကာကွယ်ရေးမှ ထုတ်ပြန်ထားသည်။
HIV နှင့် မြန်မာနိုင်ငံ
၂၀၁၃
ခုနှစ်အတွင်း ကောက်ယူရရှိသော စစ်တမ်းများအရ
ကျန်းမာရေးအသိပညာ အားနည်းမှုကြောင့် HIV ပိုး ကူးစက်မှုနှုန်းသည် တစ်နေ့လျှင် အနည်းဆုံး
၂၃ ဦးခန့် ကူးစက်ခံနေရပြီဖြစ်ကြောင်း Myanmar Positive Group(MPG) ၏ ထုတ်ပြန်ကြေညာချက်
အရ သိရှိခဲ့ရသည်။ UNAIDS ၏ ၂၀၁၈ ခုနှစ် မှတ်တမ်းအရ မြန်မာနိုင်ငံ၏ဖြစ်ပွားနှုန်း အသက်
၁၅ နှစ်မှ ၄၉ နှစ်အတွင်းသည် သုည ဒသမ ၇ ရာခိုင်နှုန်း ဖြစ်သည်။ အာရှ- ပစိဖိတ်ဒေသတွင် သုည ဒသမ ၂ ရာခိုင်နှုန်းသာ တွေ့ရသည်။
မြန်မာနိုင်ငံ တွင် မူးယစ်စိတ်ကြွဆေးကို ထိုးကြသူများ၏ ၁၉ ရာခိုင်နှုန်း၊ လိင်တူဆက်ဆံသူများ၏
၆ ဒသမ ၄ ရာခိုင်နှုန်း၊ အကျဉ်းကျနေသော သူတို့၏ ၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး
ပြည့်တန်ဆာများ၏ ၅ ဒသမ ၆ ရာခိုင်နှုန်း၌ HIV ပိုး တွေ့ရှိရသည်။ ရန်ကုန်မြို့၌ လိင်တူ
ဆက်ဆံသူများ၏ ၂၆ ဒသမ ၆ ရာခိုင်နှုန်းတွင် HIV ပိုးတွေ့ရသောကြောင့်
၂၄ ဒသမ ၄ ရာခိုင်နှုန်း သာတွေ့ရသော ဘန်ကောက်မြို့ထက် ရာခိုင်နှုန်းပိုများကြောင်း
တွေ့ရသည်။ ရန်ကုန်မြို့၌ အလုပ် လုပ်သော အမျိုးသမီးပြည့်တန်ဆာများ၏ ၂၄ ဒသမ ၆ ရာခိုင်နှုန်းနှင့်
မန္တလေးမြို့၌ အလုပ်လုပ်သော အမျိုးသမီးပြည့်တန်ဆာများ၏ ၁၃ ဒသမ ၇ ရာခိုင် နှုန်းတွင်
HIV ပိုးကိုတွေ့ရှိရပြီး ပိုးရှိသူအမျိုး သမီးများ၏
၄၅ ရာခိုင်နှုန်းသာ ယင်းတို့တွင် ရောဂါပိုးရှိနေကြောင်း သိရှိကြကြောင်း ပညာရှင်များ၏
စစ်တမ်းများအရ လေ့လာသိရသည်။
HIV ပိုးရှိသူမိခင်နှင့်
ကလေး
မိခင်မှ သန္ဓေသားသို့
HIV ကူးစက်မှုကာကွယ်ရေး လုပ်ငန်းများနှင့် ဆေးကုသမှုလုပ်ငန်းများကို မြန်မာ နိုင်ငံ၌
၂၀၀၀ ပြည့်နှစ်ကတည်းက ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့
လမ်းညွှန်မှုများဖြင့် ဆောင်ရွက်လျက်ရှိသည်။ HIV ပိုးကူးစက်ခံထားရသော မိခင်မှ မွေးဖွားလာသည့် ကလေးငယ်များအနေဖြင့် အသက် နှစ်လတာကာလအတွင်း
HIV ပိုး သွေးစစ်မှုခံယူရန်နှင့် ART ဆေးဝါးများကို ဆောလျင်စွာရရှိအောင် စနစ်တကျဖြင့်
ချိတ်ဆက် ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန်လိုအပ်ကြောင်း အမျိုးသား ခုခံကျ၊
ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ ဆောင်ရွက်နေကြောင်း လေ့လာသိရသည်။
HIV ပိုး
Human Immunodeficiency
Virus ဟု ခေါ်သော HIV သည် လူ့ခန္ဓာကိုယ်မှ ခုခံစွမ်းအားကို ကျဆင်းစေသော ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုး
ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ကိုယ်ခံအားစနစ်ကို တိုက်ဖျက်ပစ်သော ရောဂါပိုးဟုခေါ်သည်။
ယင်းပိုးကူးစက်ခံရသောအခါ ခန္ဓာကိုယ်အတွင်းရှိ သွေးဖြူဥဆဲလ်များကို ဖျက်ဆီးပစ်လိုက်သည်။
HIV ပိုး ကူးစက်ခံထားရသော်လည်း သာမန်လူတစ်ယောက်ကဲ့သို့
သွားလာလှုပ်ရှားနိုင်သဖြင့် မိမိကိုယ်ကို ကူးစက်ခံနေရသည်ကိုပင် မသိရှိနိုင်ကြပေ။ ထိုသွေးဖြူဥဆဲလ်များ
ပျက်စီးသွားပါက ပြင်ပမှဝင်လာသော ရောဂါပိုးများကို ခုခံနိုင်စွမ်းအားမရှိတော့ပေ။ ထိုသို့
ခုခံစွမ်းအား ဖျက်ဆီးခံရခြင်းကို ခုခံအားကျဆင်းရောဂါ AIDS (Acquired Immune Defici-ency
Syndrome) ဟုခေါ်ပါသည်။ တစ်နည်းဆိုသော် AIDS ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ ခုခံအားစနစ်
ပျက်စီးသွားခြင်းကြောင့် ကိုယ်တွင်းခုခံအားစနစ် ကျဆင်းလာသည့် ရောဂါဖြစ်ပါသည်။ ယင်းရောဂါကြောင့်
လွန်စွာအားနည်းနေသည့်အတွက် ပြင်ပမှကူးစက်နိုင်သည့် ရောဂါမှန်သမျှကို ပြန်လှန်တွန်းကန်နိုင်စွမ်း
(ဝါ) တားဆီးနိုင်စွမ်းမရှိတော့ဘဲ ရောဂါများ အစုလိုက်အပြုံလိုက် ဖြစ်ပွားလာစေသည်။
HIV ပိုး ရှိ မရှိ စစ်ဆေးနည်း
ရောဂါပိုးရှိသူသည် စဦးကာလများတွင်
သာမန်လူများကဲ့သို့ပင် ကျန်းမာသန်စွမ်းနေနိုင်၍အပြင် ပန်းအားဖြင့် မသိနိုင်ပေ။ ရောဂါပိုးရှိ
မရှိကို သွေး စစ်ကြည့်မှသာ သိနိုင်ပါသည်။ ထိုရောဂါပိုးကူးစက် ခံရပါက ကိုယ်ခန္ဓာမှ တန်ပြန်တိုက်ဖျက်ရန်
သွေးထဲ က CD4 (ခေါ်) ပဋိဇီဝပစ္စည်းများ ထွက်ပေါ်လာသည်။ ထို့ကြောင့် HIV ပိုး ရှိ မရှိ
(သို့မဟုတ်) ရောဂါအနု၊ အရင့်အခြေအနေကို သိရှိန်နိုင်ရန်
ယင်းပဋိဇီဝပစ္စည်းကို စစ်ဆေးရခြင်းဖြစ်ပါသည်။ သွေးစစ်ကြည့်ခြင်းဖြင့် သွေးထဲမှာ
CD4 များတွေ့ရှိရပါက HIV ပိုး ကူးစက်ခံနေရပြီဖြစ်သည်။ HIV ပိုးဝင်ပြီး အင်တီဘော်တီ လုံလုံလောက်လောက်တက်ရန် အချိန်သုံးလကြာသည့်အတွက်
ပထမအကြိမ်သွေးစစ်ပြီး HIV ပိုးမရှိသော်လည်း နောက်သုံးလအကြာမှာ ထပ်မံ သွေးစစ်ရန် လိုအပ်သည်။
HIV ပိုး ကူးစက်နိုင်မည့်နည်းလမ်းများ
HIV ပိုးကို သွေး၊ သုက်၊
နို့ရည်ကဲ့သို့သော ကိုယ်ခန္ဓာမှထွက်ရှိသည့် အရည်များမှာ တွေ့ရှိနိုင်ပါသည်။ (က)
HIV ရောဂါပိုးရှိသူ တစ်ဦးနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ လိင်တူလိင်ကွဲဆက်ဆံခြင်း၊
(ခ) ရောဂါ ပိုးရှိသူ၏ သွေးကို သွင်းမိခြင်း၊ (ဂ) ဥပမာ ဘရိတ်ဓား၊ ဆေးထိုးအပ်၊ နားဖောက်ခြင်း၊
ဆေးမင်ကြောင်ထိုးခြင်း၊ မုတ်ဆိတ်မွေးရိတ်ခြင်း စသည်ဖြင့် ချွန်ထက်မြက်စူးရှသော အသုံးအဆောင်များကို
ရောဂါပိုးရှိသူနှင့် အတူတကွ မျှဝေသုံးစွဲခြင်း။ (ဃ) ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့
ကူးစက်ခြင်း။ (င) ရောဂါပိုး ရှိသော မိခင်မှတစ်ဆင့် ကလေးထံသို့ သားဖွားစဉ် (သို့မဟုတ်)
ကလေးကိုနို့ရည် တိုက်ကျွေးခြင်း စသည်တို့ကြောင့် ကူးစက်နိုင်ပါသည်။
သို့သော် HIV ပိုးသည် ခြင်၊
ကြမ်းပိုးကိုက်ခြင်းမှတစ်ဆင့် မကူးစက်နိုင်ပေ။ နှာချေခြင်း၊ ချောင်းဆိုး ခြင်းမှတစ်ဆင့်
မကူးစက်နိုင်ပေ။ HIV ပိုးရှိသူနှင့် အိမ်သာတစ်ခုတည်းကို အတူတကွ အသုံးပြုခြင်းဖြင့်
ရောဂါမကူးစက်နိုင်ပေ။ HIV ပိုးရှိသူနှင့် ပွေ့ဖက်နမ်းရှုံ့ခြင်းဖြင့် ရောဂါမကူးစက်နိုင်ပေ။
HIV ပိုးရှိသူ၏ အဝတ်အစားများကို ဝတ်ဆင်ခြင်းဖြင့် ရောဂါမကူးစက်နိုင်ပေ။ HIV ပိုး ရှိသူနှင့်
အစားအသောက်အတူစားခြင်း သို့မဟုတ် ပန်းကန်တစ်ခု ထဲတွင် စားသောက်ခြင်းဖြင့်လည်း ရောဂါပိုး
မကူးစက်နိုင်ပေ။ HIV ရောဂါပိုးသည် လေထဲမှတစ်ဆင့် မပြန့်ပွားနိုင်သဖြင့် တစ်ခန်းတည်း
အတူနေ၊ အတူသွား၊ အတူအလုပ်လုပ်၊ တယ်လီဖုန်းအတူသုံး၊ ကားအတူစီးခြင်း စသည်များမှတစ်ဆင့်
လုံးဝမကူး စက်နိုင်ပေ။
AIDS ရောဂါ လက္ခဏာများ
ကြာရှည်ဖျားခြင်း၊ ကိုယ်အလေးချိန်
သိသိသာသာလျော့ခြင်း၊ မကြာခဏဝမ်းပျက်ခြင်း၊ အကြိတ်ရောင်ခြင်း၊ ရေယုန်ပေါက်ခြင်း၊ ပါးစပ်အတွင်း
မှက္ခရုပေါက်ခြင်း စသည်တို့သည် AIDS ရောဂါလက္ခဏာများဖြစ်ကြပါသည်။
HIV ရောဂါ ကူးစက်မှု
ကာကွယ်ရေး
ထိုရောဂါပိုးသည် အကောင်းပကတိ
အရေပြားကို ဖောက်ထွင်းနိုင်ခြင်း မရှိသော်ငြား၊ ဒွာရပေါက် များရှိ အမြှေးပါးမှတစ်ဆင့်
စိမ့်ဝင်နိုင်ပါသည်။ ထို့ကြောင့် HIV ပိုး ကူးစက်မခံရစေရန်အတွက်
အပျော်အပါး လိုက်စားမှုကိုရှောင်ကြဉ်ပါ။ အသက်ငယ်ရွယ်စဉ် လိင်ဆက်ဆံမှု မပြုပါနှင့်။
အကာအကွယ်မဲ့ လိင်ဆက်ဆံမှုမပြုရ။ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။ မူးယစ်ဆေးဝါး သုံးစွဲမှုမှ
ရှောင်ကြဉ်ပါ။ ဆေးထိုးအပ်၊ ဆေးထိုးပြွန်တို့ကို တစ်ခါသုံး (သို့မဟုတ်) စနစ်တကျ ပိုးသတ်ပြီးမှ
သုံးပါ။ သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်တံတို့ကို မျှဝေမသုံးစွဲရ။ အရက်သမား အမှားတစ်ထောင်
ဖြစ်တတ်သည်ကို လျစ်လျူမရှုပါနှင့်။ လိင်ဆက်ဆံသည့်အခါတိုင်း ကွန်ဒုံးသုံးပါ။ မိမိတွင်
သွေးသွင်းခံရန်လိုအပ်ပါက လက်ခံမည့်သွေးထဲတွင် HIV ပိုးမရှိကြောင်း သေချာ စစ်ဆေးပါ။
တခြားသူများ၏ သွေး (သို့မဟုတ်) ကိုယ်အရည်များနှင့်
ထိတွေ့ရသောအလုပ်ကို လုပ်ကိုင်ရပါက လက်အိတ်ကို အသုံးပြု၍ကာကွယ်ပါ။ ကိုယ်ဝန်ဆောင်မိခင်များ
HIV ပိုးရှိကြောင်း သိရှိပါက လျင်မြန်စောစီးစွာ ဆေးကုသမှုခံယူပါ။ သားဖွားပြီးနောက်
ကလေးကို မိခင်နို့ရည်မတိုက်ဘဲ အထူးဖော်စပ်ထားသော နို့မှုန့်များကိုသာ တိုက်ကျွေးပါ။
HIV ပိုးရှိပြီးသူများ
သတိပြု လိုက်နာရန်
HIV ပိုးရှိသူ တစ်ယောက်သည်
မိမိမှာ ပိုးရှိကြောင်းသိရှိပါက ရောဂါပိုးထပ်မံဖြစ်ပွားမှု မရှိစေရန် အထူးသတိထားသင့်ပါသည်။
HIV ပိုးရှိရုံ ဖြင့် AIDS ရောဂါမဖြစ်နိုင်ပေ။ ယင်းပိုးနှင့်အတူ ကျန်းမာပျော်ရွှင်စွာ နေနိုင်သဖြင့် စိတ်ဓာတ်မကျဘဲအားတင်း၍
အချိန်မီကုသမှုခံယူပါ။ ART ဆေးမှန်မှန်သောက်ပါ။ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုမှ ရှောင်ကြဉ်ခြင်း၊
သန့်ရှင်းသော ဆေးထိုးအပ်နှင့် တစ်ခါသုံးအပ်များသာ အသုံးပြုခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှုဂရုစိုက်ခြင်း၊
စိတ်ဖိစီးမှုမရှိအောင် ကြိုးစားနေထိုင်ခြင်း စသည်တို့ဖြင့် လူ့ဘဝသက်တမ်းစေ့ နေထိုင်နိုင်ပါသည်။
အထူးသတိပြု ရမည့်အချက်မှာ နောက်ထပ်သူများသို့ မိမိပယောဂကြောင့် HIV ပိုး မကူးစက် မပြန့်ပွားရလေအောင်
လူသားချင်းစာနာသည့် အသိစိတ်ဓာတ်ဖြင့် တာဝန်ယူပေးပါ။
HIV ဝေဒနာရှင်များ ဝမ်းမြောက်ဖွယ်
နောက်ဆုံးပေါ် HIV ဆေးကုထုံးမှု
စမ်းသပ်ခံယူ နေသည့် HIV ဝေဒနာရှင်လူငယ်များသည် ကုထုံး တိုးတက်လာမှုကြောင့် သက်တမ်းပိုရှည်လာကာ
လူ့သက်တမ်းစေ့နီးပါး နေနိုင်ကြတော့မည် ဖြစ်ကြောင်း လေ့လာတွေ့ရှိမှုအသစ်ကို The Lancer
ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြ ထားပါသည်။ ဥရောပနှင့် မြောက်အမေရိကတွင် HIV ဆေးကုထုံးသစ်စမ်းသပ်မှုများ
ပြုလုပ်ခဲ့ပြီး နောက် HIV ရောဂါဝေဒနာရှင်များသည် ရောဂါမရှိသည့် သာမန်လူများနီးပါး သက်တမ်းရှည်
လာနိုင်တော့မည်ဟု ဗြိတိသျှဆေးပညာရှင်များက ပြောကြားလိုက်ခြင်းဖြစ်သည်။ ဆေးသစ်များသည်
ဘေးထွက်ဆိုးကျိုးနည်းပြီး ဗိုင်းရပ်စ်ပိုးပြန့်ပွားမှုကိုလည်း ပိုမိုထိရောက်စွာ လျှော့ချပေးနိုင်ကြောင်း၊
ဆေးကုသမှုစတင်ခံယူခဲ့သည့် အသက်၂၁ အရွယ် လူငယ်တစ်ဦးသည် အသက် ၇၀ ကျော်သည်အထိ နေနိုင်မည်ဟု
ခန့်မှန်းထားကြောင်း သိရသည်။ အဆိုပါတွေ့ရှိမှုသည် HIV ဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေကိုးသောင်းကို
သုတေသနပြုမှုမှ ရရှိလာသည့် အချက်အလက်များကို အခြေခံကာ ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။ ဆရာဝန်များ၏
ပြောကြား ချက်အရ HIV ဗိုင်းရပ်စ်ကူးစက်ခံရပါက စောစီးစွာဆေးကုသမှုခံယူခြင်းသည် အသက်ရှည်ပြီး
ကျန်းမာပျော်ရွှင်သည့် လူ့ဘဝရရှိရန် အရေးပါဆုံးသော အချက်ပင်ဖြစ်ကြောင်း သိရသည်။
အချုပ်အားဖြင့်ဆိုသော်
ယနေ့ကမ္ဘာပေါ်တွင် HIV ရောဂါပိုး ကူးစက်ခံရသူများ၏ ထက်ဝက်ခန့်သည် လူငယ်များဖြစ်နေကြသည်။
လူငယ် ဆိုသည်မှာ အနာဂတ်အတွက် အင်အားဖြစ်သလို အနာဂတ်၏ သမိုင်းကို ဖန်တီးသူများလည်း ဖြစ်ကြသည်။
အနာဂတ်လူငယ်နှင့် အနာဂတ်တိုင်းပြည်ကြီး သာယာလှပနေစေရန်တွက် HIV ဆိုင်ရာ ကာကွယ်တားဆီးရေး
လှုပ်ရှားမှုများကို အဓိက ဦးစီးဦးဆောင်ရမှာလည်း လူငယ့်တာဝန်ပင်ဖြစ်ပါသည်။ ထို့ကြောင့်
မိမိနှင့်တကွ မိမိပတ်ဝန်း ကျင်မှာ HIV ပိုး ကူးစက်ခံရခြင်း မရှိစေရန်အတွက် အသိသတိဖြင့်
ဆင်ခြင်နေထိုင်တတ်ရန် လိုပါသည်။

No comments