ကမ္ဘာ့မြေပြိုမှုများနှင့် သဘာဝဘေးကြောင့် နောက်ဆက်တွဲဆုံးရှုံးမှုများ




အောင်ထက်လင်း(ကြိမ်ချောင်း)


မြေပြိုခြင်းဆိုသည်မှာ ကမ္ဘာမြေထု၏ဆွဲငင်အားကြောင့် မြေသားများ၊ ကျောက်တုံးများ၊ အော်ဂဲနစ်ပစ္စည်းများသည် မြင့်ရာဘက်မှ နိမ့်ရာဘက်သို့ ရွေ့လျားသွားခြင်းဖြစ်ပြီး အကျိုးဆက်အနေဖြင့် မြေပြင်ပေါ်တွင် အသွင်အပြင်သဏ္ဌာန်အသစ်တစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ မြေပြိုခြင်းသည် အခြားသော သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်လှုပ်ခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း၊ မီးတောင် ပေါက်ကွဲခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခြင်းနှင့် ရေကြီးခြင်းတို့ကဲ့သို့ပင် လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပိုင်ဆိုင်မှုအားလုံးအား ကြီးမားစွာ ဆုံးရှုံးစေသည်။ တောင်ထူထပ်သည့် နေရာများနှင့် တောင်ကုန်းဒေသများတွင် ကြုံတွေ့ရသော ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်တစ်ခုပင် ဖြစ်သည်။ မြေပြိုရခြင်း၏ အကြောင်းများအားကြည့်ပါက ဘူမိဗေဒနှင့်ဆိုင်သည့် အကြောင်းများ၊ မြေသား၏ပုံစံနှင့် တည်ဆောက်ပုံနှင့် ဆိုင်သည့်အကြောင်းများ၊ မြေသား၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဆိုင်သည့်အကြောင်းများနှင့် လူသားတို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်ပေါ်လာသည့် အကြောင်းများကြောင့်ဖြစ်သည်ကို တွေ့ရှိရသည်။ မြေပြိုရခြင်းတွင် သဘာဝနှင့်ဆိုင်သော အကြောင်းတစ်ခုအနေဖြင့် မြေသားအတွင်းရှိ ရေနှင့်ဆိုင်သောဖြစ်ပေါ်မှုများ ပြောင်းလဲသွားခြင်းကြောင့် တောင်ကုန်းတောင်စောင်းများ၏ မြေသားတည်ငြိမ်မှုအား မြေကြီးအတွင်းရှိ ရေ၏ဖိအားက ပြောင်းလဲစေခြင်းကြောင့်လည်းဖြစ်သည်။


မြေပြိုမှုကိုဖြစ်ပေါ်စေသည့် အကြောင်းရင်းများ


မြေကြီး၏ မြေမျက်နှာပြင်ပေါ်ရှိ သဘာဝအလျောက်ပေါက်ရောက်နေသည့် သဘာဝ ပေါက်ပင်များ ဆုံးရှုံးသွားမှုကြောင့်လည်း ဖြစ်သည်။ မြေကြီးပေါ်ရှိ နိမ့်ရာမှမြင့်ရာသို့ ဒေါင်လိုက်ပေါက်သော သဘာဝပေါက်ပင်များ၏ ဖွဲ့စည်းမှုပုံစံ၊ မြေသားအတွင်းရှိ အာဟာရဓာတ်များနှင့် မြေသားတည်ဆောက်ပုံများမှာ သစ်တောများမီးလောင်မှု ကြောင့်လည်းကောင်း သို့မဟုတ် သတ္တုတူးဖော်မှုများကြောင့်လည်းကောင်း ပျက်စီးဆုံးရှုံးသွားရမှုကြောင့်လည်း ဖြစ်သည်။ မြေပြိုမှု၏ အခြား အကြောင်းများကိုကြည့်ပါက မြေပြင်ပေါ်ရှိ အပေါ်ယံမြေသားတို့အား မိုးသည်းထန်စွာရွာသွန်းမှုကလည်းကောင်း၊ အမြဲမပြတ် စီးဆင်းနေသော မြစ်များကလည်းကောင်း ဖယ်ရှားပစ်ခြင်း၊ ဆီးနှင်းများကျဆင်းခြင်းနှင့် ရေခဲမြစ်များ အရည်ပျော်မှုများက ဖယ်ရှားပစ်ခြင်းနှင့် ငလျင်လှုပ်ခြင်းနှင့် မီးတောင်ပေါက်ကွဲမှု တို့ကြောင့်လည်း ဖြစ်ပေါ်သည်ကို တွေ့ရသည်။ လူသားတို့၏လုပ်ဆောင်မှုကြောင့် မြေပြိုမှုကိုဖြစ်ပေါ်စေသည့် အကြောင်းရင်းများမှာ သစ်တောများခုတ်ထွင်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပြုလုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လေးလံသော သယ်ယူပို့ဆောင်ရေးယာဉ်များ ဖြတ်သန်းသွားလာမှု၏ တုန်ခါမှုကြောင့်နှင့် ချုံနွယ် ပင်များအားမီးရှို့ခြင်းအားဖြင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သဘာဝပေါက်ပင်များ ဖျက်ဆီး ဖယ်ရှားလိုက်ခြင်းကြောင့်ဖြစ်သည်။ 


မြေပြိုခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များကိုကြည့်ပါက စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများ အနေဖြင့် ပျက်စီးသွားသော အဆောက်အအုံများအား ပြန်လည်ပြင်ဆင်ရခြင်း၊ အစားထိုး ဆောက်လုပ်ရခြင်းနှင့် ထိန်းသိမ်းမှုများပြုလုပ်ရသောကြောင့် တိုက်ရိုက်ဆုံးရှုံးမှုများဖြစ်ပေါ် သကဲ့သို့ သွယ်ဝိုက်သော ဆုံးရှုံးမှုများအနေဖြင့် ကုန်ထုတ်လုပ်မှုများဆုံးရှုံးခြင်း၊ အခွန်ငွေများဆုံးရှုံးခြင်း၊ မြေသားများ၏ တန်ဖိုးများလျော့နည်း သွားခြင်းတို့အား ကြုံတွေ့ရသည်။ ကမ္ဘာတစ်ဝန်း မြေပြိုမှုကြောင့် ငွေကြေးဆိုင်ရာ ဆုံးရှုံးနေရမှု များကိုကြည့်ပါက မှတ်တမ်းများအရ နှစ်စဉ် ဆုံးရှုံးငွေများအဖြစ် ဂျပန်နိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၇ဝဝ၊ အီတလီနိုင်ငံတွင် သန်း ၂၆ဝဝ၊ အမေရိကန်ပြည်ထောင်စုတွင် သန်း ၁၈ဝဝ၊ အိန္ဒိယ နိုင်ငံတွင် သန်း ၃၅၀ဝ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင် သန်း ၅၀၀၊ စပိန်နိုင်ငံတွင် သန်း ၂၂၀၊ ကနေဒါ နိုင်ငံတွင် သန်း ၅၀၊ ဟောင်ကောင်တွင် ၂၅ သန်း၊ နယူးဇီလန်နိုင်ငံတွင် ၁၂ သန်းနှင့် နော်ဝေနိုင်ငံတွင် ခြောက်သန်းခန့် အသီးသီးဖြစ်သည်ကို တွေ့ရှိရသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်း နှစ်စဉ်မြေပြိုမှု ကြောင့် အသက်ဆုံးရှုံးရသည့် လူပေါင်းမှာ ၆ဝဝ မှ ၁ဝဝဝ ခန့် အတွင်းရှိကြောင်း တွေ့ရှိရသည်။ 


မြေထိန်းနံရံများ တည်ဆောက်


မြေပြိုမှုများ ဖြစ်ပေါ်ပြီးပါကလည်း နောက်ဆက်တွဲမဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် မြေပြိုသည့်နေရာများ၏ ရေစီးကြောင်းများတွင်ရှိနေသော ပျက်စီးသွားသည့် ပစ္စည်းများကို ဖယ်ရှားရန်၊ မြေပြိုမှုကြောင့်ဖြစ်ပေါ်လာသော ကျောက်တုံးကြီးများ၊ အခြားအကျိုးအပဲ့ အပျက်အစီးများ၊ သစ်ကိုင်းသစ်ခက်များကို ဖယ်ရှား ရန်နှင့် ဆင်ခြေလျှောပေါ်ရှိ မြေသားများ၏ ခိုင်မာမှုအား ပြုလုပ်ပေးရန်လည်း လိုအပ်မည်ဖြစ်သည်။ မြေပြိုမှုများမဖြစ်ပေါ်စေရန် ကာကွယ်သည့် လုပ်ငန်းများအနေဖြင့် မြေပြိုနိုင်ခြေရှိသော နေရာများကို မျဉ်းဆွဲ၍ ခွဲခြားသတ်မှတ်ထားရန်၊ မြေပြင်ပေါ်ရှိ ဆင်ခြေလျှောနေရာများအား လျော့နည်းအောင် ပြုလုပ်ထားရန်၊ မြေပြင်ပေါ်ရှိ ဆင်ခြင်လျှော နေရာများ၏ ခြေရင်းများတွင် အခြားပစ္စည်းများအား စုပုံထားရန်၊ ဆင်ခြေလျှောပေါ်ရှိ ကျောက်များ၊ မြေသားများ၏ ပမာဏအား လျှော့ချထားရန်၊ ဆင်ခြေလျှောပေါ်ရှိ မြေသားများပေါ်တွင် ကြီးထွားနှုန်းမြန်ဆန်သည့် အပင်များ၊ ကြံ့ခိုင်သောအမြစ်ရှိသည့် အပင်များကို စိုက်ပျိုးထားရန်နှင့် ဆင်ခြေလျှော၏ ခြေရင်းများတွင် ထူးကဲသည့် မြေထိန်းနံရံ များ တည်ဆောက်ထားရန်တို့ဖြစ်သည်။ 


မြေပြိုမှုများနှင့်ပတ်သက်၍ မြေပြိုသည့်နေရာများတွင် မြေပြိုရသည့် အကြောင်းအချက်များကို ရှာဖွေရန်နှင့် မြေပြိုမှုဖြစ်ပွားသည့်ဖြစ်စဉ်နှင့် ဆင်ခြေလျှောများတွင် မြေပြိုမှုများအား ဖြစ်ပွားစေရန်အတွက် လွှမ်းမိုးထားသည့်အချက်များကိုလည်း နားလည်သဘောပေါက်ထားရန် လိုအပ်သည်။ နယ်သာလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ အာကာသလေ့လာရေးနှင့် မြေပြင်ဆိုင်ရာ သိပ္ပံတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဗဟိုဌာနတို့၏ မြေပြိုခြင်း၊ မြေပြိုမှု လျှော့ချရေးနှင့်ပတ်သက်သည့် လေ့လာတွေ့ရှိ ချက်များသည်။ မြေပြိုမှုများ၏ ဖြစ်စဉ်နှင့်မြေပြိုရခြင်း၏ အဓိကအကြောင်းများအားသိရှိပြီး မြေပြို မှုအန္တရာယ်အား လျှော့ချသွားရန်အတွက် လေ့လာရမည့်အချက်များဖြစ်သည်။


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက် တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်က မြေပြိုမှုကြောင့် ၁၁ ဦး သေဆုံးကာ သုံးဦးကိုအသက်ရှင်လျက် ကယ်ဆယ်ရရှိခဲ့ကြောင်း မိုးကုတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ မိုးကုတ်မြို့အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်လေးလုံးပေါ်သို့ မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၁၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ မြန်မာ နိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနများက သဘာဝဘေးဖြစ်ပွားသည့် အချိန်တွင် အရေးပေါ်စားနပ်ရိက္ခာများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေများအပြင် သဘာဝဘေးကြောင့် သေဆုံး၊ ဒဏ်ရာ ရသူများအတွက် ထောက်ပံ့ကြေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ သဘာဝဘေးဖြစ်ပွား ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် သဘာဝဘေးနှင့် လူစည်ကားရာနေရာများတွင် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ 


ဒုတိယအများဆုံးနိုင်ငံ


အညာဒေသအချို့တွင် လတ်တလော ရေစီးဆင်းခြင်းမရှိသည့် ချောင်းခြောက်များမှလည်း မိုးသည်းထန်မှုကြောင့် ရေများအလုံးအရင်းဖြင့် ကျဆင်းလာနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။ ရုတ်တရက်ရေလွှမ်းမိုးမှုတွင် ဖြစ်ပေါ်လေ့ ရှိသည်မှာ မြေပြိုခြင်း၊ မြစ်ချောင်းကမ်းပါးများ၊ တောင်ကုန်းကမ်းပါးများပြိုကျခြင်း၊ ပြင်းထန်သော ရေစီးကြောင်းများ ဖြစ်ပေါ်ခြင်း၊ မြို့များတွင် ရေဖုံးလွှမ်းသွားသည့်အခါ ဘေးအန္တရာယ်မျိုးစုံ ကြုံတွေ့နိုင်ခြင်းများသည် မလွဲမသွေကျရောက်နိုင်သည်။ သဘာဝဘေးအန္တရာယ်ဆိုသည်မှာ အချိန်မရွေးပေါ် ပေါက်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ပြင်ဆင်ခြင်းဖြင့် သတိပြုကြရန်ဖြစ်သည်။ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ထားသည့် Climate Risk Index, German Watch အစီရင်ခံစာများအရ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် မြန်မာနိုင်ငံသည် ဘေးအန္တရာယ်ကျရောက်ခံရမှုတွင် ဒုတိယအများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ အချိန်အခါမရွေး ကျရောက်လာနိုင်သော သဘာဝဘေးအန္တရာယ်က မြန်မာတို့၏ အိမ်တံခါး ကို ခေါက်လျက်ရှိသည်။ မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က မြေပြိုမှုဖြစ်ပွားခဲ့သည်။ အဆိုပါနေရာရှိ အိမ်ခြေများ မြေကြီးအောက်သို့ ချက်ချင်းရောက်သွားသည်။ မြေပြိုမှုဖြစ်စဉ်ကို မျက်မြင်ထင်ရှားတွေ့ လိုက်ရသူများအတွက် သဘာဝဘေးအန္တရာယ်ကို သတိပြုမိကြပြီဖြစ်သည်။ နောက်ဆုံးစာရင်းအရ မြေပြိုမှုကြောင့် လူ ၆၆ ဦး သေဆုံးခဲ့ရသည်။


၂၀၁၀ ပြည့်နှစ် ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောတွင် မြေပြိုမှုကြောင့် လူ ၄၆ ဦး သေဆုံး ပြီးနောက် ယခုတစ်ကြိမ်သည် အများဆုံးသေဆုံးမှုဖြစ်သည်။ မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နယ်တွင် ကျောက်တူးဖော်ရေး လုပ်ငန်းများလည်းရှိရာ ယင်းလုပ်ငန်းများကြောင့်လည်း မြေပြိုမှုဖြစ်စဉ်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ဘူမိဗေဒပညာရှင်များက သုံးသပ်ပြောကြားသည်။ ကျောက်မိုင်းလုပ်ငန်းများကြောင့် သဘာဝတောတောင်များ တဖြည်းဖြည်းပျောက်ဆုံးလာခြင်း၊ ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာခြင်း၊ ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါးပြိုခြင်းတို့ ထိခိုက်ခံစားရကြောင်း ယင်းဒေသခံ ၅ဝ ဒသမ ၂၁ ရာခိုင်နှုန်းက အစီရင်ခံစာတွင် ဖြေကြားထားသည်။ ပေါင်မြို့နယ် ကုလားမတောင်ပေါ်တွင် ကျောက်မိုင်း မိုင်းခွဲသံများကြောင့် ထိတ်လန့်ခြင်း၊ စမ်းချောင်း နှစ်ခု ရေခန်းခြောက်ကာ လယ်ဧက ၂၀၀ ကျော် သဲနုန်း ဖုံးလွှမ်းခြင်း၊ ဥယျာဉ်ခြံမြေစိုက်ပျိုးမှု အခက်အခဲများကြုံရခြင်း စသည်တို့ကြောင့် အကြိမ် ၇၀ ခန့် ကန့်ကွက်စာတင်ပြပြီး ဆန္ဒထုတ်ဖော်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 


ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲခြင်း ဒဏ်ကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံလည်း ခံစားနေရပြီဖြစ်သည်။ သဘာဝဘေးဒဏ်ကို ဆင်းရဲသောနိုင်ငံများက ပိုမိုခံစားရလေ့ရှိကြောင်း ပညာရှင်များကဆိုကြသည်။ မြန်မာ့သမိုင်းတွင် လူအသေအပျောက် အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သော နာဂစ်မုန်တိုင်းသည် ၂၀၀၈ ခုနှစ်တွင် လူ နှစ်သိန်းနီးပါး သေဆုံးခဲ့ရသည်။ ကျပ် ၁၁ ဒသမ ၇၄ ထရီလီယံခန့် ဆုံးရှုံးခဲ့ရသည်ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။ တောင်စောင်း၏ ဆင်ခြေလျှောများပေါ်ရှိ မြေဆီလွှာ၊ ကျောက်များနှင့်ပြန့်ကျဲလျက်ရှိသည့် ကျောက်စ၊ ကျောက်န အရောအနှောများနှင့် သစ်ပင်၊ ဝါးပင်များသည် ကမ္ဘာမြေ၏ ဆွဲအားကြောင့်သော်လည်းကောင်း၊ ငလျင်ကြောင့်သော်လည်းကောင်း၊ မိုးသည်းထန် ခြင်းကြောင့်သော်လည်းကောင်း တောင်ခြေသို့ လျှောကျခြင်း၊ ပြုတ်ကျခြင်း၊ စီးဆင်းခြင်းနှင့် ကမ်းပါးပြိုခြင်းတို့သည် မြေပြိုခြင်းပင်ဖြစ်သည်။ မိုးရာသီတွင် မိုးသည်းထန်ခြင်းကြောင့် အောက်ခံကျောက်စ၊ ကျောက်နများပြိုကျခြင်း၊ အက်ကွဲကြောင်းများ စပေါ်လာခြင်း၊ ဆင်ခြေလျှောရှိအပင် များ ယိုင်နဲ့လာခြင်းစသည့် လက္ခဏာများကို ဖော်ပြလေ့ရှိသည်ဟု ဘူမိဗေဒပညာရှင်များက ဆိုသည်။


မြန်မာနိုင်ငံတွင် မြေပြိုတောင်ပြိုခြင်းများ၏ မှတ်တမ်းများအရ ၁၉၉၀ ပြည့်နှစ်မှစ၍ တဖြည်းဖြည်းအဖြစ်များလာသည်ကို တွေ့ရှိရပြီး လောလောဆယ် ကြုံတွေ့နေရသော ချင်းပြည်နယ် ဟားခါးနှင့် ပတ်ဝန်းကျင်ဒေသတစ်လျှောက်ရှိ နေရာအတော်များများတွင် မြေပြိုတောင်ပြိုခြင်း၊ နိမ့်ဆင်းသွားခြင်းများကို ကြုံတွေ့ရလေ့ရှိပြီး အလားတူဖြစ်ရပ်များသည် တောင်တန်းဒေသများဖြစ်သော နာဂတောင်တန်း၊ ရှမ်း၊ တနင်္သာရီ တောင်တန်းနှင့် ပဲခူးရိုးမတစ်လျှောက်တွင်လည်း တွေ့ရှိရသည်။ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးခြင်း၊ မြေပြိုခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ လျော့ပါးရေးအတွက် စိမ့်တောများကို ကာကွယ်ခြင်းနှင့် သစ်တောများကို အထူးသဖြင့် ရေဝေရေလဲ ဒေသများတွင် စနစ်တကျ ပြန်လည်ထူထောင်ထား သင့်ကြောင်း ဘူမိဗေဒပညာရှင်များက ပြောသည်။ မြေပြိုသည့်နောက်တွင် အက်ကွဲရာဖြစ်ပေါ်လေ့ရှိပြီး အက်ကွဲရာတဖြည်းဖြည်းကျယ်ပြန့်လာပါက ပြန်ပြိုနိုင်သည့် အလားအလာရှိသည်။ မြေပြိုပြီးသားနေရာများတွင် ထပ်မံပြိုကျနိုင်သည့် အလားအလာများ ရှိနေတတ်သည်။ ရာသီဥတုအပေါ်မူတည်ကာ မိုးသည်းထန်ပြီး ဆိုးရွားသည့်ရာသီဥတုကြောင့်လည်း ဆင့်ကဲပြိုကျလေ့ရှိသည်ဟု သိရသည်။ 


သဘာဝဘေးအန္တရာယ်အခံရဆုံး ထိပ်ဆုံးသုံးနိုင်ငံစာရင်းဝင်


မြန်မာနိုင်ငံမှာ နာဂစ်ပြီးနောက် ဒုတိယအကြီးဆုံး သဘာဝဘေးဟုယူဆနိုင်သည့် ရေကြီး ရေလျှံမှုကို ၂၀၁၅ ခုနှစ်က ကြုံတွေ့ခဲ့ရပြီး အခုအခါတွင်လည်း မလတ်တောင်မြေပြိုမှုသည် လူဦးရေ အများဆုံး အသက်ဆုံးရှုံးရသည့် မြေပြိုမှုတစ်ခု ဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် သဲဖြူကုန်းကျေးရွာမြေပြိုမှုအပြင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မြေပြိုခြင်း၊ မြေအက်ကွဲခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့်  သဘာဝဘေးအန္တရာယ် အခံရဆုံး ထိပ်ဆုံးသုံးနိုင်ငံစာရင်းဝင် မြန်မာနိုင်ငံအတွက် ယနေ့အချိန်အထိ သဘာဝ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ သင်ခန်းစာယူပြီး အကောင်းဆုံးမပြင်ဆင်နိုင်သေးခြင်းမှာလည်း ကြီးမားသည့် အားနည်းချက်ဖြစ်၏။ အနည်းဆုံး ပြည်သူ ၇ဝ သေဆုံးစေခဲ့ပြီး နေအိမ်၊ ဘုန်းကြီးကျောင်း၊ ဈေးဆိုင်နှင့်ကားများကို စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးခဲ့သော သဲဖြူကုန်းကျေးရွာမှ မလတ်တောင် မြေပြိုမှုမှာ အဆိုးရွားဆုံးမြေပြိုမှုဖြစ်သည်။ 


မြေပြိုကျမှုဖြစ်နေသော နေရာများအနီးသို့ မလိုအပ်ဘဲ မသွားပါနှင့်။ မြေပြိုကျမှုဖြစ်နေသော နေရာများတွင် ရောက်နေပါက တတ်နိုင်သမျှ အမြန်ဆုံး ဘေးလွတ်ကင်းရာသို့ပြေးပါ။ အမြန်ဆုံးမရှောင်ခွာနိုင်ပါက နီးစပ်ရာ ခိုင်ခံ့သောနေရာ၊ အဆောက်အအုံများတွင် ခိုလှုံပါ။ မြေပြိုမှုဖြစ်နေသော နေရာ အနီးသို့လာသည့် လူနှင့်ယာဉ်များအား အသိပေးပါ။ မြေပြိုထားသော ပတ်ဝန်းကျင်၊ အဆောက်အအုံများ၊ လျှပ်စစ်မီးကြိုးနှင့် ဝေးဝေးနေပါ။ မြေပြိုခြင်းဒဏ်ခံရသော နေအိမ်အဆောက်အအုံများအား သက်ဆိုင်ရာတာဝန်ရှိသူများ၏ ခွင့်ပြုချက်ရမှသာလျှင် ဝင်ရောက်နေထိုင်ပါ။ မြေပြိုမှုကြောင့် ဒဏ်ရာရသူ ပိတ်မိနေသူများရှိပါက ကယ်ဆယ်ရေးအဖွဲ့သို့ ချက်ချင်းအကြောင်းကြားပြီး လိုအပ်သောအကူ အညီများပေးပါ။ မိသားစုဝင်များ ပျောက်ဆုံးကွဲကွာပါက သက်ဆိုင်ရာသို့ ချက်ချင်းအကြောင်းကြားပါ။ မြေပြိုခြင်းများကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်သော ရေလွှမ်းမိုးမှု၊ ရွှံ့နုန်းမြေများ၊ မြေသားအစိုင်အခဲများ ပြိုကျစီးဆင်းလာနိုင်မှုတို့အား အထူးသတိ ပြုနေထိုင်ပါ။  မသန့်ရှင်းသော ရေအရင်းအမြစ်များကို မသုံးစွဲပါနှင့်။ မြေပြိုထားသောနေရာများ၌ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ၊  တာဝန်ရှိသူများ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။ ဘေးအန္တရာယ်ကျရောက် ပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက် မိခင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအား အထူးဂရုပြုစောင့်ရှောက်ပေးပါရန်နှင့် သက်ဆိုင်ရာမှ ထုတ်ပြန်ချက်များကို သတိပြုလိုက်နာကြပါရန် တိုက်တွန်းရေးသား လိုက်ရပါသည်။ ။

No comments

Powered by Blogger.