အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ်များ ကျင်းပ



နေပြည်တော်၊ နိုဝင်ဘာ ၂၅


အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အဂတိ လိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ် ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည် မှုမြှင့်တင်ရေး ပညာပေး (Edu-tainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ အဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အထက(၈)၌ ကော်မရှင်မှထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edu- tainment) အစီအစဉ်ပါ အကြောင်းအရာများကို ဆွေးနွေး ဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူ (၁၀၀) နှင့် အလယ်တန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူ (၁၂၀) တက်ရောက်ခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်နှင့် ပညာရေးဝန်ကြီးဌာနမှ  တာဝန်ရှိ ပုဂ္ဂိုလ်များက ကြီးကြပ်ခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာ စာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


အလားတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးအဖွဲ့ (Corruption Prevention Unit-CPU)ကို အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်း ပို့ချခဲ့ရာ CPU ၏လုပ်ငန်း တာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedure-SOP)၊ လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) ရေးဆွဲခြင်း၊ အဂတိ လိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA)၊ အများ ပြည်သူထံမှ တုံ့ပြန်မှု ရယူခြင်းအစီအစဉ် (Public Feedback Programme-PFP)တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြု ဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့်ခြင်းကို ဆောင်ရွက်ရာ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

(သတင်းစဉ်)

No comments

Powered by Blogger.