ဖားအောက်တောရ စာသင်တိုက်(ထောက်ကြန့်) ဓမ္မဂရုက သာသနာ့လင်္ကာရ စာမေးပွဲသို့ ရဟန်း၊ သာမဏေ၊ သီလရှင်အပါး (၁၈၅၆)ပါး ဝင်ရောက်ဖြေဆို



ရန်ကုန်  နိုဝင်ဘာ  ၂၅


ကျေးဇူးတော်ရှင် ဖားအောက်တောရ ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ အာစိဏ္ဏအမှူးပြုသည့် ဖားအောက်တောရ ဓမ္မဂရုက သာသနာ့လင်္ကာရအသင်း၏ တတိယ အကြိမ်မြောက် ဓမ္မဂရုက သာသနာ့လင်္ကာရ စာမေးပွဲဖြေဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဖားအောက်တောရစာသင်တိုက် (ထောက်ကြန့်) ဓမ္မဂရုကသိမ်တော်ကြီး၌ ကျင်းပသည်။


အခမ်းအနားသို့ မှော်ဘီမြို့ သာသနာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒသီရိနှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ဓမ္မဂရုက သာသနာ့လင်္ကာရ စာမေးပွဲ ဖြေဆိုနေကြသည့် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအား ဩဝါဒါစကားမြွတ်ကြားကာ အားပေးချီးမြှောက် တော်မူကြသည်။


အဆိုပါစာမေးပွဲသည် ပထမအဆင့်အနေဖြင့် ဝိနည်းမဟာဝါ ပါဠိတော်၊ အင်္ဂုတ္တိုရ် ပါဠိတော်၊ ဓမ္မပဒဌကထာ ပါဠိတော်၊ ဒုတိယအဆင့်အနေဖြင့် စူဠာဝါ+ပရိဝါပါဠိတော်၊ အင်္ဂုတ္တိုရ် ပါဠိတော်၊ ဓမ္မပဒဌကထာ ပါဠိတော်၊ တတိယအဆင့်အနေဖြင့် ပါရာဇိကဏ်+ ပါစိတ်ပါဠိတော်၊ အင်္ဂုတ္တိုရ် ပါဠိတော်၊ ဓမ္မပဒဌကထာ ပါဠိတော်အဆင့်ဆင့်တို့အား ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၁၈၅၆)ပါး ဖြေဆိုကြသည်။


ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာ သနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးစိန်မော်၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဦးနှင့် စေတနာရှင်အလှူရှင်များက ဓမ္မဂရုက သာသနာလင်္ကာရစာမေးပွဲသို့ ကြွရောက် ချီးမြှင့်တော်မူကြသည့် ဆရာတော်များနှင့် စာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။


ဖားအောက်တောရ စာသင်တိုက်(ထောက်ကြန့်) ဓမ္မဂရုက သာသနာ့လင်္ကာရစာမေးပွဲကို ဓမ္မဂရုက သိမ်တော်ကြီး၌နိုဝင်ဘာ (၂၃)ရက်မှ ယနေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်

(သတင်းစဉ်)

No comments

Powered by Blogger.