MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ






ကော့သောင်း နို၀င်ဘာ ၂၆


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ နိုဝင်ဘာ ၂၅ ရက်က ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမား ၉၉ ဦး ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားသည်။


ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရ အေဂျင်စီတစ်ခုဖြစ်သည့် J.M.K Services Co, Ltd မှ ထိုင်းနိုင်ငံရှိ Siam Health Group Co, Ltd နှင့် Innowoods Co, Ltd  နှစ်ခုသို့ အလုပ်သမား ၄၉ ဦးနှင့် Thet Mann Services Co, Ltd မှ ထိုင်းနိုင်ရှိ KL Concrete and Construction Co, Ltd သို့ အလုပ်သမား ၅၀ စုစုပေါင်း အလုပ်သမား ၉၉ ဦးအား (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ခေါ်ယူခဲ့ပြီး ကော့သောင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။


အဆိုပါ မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ကော့သောင်းခရိုင်ရုံး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် တာဝန်ရှိ အဖွဲ့အစည်းများက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင်ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်မည့်ကုမ္ပဏီသို့ အဆင်ပြေစွာ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


ကျော်စိုး(ကော့သောင်း)

No comments

Powered by Blogger.