ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း ဒုတိယအကြိမ် အာဆီယံ ဒီဂျစ်တယ် ပြည်သူ့ကျန်းမာရေး ကွန်ဖရင့်အား Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေး




နေပြည်တော်  နိုဝင်ဘာ ၂၂


ဘရူနိုင်းနိုင်ငံ၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ကြီးမှူး၍ ဒုတိယအကြိမ် အာဆီယံ ဒီဂျစ်တယ် ပြည်သူ့ကျန်းမာရေး ကွန်ဖရင့် ( The 2nd ASEAN DIGITAL PUBLIC HEALTH CONFERENCE)ကို ယနေ့မွန်းလွဲပိုင်းတွင် ဘရူနိုင်းနိုင်ငံ၊ Empire ဟိုတယ်၌ Hybrid method ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် ဘရူနိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး(၂)Mr. Pehin Dato Abdul Rahman ကကြိုဆိုနှုတ်ခွန်းဆက်စကား နှင့်  အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် Mr. Lim Jock Hoi က အဖွင့်မိန့်ခွန်း ပြောကြားကြသည်။ 


ဆက်လက်၍ ကျန်းမာရေးဝန်ကြီးများ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်းသည် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ လာအိုနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများပါဝင်သော Building a Resilient ASEAN ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို  Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အာဆီယံနိုင်ငံများ၏ နိုင်ငံအလိုက် အောင်မြင်မှု၊ ‌တွေ့ကြုံရသည့် အခက်အခဲများ၊ အနာဂါတ် ဉီးစားပေးအစီအစဉ်များနှင့် နောင်ဖြစ်ပေါ်လာနိုင်သည့် ကပ်ရောဂါများနှင့် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုအန္တရာယ်များကို တုံ့ပြန်နိုင်ရန် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှတ်တမ်း (Covid-19 Vaccination Certificate) အား VMIS စနစ်ဖြင့် အာဆီယံ Digital Portal တွင်ထည့်သွင်းခဲ့ပြီး အာဆီယံနိုင်ငံများအားလုံးမှ မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုး မှတ်တမ်း အားစိစစ်နိုင်ခဲ့မှုအခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး အချက်အလက်များကို ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ ဆောင်ရွက်ခဲ့မှုကို ရှင်းလင်း ပြောကြားခဲ့ပြီး ဒေသတွင်းနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူ့ ကျန်းမာရေးအရေးပေါ် တုံ့ပြန်မှုအစီအစဉ်တွင်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာ ပလက်ဖောင်းအသုံးပြု၍ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များမျှဝေခြင်းဖြင့် ကပ်ရောဂါတုံ့ပြန်ရေးအစီအစဉ်များကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။


အဆိုပါ ကွန်ဖရင့်ကို နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပရာ အာဆီယံ နိုင်ငံများမှ ဘာသာရပ်ဆိုင်ရာပညာရှင်များမှ ဒီဂျစ်တယ်ပြည်သူ့ ကျန်းမာရေးကိစ္စရပ် များကို အစီအစဉ်အလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.