ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ အခြေခံလူဦးရေစာရင်း စိစစ်ခြင်းလုပ်ငန်းဆိုင်ရာများ ဆွေးနွေး

 



လားရှိုး ဒီဇင်ဘာ ၂၃


ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား Cross Check စနစ်ဖြင့် စိစစ်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(ရှမ်း/မြောက်)တာဝန်ခံ ဦးမြင့်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးစိုးလင်းအောင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးနှစ်ဆန်းဦး၊ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်အဆင့်မှ ရွေးကောက်ပွဲအရာရှိများ၊ လားရှိုးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ စုစုပေါင်းအင်အား (၁၂၀)  ခန့်တက်ရောက်ခဲ့သည်။


ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(ရှမ်း/မြောက်) တာဝန်ခံ ဦးမြင့်ဦးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) မြို့နယ်များအတွင်းရှိ ဥပဒေနှင့်အညီ နေထိုင်သော လူဦးရေစာရင်းများကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း Cross Check စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိလာသော(၂/၃/၄/၅) ကြိမ်အထက် မဲဆန္ဒရှင်စာရင်းများထပ်နေမှုကို စိစစ်၍ အမြန်ဆုံးပြီးစီးနိုင်ရေး Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ရှမ်း/မြောက်)တာဝန်ခံ ဦးမြင့်ဦးမှ လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။


ခရိုင် (ပြန်/ဆက်)

No comments

Powered by Blogger.