နေပြည်တော်(တောင်ညို)-မြို့သစ်-ကန်ပြား(မကွေး)လမ်းကို အဆင့်မြှင့်တင်လျက်ရှိ
နေပြည်တော် ဒီဇင်ဘာ ၂၇
နေပြည်တော်(တောင်ညို)-မြို့သစ်-ကန်ပြား(မကွေး)လမ်းကို ၂၄ ပေ အကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး လမ်းဦးစီး ဌာန မှ သိရှိရသည်။
နေပြည်တော်(တောင်ညို)-မြို့သစ်-ကန်ပြား(မကွေး)လမ်းသည် နေပြည်တော် ကောင်စီနယ်မြေနှင့် မကွေးတိုင်းဒေသကြီးကို ချိတ်ဆက် ဆက်သွယ်ပေးထားသော လမ်းပိုင်း တစ်ခုဖြစ်ပြီး စုစုပေါင်း လမ်းမိုင်အရှည် ၇၉/၄ မိုင် အရှည်ရှိကာ မကွေးတိုင်း ဒေသကြီးအတွင်း ပါဝင်သည့် ၅၆ မိုင် ၆ ဖာလုံကို မကွေးခရိုင် လမ်းဦးစီးဌာနမှ တာဝန်ယူ အဆင့်မြှင်တင် လျက်ရှိသည်။
“လမ်းက ကတ္တရာလမ်းအဖြစ် အသုံးပြုနိုင်ပြီးသား ဖြစ်ပါတယ်။ ပြည်သူတွေ ပိုမို အဆင်ပြေလွယ်ကူစွာ သွားနိုင်ဖို့ ၁၈ ပေ အကျယ်ရှိတဲ့ ကတ္တရာလမ်းကို ၂၄ ပေ အကျယ်ရှိတဲ့ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်မှု ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တဲ့အချိန်မှာ ၂၄ ပေ အကျယ်က ၁၀ မိုင် ၆ ဖာလုံ ရှိမှာဖြစ်ပါတယ်။ ၁၈ ပေ အကျယ်က ၄၆ မိုင်ကျန်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် မကွေး ဘက်ခြမ်းမှာ လမ်းပိုင်းအဆင့်မြှင့်တင်မှုဟာ ရာခိုင်နှုန်းအားဖြင့် ၁၉ ရာခိုင်နှုန်း ပြီးစီးမှာဖြစ်ပါ တယ်။” ဟု မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးစံမင်းအောင် က ပြောကြားသည်။
ပြည်သူများ ပိုမိုအဆင်ပြေ လွယ်ကူစွာ သွားလာနိုင်ရန်နှင့် ယာဉ်များ အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်ရန်အတွက် လမ်းဦးစီးဌာန၏ ရည်ရွယ်ချက်၊ စီမံချက်နှင့်အညီ ရရှိသည့် ရန်ပုံငွေအပေါ် မူတည်ကာ ၂၄ ပေအကျယ် ချဲ့ရန် ကျန်ရှိနေသော ၁၈ ပေ အကျယ် ကတ္တရာလမ်း ၄၆ မိုင်ကို ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရှိရသည်။
မင်းဟန်
No comments