နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတက်ရောက်




နေပြည်တော် ဒီဇင်ဘာ ၂၈

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ စိစစ်ခွင့်ပြုပေးနိုင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး အားပေးကူညီဆောင်ရွက်ရန်၊ ခွင့်ပြုပြီးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကြီးကြပ်နိုင်ရေးတို့အတွက် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီကို ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများအနေဖြင့် ကျရာကဏ္ဍက ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်စေရေး၊ ရှိပြီးလုပ်ငန်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်လာစေရေး၊ ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့ရသည့် အခက်အခဲများအပေါ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးခြင်း၊ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အတွင်းရေးမှူး၊ နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ် က နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ရရှိထားသည့် Golden Sunland Co., Ltd. (ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ခြင်းလုပ်ငန်း) ၏ လုပ်ငန်း တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်းအတွက် အတည်ပြုမိန့်ပြင်ဆင် ထုတ်ပေးနိုင်ရေးနှင့် WE UNITY LTD ၏ အခြေခံပညာရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)သို့ သဘောထားမှတ်ချက် ပြန်ကြားနိုင်ရေး ကိစ္စရပ်များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသည့် Golden Sunland Co., Ltd. (ဆန်စပါးကြိတ်ခွဲထုတ်လုပ် ခြင်းလုပ်ငန်း) နှင့် Join Global Myanmar Co., Ltd. (ကြက်ဥ၊ မျိုးကြက်ခြံနှင့် ကြက်သားပေါက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း) တို့၏ လုပ်ငန်းမြေနေရာ အခြားနည်းအသုံးပြုခွင့် ရရှိနိုင်ရေး တင်ပြလာခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်


No comments

Powered by Blogger.