မုံရွာခရိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 



မုံရွာ၊ ဒီဇင်ဘာ ၂၈


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက အမှာစကားပြောကြားပြီး မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူလေးများ၏ ပြိုင်ပွဲများအလိုက် ပါဝင်ယှဉ်ပြိုင်နေမှုတို့အား တက်ရောက်လာကြသော ပရိသတ်များနှင့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြသည်။


ဆက်လက်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး တက်ရောက် အမှာစကားပြောကြားခဲ့ပြီးနောက် မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ပြိုင်ပွဲများ ကျင်းပပေးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့်  ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရှိသူ ကျောင်းသားကျောင်းသူ(၁၂)ဦးအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။


အခမ်းအနားအပြီးတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော “(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ၊ ဓာတ်ပုံပြပွဲများအား တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)



No comments

Powered by Blogger.