(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျွန်းစုမြို့နယ်၌ ကွန်ကရစ်ဘီးလမ်းဖွင့်

 



ကျွန်းစု ဒီဇင်ဘာ ၂၉


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သော ကမ်းကြီးအုပ်စု၊ သင်္ကန်းအော်ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို အဆိုပါလမ်းပေါ်ရှိ ဖွင့်ပွဲဆိုင်းဘုတ်ရှေ့၌ ကျင်းပသည်။


ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက စီမံကိန်းလုပ်ငန်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း၊ အမှတ်(၅၇) ရေတပ်လေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူး ဟိန်းမင်းသူ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှနွဲ့တို့က သင်္ကန်းအော်ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ 


ယင်းနောက် သင်္ကန်းအော်ကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် ကျေးရွာတာဝန်ခံတို့က အဆိုပါစီမံကိန်းဖြင့် ဆောင်ရွက်သော လမ်းကြောင့် ကျေးရွာတွင်း လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်ကာ ကျေးရွာသူ/ရွာသားများအပေါ် အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်မှုအပေါ် ကျေးဇူးတင်စကားပြောကြားပြီး ကျွန်းစုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက စီမံကိန်းဖြင့် ဆောင်ရွက်သည့် လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ 


အဆိုပါသ င်္ကန်းအော်ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကို စီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ကျေးရွာပြည်သူ့ ထည့်ဝင်ငွေ ကျပ်သိန်း(၂၀)၊ စုစုပေါင်း ငွေကျပ်သိန်း (၁၂၀) အသုံးပြုကာ ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ/ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လမ်းအရှည်တစ်ဖက်လျှင် အလျားပေ (၇၀၀)၊ အနံ(၃)ပေ၊ ထု(၆)လက်မရှိပြီး စုစုပေါင်း လမ်းအရှည်ပေ (၁၄၀၀)ရှိကြောင်းနှင့် သင်္ကန်းအော်ကျေးရွာရှိ အိမ်ခြေ(၆၄)အိမ်၊ လူဦးရေ (၃၁၉)ဦးအပေါ် များစွာအထောက်အကူပြု အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ကျွန်းစုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းထံမှ သိရသည်။


ကိုပြည့်(ကျေးလက်)

No comments

Powered by Blogger.