ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်)
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ ညီအစ်ကိုမောင်နှမများနှင့်
ကရင်တိုင်းရင်းသားအပေါင်းတို့ ခင်ဗျား -
ယနေ့ခရစ်နှစ် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ
၂၂ ရက်၊ ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ ပြာသိုလဆန်း ၁ ရက်နေ့သည်
ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ မြတ်နိုးတန်ဖိုးထားသည့် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ကရင်တိုင်းရင်းသားအားလုံး
ဂုဏ်ယူတန်ဖိုးထားကြသည့် နှစ်သစ်ကူး မင်္ဂလာနေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ နှစ်သစ်အခါသမယတွင်
ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း စသည့်ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း
ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့်
တိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော်လည်း တိုင်းရင်းသားလူမျိုးများအားလုံး
မိသားစုစိတ်ဓာတ်မွေးမြူပြီး တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစား၍ အတူတကွ နေထိုင်လာခဲ့ကြပါသည်။
မွေးဖွားရာဇာတိ နေထိုင်ရာအရပ်ဒေသ ပြောဆိုသုံးနှုန်းသည့် စာပေ၊ စကား၊ ကိုးကွယ်ယုံကြည်သည့်ဘာသာ၊
လိုက်နာကျင့်သုံးသည့် ဓလေ့ထုံးတမ်း အစဉ်အလာများ မည်သို့ပင်ကွဲပြားစေကာမူ တစ်မြေတည်းနေ
တစ်ရေတည်းသောက်ပြီး အေးအတူပူအမျှ၊ မရှိအတူရှိအတူ စည်းလုံးညီညာစွာဖြင့် ဆွေမျိုးသားချင်းပမာ
လက်တွဲနေထိုင်ခဲ့ကြသည်။ ကရင်အမျိုးသား ဆိုသည်မှာလည်း ကရင်မျိုးနွယ်စု တစ်ခုချင်းစီတို့၏
အမျိုးဇာတိ၊ ဘာသာအယူဝါဒ၊ ယုံကြည်ကိုးကွယ်မှုတို့နှင့် မသက်ဆိုင်ဘဲ အားလုံးသော ကရင်မျိုးနွယ်များ၊
မျိုးနွယ်စုများ၊ မိသားစုဝင်အနွယ်တူ လူမျိုးများအားလုံးကို ပေါင်းစည်းဆိုလိုခြင်း ဖြစ်ပါသည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့သည် ကောင်းမြတ်သော
ကရင်သက္ကရာဇ်နှစ်၏ ပထမနေ့ဖြစ်ပါသည်။ နှစ်သစ်အလို့ငှာ ပြာသိုလဆန်း (၁) ရက်နေ့ ကျရောက်သောအခါ
ကရင်အမျိုးသားများသည် အိမ်သစ်များကို တည်ဆောက်ကြခြင်း၊ ပစ္စည်းများကို အသစ်ပြုပြင်ကြခြင်းများ
ဆောင်ရွက်ကြသည်ဟု သိရှိရပါသည်။ ထို့အပြင် တောင်ကုန်းထူထပ်သော နေရာသစ်တို့၌ တောင်ယာသစ်များ
သတ်မှတ်ကြသည်။ ဤကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို အားလုံးသော ကရင်တိုင်းရင်း သားများက
အလေးထားဂုဏ်ယူ နေရာတိုင်းတွင် အသိအမှတ်ပြုကြကြောင်း သိရှိရပါသည်။
ကရင်ပြည်နယ်၏ အထင်ကရ သင်္ကေတသည် သံလွင်မြစ်ဖြစ်သကဲ့သို့
ကရင်တိုင်းရင်းသားတို့၏ ကိုယ်စားပြုယဉ်ကျေးမှု သင်္ကေတသည် ဖားစည်နှင့်ကျွဲချိုဖြစ်ပါသည်။
နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲနှင့် လိပ်ပြာခေါ်ပွဲ စသည့်ဘာသာရေးဆိုင်ရာ
ရိုးရာ ပွဲတော်များရှိပြီး ကရင်ဒုံးယိမ်းအကသည် မြူးကြွသွက်လက်၍ လူကြိုက်များသော အကတစ်မျိုးဖြစ်ပါသည်။
ထို့အပြင် ကရင်လူမျိုးတို့သည် ကိုးကွယ်ရာဘာသာအလိုက်
ရုပ်တုကိုးကွယ်သူကရင်များက နတ်များကို ကိုးကွယ်ပသခြင်း၊ ဗုဒ္ဓ ဘာသာကရင်များက ဘုရားရှိခိုးကြခြင်း၊
ကျောင်းဇရပ်သွားခြင်း၊ ကောင်းမှုကုသိုလ်အလှူဒါနများ ပြုလုပ်ခြင်း၊ သံဃာတော်များထံမှ
တရားနာယူခြင်း၊ ခရစ်ယာန်ဘာသာကရင်များက ဘုရားရှိခိုးခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း
စသည်တို့အပြင် သက်ဆိုင်ရာ ယုံကြည် ကိုးကွယ်မှုအလိုက် ကရင်မျိုးနွယ်စုအားလုံးတို့သည်
ဘာသာရေး ပွဲတော်များကို ပြုလုပ်ကြခြင်းရှိကြပါသည်။ ထို့ကြောင့် ကရင်အမျိုးသားများ၏
သမိုင်းတွင် ဤကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပျော်ပွဲရွှင်ပွဲများအပါအဝင်
ကျယ်ကျယ်ပြန့်ပြန့် ခမ်းခမ်းနားနား ကျင်းပလျက်ရှိကြပါသည်။
တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား
-
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့်
ကရင်တိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ
အားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေး မှု၊ ဓလေ့ထုံးတမ်းများကို
သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ပါသည်။ လူနေမှုဘဝများ
ဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာသည်နှင့်အမျှ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများမှာလည်း
လျော့နည်း တိမ်ကော ပပျောက်မှုများ ဖြစ်လာနိုင်သဖြင့် အလေးထားထိန်းသိမ်းကြရန် တိုက်တွန်းအပ်ပါသည်။
ကရင်တိုင်းရင်းသားများ၏ ဘိုးဘွားဘီဘင်
အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြသည့် စာပေ၊ စကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်း၊
သမိုင်းအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်း လာခဲ့ကြသကဲ့သို့ ရိုးသားမှု၊ ကြိုးစားမှု၊
သစ္စာရှိမှု၊ တိကျပြတ်သားစွာ ဆောင်ရွက်တတ်မှုများကိုလည်း နောင်အနာဂတ် တိုင်းရင်းသား
လူငယ်များက ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။ မြန်မာနိုင်ငံအတွင်းရှိ
တိုင်းရင်းသားပြည်သူ အားလုံးအနေဖြင့် မိမိတို့၏ ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲ
ထိန်းသိမ်းစောင့်ရှောက်သွားနိုင်မည် ဆိုပါက ပြည်ထောင်စု ကြီး အရှည်တည်တံ့ခိုင်မြဲနေမည်ဖြစ်ပါသည်။
ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
နိုင်ငံတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပြီး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်
အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ
တိုးတက်ဖွံ့ဖြိုးရေးကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။
ကရင်တိုင်းရင်းသားများအနေဖြင့်လည်း ပညာနှင့်ယှဉ်သော သတ္တိ၊ မေတ္တာနှင့်ယှဉ်သော ရဲရင့်ခြင်း၊
မွန်မြတ်သည့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်အတွက် ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်းဖော်ဆောင်ကြရန်
နှစ်သစ်ကူး အခါသမယတွင် အလေးအနက် ဖိတ်ခေါ်လိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံအတွင်းရှိ
တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား-
ကရင်ပြည်နယ်အတွင်းရှိနှင့်ပြီးဖြစ်သည့်
သယံဇာတအရင်းအမြစ် များနှင့် အခြေခံကောင်းများကို အသုံးချ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ၊
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင်
ဆောင်ရွက်မည်ဆိုပါက ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ တိုးတက်လာပြီး ဒေသခံတိုင်းရင်းသားများ၏
လူမှုစီးပွားဘဝသည်လည်း ပြောင်းလဲလာမည်ဖြစ်ကာ ကရင်ပြည်နယ်သည်လည်း အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည်ဖြစ်ပါသည်။
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍
အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်သော တိုင်းပြည် သာယာဝပြောရေးနှင့် စားရေ ရိက္ခာပေါများရေးကို
ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေး အင်အားကောင်းလျှင် တိုင်းပြည်သာယာဝပြောပြီး
တည်ငြိမ်မှုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အခြေခံအားဖြင့် စီးပွားရေး အားကောင်းအောင်
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့က ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် တစ်နိုင်ငံလုံး
သာယာဝပြောလာနိုင် မည်ဖြစ်ပါသည်။
လူမှုစီးပွားဟုဆိုရာတွင် လူမှုရေး၊
ပညာရေး၊ ကျန်းမာရေး စသည် တို့ပါဝင်ပြီး ပညာရေးသည် အဓိကကျပါသည်။ ပညာတတ်များဖြင့် သာ
နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ရာ လူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ကိုယ့်ကိုယ်ကိုယ်အားကိုးနိုင်ရေး
ဆောင်ရွက်ပေးရန် လိုပါသည်။ မိမိတို့နိုင်ငံတွင် လုံးဝကျောင်းမနေဖူးသူများရှိနေပြီး
ကျောင်းနေသူများတွင်လည်း အဆင့်အလိုက် ကျောင်းထွက်မှု များနေသည်ကို တွေ့ရပါသည်။ အထူးသဖြင့်
ကျေးလက်ဒေသများတွင် ကျောင်းမနေဖူးသူ ပိုမိုများပြားသည်ကို တွေ့ရပြီး ပြည်နယ်အချို့တွင်
ကျောင်းမနေဖူးသူ ရာခိုင်နှုန်းမှာ ပြည်ထောင်စု၏ ပျမ်းမျှနှုန်းထက် ပိုမိုများပြားသည်ကို
တွေ့ရပါသည်။ စာရင်းများအရ ကရင်ပြည်နယ် တွင် အသက် (၁၅)နှစ်နှင့်အထက် စာတတ်မြောက်မှု
ရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်းခန့်ရှိသဖြင့် ပညာရေးကဏ္ဍတွင် ပိုမိုတိုးတက်အောင်
ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာကြားလိုပါသည်။
ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းသည်
နိုင်ငံ၏ စီးပွားရေးကို အဓိကထား ဆောင်ရွက်ပေးနေခြင်းဖြစ်သဖြင့် ကျေးလက်နေပြည်သူ များ၏
ပညာရေးကို အဓိကထား မြှင့်တင်ပေးရန် လိုအပ်ပါသည်။ ဒေသအသီးသီး ဖွံ့ဖြိုးတိုးတက်မှသာ တစ်နိုင်ငံလုံး
ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ရာ တစ်နိုင်ငံလုံး ကျေးလက်ဒေသများအပါအဝင် တိုင်းရင်း သားပြည်သူအားလုံးသည်
အသိပညာ၊ အတတ်ပညာ ကြွယ်ဝရန် လိုအပ်သကဲ့သို့ မျိုးဆက်သစ်ပညာတတ် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်လည်း
လိုအပ်နေကြောင်း တွေ့ရပါသည်။ “အတန်းပညာရှိမှ အသိပညာရမည်၊ အသိပညာရှိမှ အတတ်ပညာ ရမည်” ဖြစ်၍ လူငယ်များ ပညာသင်ကြားရေးကို အလေးထား
ဆောင်ရွက်ကြမှသာ နိုင်ငံတော်၏ အနာဂတ်ကောင်းကျိုးကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
မိမိတို့ပြည်နယ်အပါအဝင် နိုင်ငံတော်ကြီး
စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရန်မှာ မျိုးဆက်သစ်များကို ကောင်းမွန်စွာပြုစု ပျိုးထောင်ပေး
ရန် အရေးကြီးပါသည်။ အနာဂတ်တွင် အသိပညာရှင်၊ အတတ်ပညာ ရှင်များဖြစ်လာကြမည့် လူငယ်များသည်
မိမိတို့အတွက် အသိပညာ၊ အတတ်ပညာများ တိုးတက်သည်ထက်တိုးတက်အောင် ရှာဖွေ ဖြည့်ဆည်းနေကြရမည်ဖြစ်ပြီး
တိုင်းပြည်နှင့် လူမျိုး၊ ဘာသာ သာသနာကို တန်ဖိုးထားသည့် စိတ်ဓာတ်များ မွေးမြူနိုင်ရေးကို
လည်း သင်ကြားလေ့ကျင့်ပေးကြရမည် ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်
တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ
စနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက်
နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ငြိမ်းချမ်းမှုမရှိသည့်ဒေသတွင်
ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အလှမ်းဝေးနေမည် ဖြစ်သကဲ့သို့ ဒေသခံ ပြည်သူများ၏ စီးပွားရေး၊
လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝများမှာလည်း နိမ့်ကျနေမည်ပင်ဖြစ်ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အဓိကလိုအပ်ချက်မှာ တိုင်းပြည်တည်ငြိမ် အေးချမ်းရေး ဖြစ်ပါသည်။
ထို့ကြောင့်လည်း နိုင်ငံတော်အနေဖြင့်
ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများကို တရားဥပဒေနှင့်အညီ သိမ်မွေ့ညင်သာစွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး
တိုင်းရင်းသားအဖွဲ့အစည်းများ နှင့်လည်း NCA လမ်းကြောင်း အတိုင်း လျှောက်လှမ်းနိုင်ရန်
ညှိနှိုင်းဆွေးနွေးလျက်ရှိရာ တိုးတက်မှုများရှိနေပါသည်။ နိုင်ငံရေး၊ တိုင်းရင်းသားရေးများကြောင့်
ကရင်ပြည်နယ်အတွင်းတွင် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့သဖြင့် တည်ငြိမ်အေးချမ်းမှု
ပျက်ပြားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အဟန့်အတားများကို ကျော်လွှားနိုင်ရန်
ကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျ
တိုးတက်လာ နိုင်စေရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုစိတ်ဓာတ်ကို
အခြေခံပြီး ဒေသနှင့်တိုင်းပြည်အတွက် ပကတိ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးလျက်ရှိရာ
ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာနေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့သည် မိမိတို့နိုင်ငံ၏
(၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပါသည်။ လွတ်လပ်ရေးပြီး မကြာခင်မှာပင် ပေါ်ပေါက်လာခဲ့သည့်
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည်လည်း ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်ရာ ထိုသို့ မပြီးနိုင်၊
မစီးနိုင်၊ အဖြေမထွက်နိုင်သည့် လက်နက်ကိုင်သံသရာမှ ရုန်းထွက်ကြ ရန် အချိန်ကျပြီဖြစ်ကြောင်း
တိုက်တွန်းဖော်ပြအပ်ပါသည်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တကြသည့်
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရေးအတွက်
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိကလိုအပ်ချက်ဖြစ်ပါသည်။ ထို့ကြောင့်
နိုင်ငံနှင့် ပြည်သူ အားလုံးတို့ အကျိုးအတွက် လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်
ပဋိပက္ခများကို စွန့်ခွာ၍ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလမ်းကြောင်းအမှန်ပေါ်မှ
ငြိမ်းချမ်းစွာ လျှောက်လှမ်းကြရန် လွန်စွာ အရေးကြီးလှပါသည်။
ထိုကဲ့သို့ ထာဝရငြိမ်းချမ်းရေးနှင့်
နိုင်ငံတော်အေးချမ်းသာယာရေးကို နိုင်ငံတော်အစိုးရနှင့်အတူ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်
တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းပါဝင်မှသာ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးခရီးစဉ်မှာ
အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း အသိပေးမှာကြားလိုပါသည်။
ယနေ့ မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသော
တည်ငြိမ်အေးချမ်း ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသား
ပြည်သူအားလုံးက အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံအဖြစ်
ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့နိုင်ငံအတွက် တိုင်းဒေသကြီး၊
ပြည်နယ်များတွင်ရှိသည့် တိုင်းရင်းသားပြည်သူများနှင့် တာဝန်ရှိသူအဆင့်ဆင့်တို့က ပူးပေါင်း
အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ကရင်အမျိုးသားနှစ်သစ်ကူးအခါသမယတွင် တိုက်တွန်းနှိုးဆော်ရင်း
ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

No comments