ပြည်တွင်းအားသည် နိုင်ငံ့အင်အား



နေပြည်တော်၊ ဒီဇင်ဘာ ၂၉

၁၉ ရာစု အနောက်ကမ္ဘာတွင်  အရင်းရှင်နယ်ချဲ့ဝါဒ  အမြစ် တွယ်ကြီးထွားလာခြင်းနှင့်အတူ   လောဘဇောတက်နေသည့် အရင်းရှင်နိုင်ငံများက    ကမ္ဘာတစ်လွှားတွင်  အပြိုင်အဆိုင် နယ်ချဲ့ခဲ့ကြသည်။ မြန်မာနိုင်ငံကိုလည်း  စီးပွားရေး၊  စစ်ရေး အင်အားကြီးနိုင်ငံဖြစ်သည့်   အင်္ဂလန်နိုင်ငံက ၁၈၂၄  ခုနှစ် မှ  ၁၈၈၅ ခုနှစ်အထိ နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း ကျူးကျော်စစ်    သုံးကြိမ်ဆင်နွှဲကာ   တစ်ပိုင်းပြီးတစ်ပိုင်း သိမ်းယူသွားခဲ့ခြင်းဖြစ်သည်။


နိုင်ငံလွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည့် သင်ခန်းစာများကို ရှာဖွေကြည့်မည်ဆိုပါက နိုင်ငံကို အုပ်ချုပ်နေသူများ ကမ္ဘာ့ အခြေအနေကို မှန်ကန်စွာ  မသိမြင်ခြင်း၊  နိုင်ငံအုပ်ချုပ်ရေး၊ စီးပွားရေးနှင့်  ကာကွယ်ရေးတို့ကို ခိုင်မာတောင့်တင်းအောင် တည်ဆောက်မထားနိုင်ခြင်းနှင့်  စည်းလုံးညီညွတ်မှု ပြိုကွဲ နေခြင်း စသောပြည်တွင်းအင်အားများ လျော့နည်းနေခဲ့မှုများ ကို တွေ့ရှိနိုင်သည်။ ကိုယ်ခံစွမ်းအားများ  လျော့နည်းကျဆင်း နေပါက ရောဂါဘယများ  ဝင်ရောက်စွဲကပ်လာသည့်နှယ်ပင်  နိုင်ငံ၏ စွမ်းအားများ အားနည်းနေချိန်တွင် ပြည်ပမှ ရန်ရှာ ကျူးကျော်မှုကိုခံရပြီး အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေး တို့ ဆုံးရှုံးကာ ကျွန်သပေါက်ဘဝသို့ ကျရောက်သွားခဲ့ရခြင်း ဖြစ်သည်။


အခြားအာရှနိုင်ငံကြီးများဖြစ်သည့် အိန္ဒိယနှင့် တရုတ် တို့ကို နယ်ချဲ့တို့ကျူးကျော်ခဲ့ရာတွင်လည်း  ထိုနည်းလည်း ကောင်းပင် မြေရှင်ပဒေသရာဇ်စနစ်၏ အားနည်းချက်များကို အခွင့်ကောင်းယူကာ   ခေတ်မီစစ်လက်နက်ပစ္စည်းများနှင့် စစ်ရေးအင်အားသာလွန်မှုတို့ဖြင့်  အနိုင်ကျင့်  ဗိုလ်ကျခဲ့ကြ ခြင်းဖြစ်သည်။ နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝတွင် နိုင်ငံ၏    သယံဇာတများမှရရှိသော   အကျိုးအမြတ်များ သည်   နယ်ချဲ့အရင်းရှင်နိုင်ငံအတွက်သာဖြစ်ပြီး   နယ်ချဲ့ လက်အောက်ခံနိုင်ငံနှင့်  ကျွန်နိုင်ငံသားတို့အတွက်မဟုတ်။ ၎င်းတို့ စီးပွားရေးအတွက်  အကျိုးအမြတ်မဖြစ်ထွန်းနိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက် ရေးတို့အတွက် မည်သည့်ရင်းနှီးမြှုပ်နှံမှုမှ မပြုလုပ်။ မြန်မာ လူမျိုးတို့    နှစ်ပေါင်းများစွာ   တောင်းဆိုခဲ့သည့်  ရန်ကုန် တက္ကသိုလ်ကို  မဖြစ်မနေ  တည်ဆောက်ပေးရသည့်အခါတွင် နိုင်ငံအနှံ့အပြား၌ အာဝါဒေးပွဲများကျင်းပပြီး  လောင်းကစား  ဝိုင်းများမှ    ရရှိသည့်အကောက်ငွေများ၊   အလှူငွေများဖြင့် တည်ဆောက်ပေးခဲ့ခြင်းက သာဓကတစ်ခုဖြစ်သည်။


ယခုအခါ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ ၇၅ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး   လွတ်လပ်ရေး   အဓွန့်ရှည်တည်တံ့ ခိုင်မြဲရန်နှင့် အချုပ်အခြာအာဏာဆုံးရှုံးမှုမရှိစေရန် ပြည်တွင်း အားကို တည်ဆောက်လျက်ရှိသည်။ နိုင်ငံတွင် တည်ရှိနေသည့် သယံဇာတအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်များဖြင့် ပြည်တွင်းစီးပွားတိုးတက်အောင် မြှင့်တင်ရေး၊ ပြည်တွင်းနိုင်ငံ ရေး    ခိုင်မာအားကောင်းရေးအတွက်    ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံပြည်ထောင်စု တည်ဆောက်ရေး၊ ပါတီစုံ ဒီမိုကရေစီစနစ်  တည်ဆောက်ရေး၊  တိုင်းရင်းသားပြည်သူ အားလုံး၏    စွမ်းပကားဖြင့်    ကာကွယ်ရေးစွမ်းအားတို့ကို တည်ဆောက်သွားရမည်ဖြစ်ရာ သူ့ကျွန်ဘဝ သမိုင်းသင်ခန်း စာများကို  သတိပြုလျက်   နိုင်ငံ့အင်အားများကို   စုစည်း ညီညွတ်စွာ တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။         ။


မြန်မာ့အလင်း


No comments

Powered by Blogger.