ဖိလစ်ပိုင်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်း၊ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၃၂ ဦးရှိလာ

 


ဒီဇင်ဘာ ၂၉

ဖိလစ်ပိုင်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် သေဆုံးသူ ၃၂ ဦး ရှိလာသည်ဟု အစိုးရ၏ယနေ့သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါရေကြီးရေလျှံမှုကြောင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ၂၃ ဦး၊ အလယ်ပိုင်းတွင် သုံးဦးနှင့် လူဇုန်ကျွန်းပေါ်ရှိဘီကိုးလ်ဒေသတွင် ခြောက်ဦးတို့သေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ပြောကြားသည်။

ထိုအေဂျင်စီ၏ပြောကြားချက်အရ ၂၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အခြား ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  သိရသည်။

နိုင်ငံတစ်ဝန်းရှိ ဒေသ ၁၀ ခုတွင်  လူပေါင်း ၄၈၆၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး နေအိမ်များ၊ လမ်းများနှင့် တံတားများပျက်စီးခဲ့သည်။ ရေဘေးသင့်သူအချို့သည် အစိုးရ၏ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိသဘာဝဘေးမကြာခဏအများဆုံးဖြစ်ပွားသောနိုင်ငံများအနက်တစ်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း ပျမ်းမျှအားဖြင့် အကြိမ် ၂၀ တိုက်ခတ်လေ့ရှိပြီး အချို့သောမုန်တိုင်းများသည် တိုက်ခတ်မှုပြင်းထန်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.