ကမ္ဘောဒီးယားနိုင်ငံ၏ အမျိုးသားအဝေးပြေးလမ်းမကြီးအား အဆင့်မြှင့်တင်ရန် တရုတ်နိုင်ငံ ထောက်ပံ့မည်

 



ကမ်ပေါင်စပူး   ဒီဇင်ဘာ   ၂၇

 

ကမ္ဘောဒီးယားနိုင်ငံ၏ အမျိုးသားအဝေးပြေး လမ်းမကြီး အမှတ် (၄၁)အား နိုင်ငံအတွင်း လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးအတွက် တရုတ်နိုင်ငံ ထောက်ပံ့ငွေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါအဝေးပြေးလမ်းမကြီးသည် ၉၅ ကီလိုမီတာ ရှည်လျားပြီးမြို့တော် ဖနောင်ပင်၏ အနောက် တောင်ဘက် ၃၇ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိကာ  ကမ်ပေါင်စပူး၊ ကမ်ဒယ်၊ တာကီအိုနှင့် ကမ်ပေါ့ပြည်နယ်များကို ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်သည်။

 

အဆိုပါအဝေးပြေးလမ်းမကြီးအား အဆင့်မြှင့်တင်ခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း ခရီးသွား လာမှုနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုများ လွယ်ကူအဆင်ပြေမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားသည်။ အဆိုပါအဝေးပြေး လမ်းမကြီးအား   အဆင့်မြှင့်တင်ခြင်းဖြင့်   ကမ္ဘောဒီးယားနိုင်ငံသားများ၏ လူမှုစီးပွားဘဝများကို မြှင့်တင်စေနိုင်ပြီး နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကိုပါ  အကူအညီပေးကြောင်း ၎င်းက ပြောကြားသည်။

 

ကမ္ဘောဒီးယားနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေး တိုးတက်လာစေရေးအတွက် အကူအညီပေးအပ်သည့်  တရုတ်အစိုးရနှင့် တရုတ်ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားသည်။ ၂၀၂၂ ခုနှစ်သည် တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံများအကြား မျှဝေသည့် အနာဂတ်ကို တည်ဆောက်နိုင်ခဲ့သည့် အရေးကြီးသည့်နှစ် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ အကူအညီ ဖြင့် တည်ဆောက်သည့်လမ်းများနှင့် ဆေးရုံများ တည်ဆောက်ရေးစီမံကိန်းများကို ယခုနှစ်အတွင်း    စတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝန်တိမ်းက   ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.