ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားများ ကျင်းပစဉ် ကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး ပြင်ဆင်ဆောင်ရွက်ထားမှုများကြည့်ရှုစစ်ဆေး

 



နေပြည်တော်၊ ဒီဇင်ဘာ ၂၇


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားများအား အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြည့်ဝအောင် နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပမည်ဖြစ်ရာ ယင်းကာလအတွင်း လျှပ်စစ်ဓာတ်အားများ မပြတ်တောက်စေရေးနှင့် တည်ငြိမ်ပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် စီမံချက်အတိုင်း လုပ်ငန်းများ လစ်ဟာမှုမရှိစေရန် အထူးအရေးကြီး တာဝန်တစ်ရပ်အနေဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က ပြောကြားသည်။      

  

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ၂၅ ရက်က ပင်မဓာတ်အားခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူးရေးခွဲရုံများ၊ အခမ်းအနားများ ကျင်းပမည့် နေရာများသို့ ကြည့်ရှုစစ်ဆေးစဉ် ထိုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။


ဦးစွာ ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်ရှိ ၂၃၀ ကေဗွီ ရွှေမြို့ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူး ဦးထွန်းထွန်းဝင်းက ၂၃၀ ကေဗွီ သာစည်လိုင်းနှင့် ၂၃၀ ကေဗွီ ပျဉ်မနား လိုင်းကြံ့ခိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရမည်းသင်းမြို့သို့ ပို့လွှတ်မည့် ၆၆ ကေဗွီ တိုးချဲ့ Gantry လုပ်ငန်း ဆောင်ရွက်နေမှု၊ နေရောင်ခြည်စွမ်အင်သုံး ဆိုလာစီမံကိန်းများ၏ Gantry အတွက် မြေနေရာပြင်ဆင်ထားမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။


ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ်ရှိ ၂၃၀ ကေဗွီ နေပြည်တော် (၂) ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူး ဒေါ်စိုးရူပါသိန်းက ၂၃၀/၃၃/၁၁ ကေဗွီ၊ ၃၃ ဒသမ ၃ အမ်ဗွီအေ Y Phase ထရန်စဖော်မာ၏ Bushing များ အပူချိန်မြင့်တက်လာ၍ ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ၂၃၀ ကေဗွီ နေပြည်တော် (၁) - နေပြည်တော် (၂) ဓာတ်အားလိုင်းအတွက် တိုးချဲ့ Gantry ရှိ မြို့ပြပိုင်း တည်ဆောက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။ 


ယင်းနောက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကျင်းပစဉ် ဓာတ်အားဖြန့်ဖြူးပေးထားမည့် ဓာတ်အားဖြန့်ဖြူးရေး ခွဲရုံများကို သွားရောက်စစ်ဆေးရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ နေပြည်တော် အင်ဂျင်နီယာချုပ် ဦးမိုးသက်နှင့် ဒုတိယအင်ဂျင်နီယာချုပ် ဦးဇော်မင်းထွန်းတို့က လျှပ်စစ် ဓာတ်အား မပြတ်တောက်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြကြပြီး အဖွဲ့ဝင်များကလည်း လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက် သွားရန်၊ မမျှော်လင့်ဘဲ ပင်မဓာတ်အားလိုင်း ပြတ်တောက်ပါက အရန်ဓာတ်အားလိုင်းဖြင့် အမြန်ဆုံး ချိတ်ဆက်ဆောင်ရွက်ရန်၊ UPS များ၊ Battery Bank များ၊  Transformer နှင့် Switchgear Control Panel များ၊ အရန်ဓာတ်အားလိုင်းများနှင့် အရန်မီးစက်များကို ကြံ့ခိုင်မှုကောင်း မွန်စေရေး အလေးပေးဆောင်ရွက်ရန်၊ ဓာတ်အားဖြန့်ဖြူးမည့် နေရာများကို အမြဲမပြတ် စစ်ဆေးရန်၊ အရန်ပစ္စည်း ကိရိယာများ အမြဲအသင့်ရှိနေစေရန်၊ လုပ်ငန်းခွင်သုံး အကာ အကွယ်ဝတ်စုံများ ဝတ်ဆင်ကြရန်၊ လုံခြုံရေး အသိ၊ သတိဖြင့် ဆောင်ရွက် သွားကြ ရန်နှင့် အခမ်းအနားများအောင်မြင်စွာ ကျင်းပနိုင်ရေး ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)





No comments

Powered by Blogger.