အကြမ်းဖက်မှုများကို ဆန့်ကျင်




အပြစ်မဲ့ပြည်သူများကို ကာကွယ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်များနှင့် နောက်ဆက်တွဲ နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ လူသတ်အကြမ်းဖက်ဝါဒလည်း ပေါ်ပေါက်လာသည်။ စင်စစ်အကြမ်းဖက်ဝါဒသည် ဆန္ဒပြတောင်းဆိုမှုများဖြင့် စတင်သည့် အစောပိုင်း ကာလမှာပင် စတင်သန္ဓေတည်ခဲ့ပြီး နောက်ပိုင်းတွင် တစ်ဆင့်ထက်တစ်ဆင့် ရင့်သည်ထက် ရင့်လာခဲ့ရခြင်းပင်ဖြစ်သည်။

ဆန္ဒပြပွဲများသို့ တစ်အိမ်တစ်ယောက်လိုက်ခိုင်းခြင်း၊ အလှူငွေထမင်းထုပ် စသည်တို့ ဆင့်ဆိုခြင်း၊ သဲအိတ်များထမ်းရခြင်း၊ သံပုံးတီးရခြင်း၊ မီးမှိတ်ရခြင်း စသည်တို့ကို စိတ်ပါလက်ပါ ပြုလုပ်ခဲ့ကြသူများရှိသကဲ့သို့ မလုပ်လိုသူ ကြားနေများ၊ ဆန့်ကျင်လိုသူများလည်း ရှိနေခဲ့သည်။ ဝန်ထမ်းများကို CDM ပြုလုပ်ကြရန် လှုံ့ဆော်ကြရာတွင်လည်း လိုက်ပါပြုလုပ်ကြသူများရှိသကဲ့သို့ မလိုက်ပါလိုသူများ၊ ဆန့်ကျင်ကြသူများလည်း ရှိခဲ့သည်။ ဒီမိုကရေစီအစိုးရ နှစ်ဆက်ဖြတ်သန်းခဲ့ပြီးဖြစ်သည့် နိုင်ငံသူနိုင်ငံသားများအတွင်း အတွေးအမြင်၊ အယူအဆများ၊ ဆန္ဒများ ကွဲပြားခြားနားနေကြသည်မှာ သဘာဝကျသော်လည်း သွေးထိုးလှုံ့ဆော်များ ထပ်မံ ထွက်ပေါ်လာပြန်သည်။ တော်လှန်ရေးတွင် ကြားနေမရှိဟူ၍လည်းကောင်း၊ အဓမ္မသမားများဟူ၍ လည်းကောင်း၊ လူမှုရေးဒဏ်ခတ်ရန် ဟူ၍လည်းကောင်း အကြမ်းဖက်အတွေးအခေါ်များ စတင်ချမှတ်လာခဲ့ပြီး လူအုပ်စုဖြင့် အရှက်တကွဲဖြစ်စေရန် ဖိအားပေးအကျပ်ကိုင်မှုများ၊ စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

မြို့ပေါ်ဆန္ဒပြပွဲများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေစဉ် ကာလမှာပင် အကြမ်းဖက်သတ်ဖြတ်မှုများ စတင်ဖြစ်ပေါ် လာခဲ့ပြီဖြစ်ရာ စစ်တပ်သတင်းပေးဟူ၍ စွပ်စွဲသတ်ဖြတ်မှုများ၊ အရပ်ထဲတွင် နေထိုင်ကြသည့် တပ်မတော်မိသားစုဝင်များကို သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။ သတ်ဖြတ်မှုများ၏ နောက်ကွယ်တွင် CRPH ၊ NUG တို့က နောက်ကွယ်မှ ကြိုးကိုင်၍ PDF အပါအဝင် အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် အကြမ်းဖက်အုပ်စုငယ်များက သွေးစွန်းသည့် သတ်ဖြတ်မှုများကို ကျူးလွန်ကြခြင်း ဖြစ်သည်။ ယခုအခါ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ပြည်သူလူထုက ပိုမိုနားလည်သိရှိလာကြပြီး လက်မခံကြတော့သည့် အလျောက် လျှို့ဝှက်သတင်းပေး ဖော်ထုတ်မှုများကြောင့် အကြမ်းဖက်သမား အုပ်စုများ၊ လက်နက်ခဲယမ်းများ အစုလိုက်အပြုံလိုက် မကြာခဏ ဖမ်းဆီးရမိလျက်ရှိသည်။

ပြည်သူအတွက်ဟူသော အသုံးအနှုန်းဖြင့် အကြမ်းဖက်သတ်ဖြတ်၊ လုယက်မှုတို့ကို ကျူးလွန်နေကြသည့် အကြမ်းဖက်အုပ်စုများက လူမှုကွန်ရက်များကို အသုံးချ၍ မမှန်မကန် သတင်းများပေးလေ့ရှိကြောင်း ၎င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောကြားမှုများကို တွေ့နေရပြီး ခေါင်းစဉ် အမျိုးမျိုးဖြင့် ထောက်ပံ့ရန်၊ ကူညီရန်၊ လှူဒါန်းရန် တောင်းဆိုမှုများကိုလည်း တွေ့ရသည်။ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ရန် ကူညီထောက်ပံ့ခြင်းက မိမိကိုယ်တိုင် ကျူးလွန်သည်နှင့်မခြား အကုသိုလ် အရာမြောက်သည့်အပြင် ဥပဒေအရလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်ငြိစွန်းမည်ဖြစ်သည်။ အကြမ်းဖက်သမားတို့၏ လှုပ်ရှားမှုသတင်း၊ လက်နက်ခဲယမ်း ကိုင်တွယ်သိုလှောင် သယ်ဆောင်မှု သတင်းများကို သက်ဆိုင်ရာသို့ လျှို့ဝှက်ပေးပို့ခြင်းဖြင့် အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ကာကွယ်ပေးနိုင်ကြပါစေကြောင်း။

မြန်မာ့အလင်း

No comments

Powered by Blogger.