ပုပ္ပားတောင်မကြီးပေါ်သို့ ဒီဇင်ဘာလအတွင်း တောင်တက်သူ များပြား


 

ညောင်ဦး၊ ဒီဇင်ဘာ  ၂၅

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁) မိုင်ခန့်အကွာတွင် တည်ရှိသော ပုပ္ပားတောင်မကြီး၏ ဒီဇင်ဘာလ တောင်တက်ပွဲတွင် တက်ရောက်သူ များပြားစွာ ပါဝင်ခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာ ၂၅ ရက်တွင်လည်း မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ တောင်တက်လာသည့် တောင်တက်ဝါသနာရှင်များဖြင့် စည်ကားများပြားခဲ့ကြောင်း သိရသည်။


 

အဆိုပါ ပုပ္ပားတောင်တက်ခြင်းကို တောင်တက်သူ (၂၀၀၀) ကျော် ပါဝင်တက်ရောက်ကြကြောင်းနှင့် ကျောက်ပန်းတောင်း ပတ်ဝန်းကျင်မြို့များဖြစ်သည့် မကွေး၊ ရေနံချောင်း၊ ချောက်၊ စလေ၊ တောင်သာ၊ မိတ္ထီလာ၊ ငါ့သရောက်၊ ညောင်ဦး၊ ပုဂံမြို့၊ ဝဲလောင်၊ ပုပ္ပားလွင်ရွာ၊ ကံဇာတ်ကုန်းရွာ၊ အင်ချောင်းရွာနှင့် ကျောက်ပန်းတောင်းမြို့မှ တောင်တက်ဝါသနာရှင်များ တက်ရောက်ကြကြောင်း သိရသည်။ တောင်တက်သူအများစုသည် မိတ်ဆွေပေါင်းသင်းများနှင့် တက်ရောက်လာခြင်း၊ မိသားစုလိုက် တက်ရောက်ကြခြင်းများ ရှိကြသည်။ ဒီဇင်ဘာလ တစ်လလုံး နေ့စဉ် တောင်တက်သူများအပြင် တောင်တက်လမ်းတစ်လျှောက် ရေသန့်၊ ကြာဇံဟင်းခါး၊ ခေါက်ဆွဲပြုတ်များ၊ သစ်သီးမျိုးစုံ၊ အကြော်မျိုးစုံ ရောင်းချသူများလည်း ရှိသည်။ ဒီဇင်ဘာ ၁၀ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း တောင်တက်သူအများဆုံး လာရောက်သည့် ရက်များဖြစ်ကြောင်း ဒေသခံဈေးသည်များထံမှ သိရသည်။

 

တောင်တက်သူများသည် အမြင့်ပေ ၄၃၀၀ ခန့်ရှိ နွားလပို့ (ဗိုဘ့်) တောင်၊ အမြင့်ပေ ၄၆၀၀ ခန့်ရှိ ဆေးမွန်တောင်၊ ၄၇၅၅ ပေရှိ စပါးပုံတောင်နှင့် ပုပ္ပားတောင်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် ၄၉၈၁ ပေရှိ မှန်ပြတောင်များသို့ တက်ရာက်ခဲ့ကြကြောင်းနှင့် ဒီဇင်ဘာလအတွင်း တောင်တက်သူ တစ်သောင်းကျော်နိုင်ကြောင်း ပုပ္ပားဒေသခံများထံမှ သိရသည်။

 

ကိုကြေးမုံ


No comments

Powered by Blogger.