ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ် (Depression) ဆက်လက်တည်ရှိနေ
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့ညနေ
၄ နာရီ ထုတ်ပြန်ချက်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက
ယနေ့ ညနေထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ဘင်္ဂလားပင်လယ်အော်
အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ် (Depression) သည် မြန်မာနိုင်ငံ၊
ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက်
ရေမိုင် (၅၈၀) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun) ၏ အနောက်တောင်ဘက် ရေမိုင်
(၆၉၀) မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Trincomalee) ၏ အရှေ့ - အရှေ့မြောက်ဘက်
ရေမိုင် (၂၂၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ်မြို့ (Nagappattinam) ၏ အရှေ့-အရှေ့တောင်ဘက်
ရေမိုင် (၃၅၀) မိုင်ခန့်နှင့် ချင်းနိုင်မြို့ (Chennai) ၏ အရှေ့တောင်ဘက် ရေမိုင် (၄၀၀)
မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ်
ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ
တိမ်ထူထပ်နေသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း
(၆၀) ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်တွင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ
လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်
(၃၀) မှ (၃၅) မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်သည်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့်
နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊
ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်သည်။
နေပြည်တော်၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့
အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
Credit> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန





No comments