အပြစ်မဲ့ပြည်သူအပေါ် အကြမ်းဖက်မှု ပြည်သူ့အားဖြင့် ဆန့်ကျင်တိုက်ဖျက်
ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့ရှိ
ပြည်နယ်ခန်းမ ရှေ့တွင် (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ
အခမ်းအနားကို ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ်
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်
ကျောင်းသူ ကျောင်းသား ကလေး ငယ်များ၊ အရပ်သားပြည်သူ အမျိုးသား အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး
ပြည်သူတစ်ဦး သေဆုံးခဲ့ရသည်။
အဆိုပါ တိုက်ခိုက်မှုကို အကြမ်းဖက်အားပေး ပြည်ပလက်ဝေခံ မီဒီယာအချို့က သတင်းအဖြစ် အွန်လိုင်းမှ
ဖော်ပြရာတွင် စစ်ကောင်စီက ကြီးမှူးကျင်းပသည့် ကယားပြည်နယ် နေ့ အခမ်းအနားကို ဗုံးကြဲတိုက်ခိုက်ခံရကြောင်းနှင့်
အဆိုပါ အခမ်းအနားကျင်းပရာသို့ မသွားရန် ဒေသခံပြည်သူများအား သတိပေးထားပြီးဖြစ်ကြောင်း
ဖာထေး ရေးသားခဲ့သည်ကို တွေ့ရသည်။ ကျောင်းသား ကျောင်းသူကလေးများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများဖြင့်
ကျင်းပနေသည့် အခမ်းအနားတစ်ခုကို အဝေးမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းက ကျိုက်ထီးရိုး စေတီတော် သာသနာ့နယ်မြေအတွင်း ဘုရားဖူးတောင်တက်ကားဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့်
အကြမ်းဖက် လုပ်ရပ်ကဲ့သို့ပင် စစ်ရေးပစ်မှတ်မဟုတ်သော
ကျောင်းသူ ကျောင်းသား ကလေးငယ်များနှင့် အရပ်သူ အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်ခြင်းပင် ဖြစ်သည်။
လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့်
ထိခိုက်ဒဏ်ရာ ရရှိသူများတွင် ကျောင်းသူ ကျောင်းသား ကလေးငယ် ခြောက်ဦး၊ အပြစ်မဲ့အရပ်သားပြည်သူ
အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးတို့ ပါဝင်ပြီး အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့ရာ
ကျောင်းသူ ကျောင်းသား ကလေးငယ်များမှာ
ထိခိုက်မှု အများဆုံးဖြစ်ခဲ့သည်။ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပြည်နယ်နေ့အထိမ်းအမှတ်
အခမ်းအနားတစ်ရပ် ဖြစ်သည့်အလျောက် ကျောင်းသူ
ကျောင်းသား ပြည်သူလူထုစုဝေးနေစဉ် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းသည်
လူအများအပြား သေကျေပျက်စီး စေရန်၊ ထိတ်လန့်ကြောက်ရွံ့မှုဖြင့် လူထုအခမ်းအနားကို ပျက်စီးစေရန်
ရည်ရွယ်ခြင်းသာဖြစ်ရာ မည်သည့်အကြောင်း ပြချက်ဖြစ်စေကာမူ အကြမ်းဖက်လုပ်ရပ်သာဖြစ်သည်မှာ ထင်ရှားလျက်ရှိသည်။
ကယားပြည်နယ်သည် သဘာဝသယံဇာတကြွယ်ဝပြီး
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းများစွာရှိသည့် ပြည်နယ်ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးမှသာလျှင်
ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ပြီး တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများလည်း
မြင့်မားလာမည်ဖြစ်သည်။ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင်
မိမိတို့နိုင်ငံ ပြိုကွဲပျက်စီး စေရန် ပြည်ပမှ သွေးထိုးလှုံ့ဆော်မှုများ၊ သဘောထားမမှန်သည့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့ များ၏ သွေးဆောင်စည်းရုံးမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်
နိုင်ငံအတွင်းရှိ ဒေသအချို့တွင် မတည်မငြိမ်မှုများ၊ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုများ
ဖြစ်ပေါ်လျက်ရှိရာ ဒေသခံ ပြည်သူများအနေဖြင့် မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏
နေ့စဉ်ဘဝများ ပုံမှန်လုပ်ကိုင်လည်ပတ်နိုင် ရေးအတွက် အကြမ်းဖက်လုပ်ရပ်များ ဖော်ထုတ်တားဆီး ရာတွင် ပူးပေါင်းပါဝင် ဆန့်ကျင်တိုက်ဖျက်ကြရန် တိုက်တွန်း အပ်ပါကြောင်း။
မြန်မာ့အလင်း
No comments