မကွေးတိုင်းဒေသကြီး၏ ဧရာဝတီမြစ်အတွင်းတွေ့ရှိရသော မြန်မာ့ရေချိုငါးလိပ်ကျောက်
နိုင်ဝင်းသိန်း(ငါးဦးစီး)
အိသီရိကြွယ်(မကွေးခရိုင်ငါးဦးစီး)
မြန်မာနိုင်ငံသည် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်း၊ ကုန်းတွင်းပိုင်း၌ ဧရာဝတီ၊ ချင်းတွင်း၊
သံလွင်၊ စစ်တောင်းစသည့် ရှည်လျားသော မြစ်ကြီးလေးသွယ်၊ ကမ်းရိုးတန်းနှင့်ကုန်းတွင်း၊
ပင်လယ်နှင့် မြစ်ချောင်းများဖြင့် တစ်ဆက်တစ်စပ်တည်းရှိသည့် မြစ်ဝှမ်းနှင့်မြစ်ဝကျွန်းပေါ်
ဒေသများ၊ ကုန်းတွင်းမြေနိမ့် ရေဝပ်အင်းအိုင်များ၊ ရေဝင်ရေထွက်ရှိသည့် ရေကန်ကြီးများကြောင့် ရေချို၊ ရေငန်ငါး၊ ပုစွန်သယံဇာတ မျိုးကွဲ စုံလင်ပေါများသည့် ဒေသတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ၏အဓိက ရေချိုသွေးကြောဖြစ်သော
ဧရာဝတီမြစ်ကြီးကလည်း နိုင်ငံ၏ အလယ်တည့်တည့် မကွေးတိုင်းဒေသကြီးအတွင်း မြောက်မှတောင်သို့
အရှည်မိုင် ၁၈၅ မိုင်အထိ ဖြတ်သန်းစီးဆင်း နေမှုကြောင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုများ၏
မရှိမဖြစ်လိုအပ်သော ငါးရိက္ခာကို အထိုက်အလျောက် ဖြည့်ဆည်းပေးလျက်ရှိပြီး ငါးလုပ်ငန်းအပေါ်
မှီခိုနေသော အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနေကြသည်။ ထိုဧရာဝတီမြစ်ကြီးအတွင်း
ရေနေသတ္တဝါမျိုးစိတ် မျိုးစုံကျက်စားလျက်ရှိရာ ဂေဟစနစ်တွင် အကျုံးဝင်သော ဒေသခံ ငါးမျိုးစိတ်များအနက်
အချို့သောမျိုးစိတ်များသည် အလွန်အကျွံ ဖမ်းဆီးခံရမှု၊ ရာသီဥတုဖောက်ပြန်မှု၊ မသန့်ရှင်းသော
ရေထုများနှင့် မျိုးပွားစနစ်များ အားနည်းမှုတို့အရ မျိုးသုဉ်းမည့်အနေအထားနှင့် ရင်ဆိုင်နေကြရလျက်ရှိနေသည်။
ထိုမျိုးစိတ်များမျိုးသုဉ်းပျက်စီးသွားပါက ဧရာဝတီမြစ်ကြီးဂေဟစနစ်ကိုပါ ပျက်စီးယိုယွင်းလာနိုင်
မည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေကြရမည်ဖြစ်သည်။
စရိုက်သဘာဝကို ကျယ်ကျယ်ပြန့်ပြန့် မသိရသေး
ဧရာဝတီမြစ်ကြီးအတွင်း ရေချိုငါး၊ ပုစွန်မျိုးစိတ်များ
မြောက်မြား စွာတည်ရှိနေပြီး အချို့မှာ အခြားဒေသများမှ အခြားဒေသများသို့ အစာအတွက်လည်းကောင်း၊
မိတ်လိုက်၊ မျိုးပွားသားပေါက်ရန်နှင့် ရာသီဥတုခိုလှုံရန် အတွက်လည်းကောင်း၊ မကြာခဏရွှေ့ပြောင်း
သွားလာလျက်ရှိသည်ကို တွေ့ရှိရသော်လည်း အချို့သောမျိုးစိတ်များမှာ ဧရာဝတီမြစ်အတွင်း၌သာ
ကျက်စားနေထိုင်လျက်ရှိကြသည်ကို တွေ့ရှိရသည်။ ထိုရေချိုငါးမျိုးများအနက် ဧရာဝတီမြစ်၏
မကွေး တိုင်းဒေသကြီးဧရိယာအတွင်း မကြာမကြာတွေ့ရှိရသော်လည်း
ယင်းတို့၏ စရိုက်သဘာဝကို ကျယ်ကျယ်ပြန့်ပြန့် မသိရှိရသေးသည့်အပြင် မျိုးထိန်းသိမ်းရေးဆောင်ရွက်နိုင်မှု
မရှိသေးသော မြန်မာ့ရေချို ငါးလိပ် ကျောက်မျိုးစိတ်များအကြောင်းကို လေ့လာပြီး ဆောင်းပါးအဖြစ်
ပြုစုတင်ပြထားခြင်း ဖြစ်သည်။
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏အလယ်ပိုင်း
မြေနီသဲဝန်း မိုးနည်းဒေသဖြစ်၍ ရာသီဥတုပူပြင်း ခြောက်သွေ့ခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်းတို့ကြောင့်
ရေအရင်းအမြစ်နည်းပါးသည့် ဒေသတစ်ခုဖြစ်သည်။ သို့ရာတွင် မကွေးတိုင်းဒေသကြီး၏ အလယ်ဗဟို၌
စီးဆင်းနေသည့် ဧရာဝတီမြစ်ကြီးသည် ကျယ်ပြောလှ၍ အနောက်ဘက် ကပ်လျက်ရှိသောရခိုင်ရိုးမ တောင်စဉ်တောင်တန်းများကြောင့်
ရေချိုရရှိမှုရှိပြီး အစိုးရအဆက်ဆက်က ဆည်ရေလှောင်တမံကောင်းများလည်း တည်ဆောက်ပေးခဲ့သောကြောင့်
စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်သည့် ဒေသတစ်ခုလည်းဖြစ်သည်။ သို့ရာတွင် ငါးသယံဇာတ အရင်းအမြစ်များမှာ အဓိကသဘာဝရေပြင် ဧရာဝတီ
မြစ်ကြီးတစ်ခုတည်းသာရှိခြင်း၊ မြစ်ငယ်ချောင်းငယ်များမှာလည်း မိုးကာလတွင်သာ ရေရှိခြင်း၊
မြေနိမ့်ရေဝပ် မြစ်ချောင်းအင်းအိုင်များ နည်းပါးခြင်းစသည့် ပထဝီအနေအထားများကြောင့်
ငါးထုတ်လုပ် နိုင်မှုနည်းပါးသကဲ့သို့ ငါးစားသုံးနိုင်မှု နည်းပါးသေးသည့် ဒေသတစ်ခုလည်းဖြစ်သည်။
တိုင်းဒေသကြီးတစ်ခုလုံး၏ ငါးထုတ်လုပ်နိုင်မှု ပိဿာထောင်ပေါင်း ၁၁၇၀၀ သာ ရှိသည်။
သို့ဖြစ်ရာ တိုင်းဒေသကြီးမှ ငါးထုတ်လုပ်မှု
ပိုမိုမြင့်မားလာစေရန် ငါးမွေးဧရိယာများ ပိုမိုများပြားလာစေရန်နှင့် ငါးမွေးကန်တစ်ဧက
ထုတ်လုပ်မှုနှုန်း တိုးတက်စေရေးဆောင်ရွက်ရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း ကျယ်ပြောလှသည့်
ဧရာဝတီမြစ်ရေပြင်အတွင်း မှီတင်းနေထိုင် ကျက်စားလျက်ရှိသော သဘာဝငါးမျိုးစိတ်များ ပေါ
များလာပြီး ရေရှည်တည်တံ့စေရန်၊ ယင်းတို့၏ ဂေဟစနစ် ကာကွယ်ရန်၊ တိုင်းရင်းငါးမျိုးစိတ်များကို ထိန်းသိမ်း စောင့်ရှောက်ရန်ရှိသည့်အပြင်
ဧရာဝတီလင်းပိုင်ကဲ့သို့ ကမ္ဘာပေါ်တွင် ရှားရှားပါးပါး တွေ့ရခဲသည့် ရေချို ငါးလိပ်ကျောက်ငါးမျိုးများကို
စနစ်တကျလေ့လာပြီး ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီး
ဌာနဝန်ထမ်းတစ်ဦးအနေဖြင့် ခံယူထားသည်။
ငါးလိပ်ကျောက်များအကြောင်း
ငါးလိပ်ကျောက်မျိုးများသည် အသားစားသတ္တဝါများဖြစ်ပြီး
ငါးငယ်များ၊ တီကောင်များနှင့် အခွံရှိသတ္တဝါငယ်များကို ဖမ်းယူစားသောက်လေ့ရှိကြသည်။
ရေအောက်နေငါးအမျိုးအစား (Demersal fish) ဖြစ်၍ ရေအောက်ကြမ်းပြင် သဲဆန်သောမြေ၊ ရွှံ့စေး
မြေများ၌လည်း နေထိုင်ကြပြီး ပုံသဏ္ဌာန်မှာ အပြားအဝိုင်းပုံ မျိုးဖြစ်၍ ဖမ်းဆီးရခက်ခဲကာ
၎င်း၌ပါသည့် ဆူးချွန်ဖြင့် ရန်ပြု တိုက်ခိုက်တတ်သည့် ရေနေသတ္တဝါတစ်မျိုး ဖြစ်သည်။
မြန်မာနိုင်ငံတွင်
ရေငန်ပိုင်း၌ အဓိကတွေ့ရှိရသော ငါးလိပ်ကျောက် မျိုးစိတ်များမှာ လိပ်ကျောက် တင်းခွန် (Cow tail ray)၊
လိပ်ကျောက် ရင်မည်း (whip tail stingray)၊ လိပ်ကျောက်နီ (Banded whip stingray)၊ လိပ်ကျောက်ထမနဲ
(scale stingray)၊ လိပ်ကျောက်ကြွေ (Blue spotted stingray)၊ သင်ပေါင်းဖက်ချေ (Pale-edged
sting ray)၊ ထမင်းနီ (Eagle ray)၊ လိပ်စွန် (Javanese cow ray)၊ တင်းဟေး (Nichof's
eagle ray)၊ နော်ဖရာ (spotted eagle ray)၊ မျှင်သောက် (ဂွ၊ ဘဲလိပ်) (lesser-devil
ray)၊ ငါးလက်ထုံ (ငါးယောင်းမ) (Brown electric ray) (Numb fish) (spotted electric
ray) တို့ ဖြစ်ကြသည်ကို သိရှိရသည်။ ရေငန်ငါးလိပ်ကျောက်၊ ငါးလိပ်စွန်တို့သည် ကိုယ်ထည်
အရွယ်အစား အလျားခုနစ်ပေခန့်၊ အလေးချိန်ကီလို ၁၀၀၀ ကျော် အထိကြီးမားသည်ကို တွေ့ရှိရပြီး
သင်ပေါင်းဖက်ချေ မျိုးစိတ်သည် အများဆုံးဆယ်လက်မခန့် အထိသာ ကြီးမားသည်ကို သိရသည်။
ဤကမ္ဘာပေါ်တွင် ငါးမန်း၊ ငါးလိပ်ကျောက်တို့ပါဝင်သော
အရိုးနုငါးများ CHONDRICHTHYES (Elasmo-branchaii)(LeoS.Berg1940) တို့သည် ရှေးလွန်ခဲ့သော
နှစ်ပေါင်းသန်း ၃၅၀ ကာလမှစ၍ ဖြစ် ထွန်းပေါ် ပေါက်ခဲ့သည်ဟု ပညာရှင်များက တွက်ချက်ယူဆထားကြပြီး
ယခုမျက်မှောက်ကာလတွင် ကမ္ဘာ့ရေချိုရေငန်များထဲ၌
ငါးလိပ်ကျောက် မျိုးပေါင်း ၂၆ မျိုးတို့၏ မျိုးစိတ်ပေါင်း ၂၀၀ ခန့်နှင့် ရေချိုတွင်
နေထိုင်သည့် မျိုးစိတ်ပေါင်း ၃၅ မျိုးခန့် ပညာရှင်အသီးသီးက လေ့လာတင်ပြ ထားသည်ကို တွေ့ရှိသည်။
မြန်မာနိုင်ငံတွင်မူ ရေချိုငါးလိပ်ကျောက် မျိုးစိတ်လေးမျိုးခန့်သာရှိသည်ဟု သိရှိရသော်လည်း
အတိအကျ မှတ်တမ်းကောက်ယူထားရှိမှုမရှိဟု သိရသည်။
မိမိတို့လေ့လာချက်များ၌ ကမ္ဘာ့အနောက်ခြမ်းတွင်ရှိသော
ရေချိုငါးလိပ်ကျောက်များကို မျိုးစိတ်အများဆုံး တင်ပြထားသည် ကိုသာတွေ့ရပြီး ကမ္ဘာ့အရှေ့ခြမ်းရှိ
အာရှနှင့် အထူးသဖြင့် ငါးမျိုးစိတ်များပေါများရာ အရှေ့တောင်အာရှတွင် တွေ့ရှိရသည့်ရေချိုငါးလိပ်ကျောက်မျိုးစိတ် အနည်းငယ်သာပါရှိသဖြင့် ရေချိုငါးလိပ်ကျောက်မှာ
အဆိုပါဒေသ ရေချိုတိုင်းတွင်ပင် မတွေ့နိုင်ပါ၊ သို့သော် မျိုးခွဲသုတေသီပညာရှင်
Roberts က ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ ချင်းတွင်းမြစ်အတွင်းမှရသည့် Makararaja
chindwinensis ကို အမည်ပေး မှတ်တမ်းတင်ထားကြောင်း တွေ့ရသဖြင့် မိမိတို့ဒေသတွင် ရှားရှားပါးပါးရှိသည်ဟု
သတိထား ဂုဏ်ယူမိခဲ့သည်။
ထို့ပြင် ငါးလိပ်ကျောက်ငါးမျိုးများသည်
ပင်လယ်တွင်သာ တွေ့ရှိရများသော ငါးမျိုးဖြစ်သဖြင့် လူအများက ပင်လယ်ရေငန်တွင်သာ နေထိုင်ကျက်စားသည့်
သဘာဝရှိသည်ဟု ထင်မှတ်နေကြသည့်အတွက် ရေချိုတွင်လည်း ငါးလိပ်ကျောက် နေထိုင်ကျက်စားကြကြောင်း၊
ကမ္ဘာပေါ်တွင် ရေချိုငါးလိပ်ကျောက်မျိုးစိတ် အနည်းငယ် သာရှိသည့်အပြင် ဧရာဝတီမြစ်အတွင်းရှိသည်ကို
ပြည်တွင်းပြည်ပ လူအများက မသိကြသည့်အတွက် မြန်မာနိုင်ငံသားများလည်း မိမိတို့ကဲ့သို့
ဂုဏ်ယူနိုင်ကြစေလိုသောကြာင့် ဤရေချိုငါးလိပ်ကျောက် နှင့်ပတ်သက်သည့် အကြောင်းအရာများကို
ကြိုးစားလေ့လာ၍ တင်ပြရခြင်း ဖြစ်သည်။
Classification of Ray
Kingdom: Animalia
Phylum: Chordata
Class: Chondrichthyes
Superorder: Batoidea
Orders
• Myliobatiformes
• Rajiformes
• Rhinopristiformes
• Torpediniformes
Classification of Freshwater sting Ray
Kingdom: Animalia
Phylum: Chordata
Class: Chondrichthyes
Order: Myliobatiformes
Family: Dasyatidae
Genus:
Himantura/Makararaja
Species Himantura Spp;
Makararaja chindwinensis
Local
name. Freshwater Sting Ray
ယခုဆောင်းပါးသည် ဤရေချိုငါးလိပ်ကျောက် ငါးမျိုးတွေ့ရှိခဲ့သည့် အခြေအနေအချက်အလက်များကို
အင်း၊ တင်ဒါသူကြီးများ၊ ရေလုပ်သားများနှင့်
သွားရောက်တွေ့ဆုံ မှတ်တမ်းကောက်ယူပြုစုပြီး စာရင်းဇယား၊ ဓာတ်ပုံ၊ မြေပုံများဖြင့် ကနဦးတင်ပြထားခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်အတွင်း ငါးလိပ်ကျောက်များ တွေ့ရှိမှုအခြေအနေ
မကွေးတိုင်းဒေသကြီးအတွင်း၌ ဧရာဝတီမြစ်သည်
တောင်ဘက်တွင် ကံမမြို့နယ်မှစတင်၍ မြောက်ဘက်
ရေစကြိုမြို့နယ်အထိ မိုင် ၁၈၀ ကျော် ရှည်လျားကာ ရေပြင်ဧရိယာ ၂၀၀၀ စတုရန်း ကီလိုမီတာခန့် ကျယ်ဝန်းသည်။ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် မြစ်ဝချောင်းများ၊
မြစ်စို့ ရေဝင်ထောင့်များနှင့် မြစ်ရိုးတစ်လျှောက်ရေစီး ညင်သာသည့် နေရာများ များစွာရှိရာ
ရေချိုငါးလိပ်ကျောက်များကို ယင်းနေရာများ၌ တွေ့ရှိရသည်ဟု သိရသည်။ ရေအောက်ကြမ်းပြင်
နေငါးမျိုးစိတ်ဖြစ်၍ ဖမ်းဆီးရခက်ခဲသော်လည်း နှစ်စဉ်နှစ်တိုင်း ပြာသို၊ တပို့တွဲ၊ တပေါင်းလများ၌
ရေလုပ်သားများ ငါးဖမ်းစဉ် သုံးထပ်ပိုက်၊ တန်းပိုက်၊
မျော (ကြာဆံ) ပိုက်များနှင့် ငါးမျှားတန်များ၌ ထိမိမှုရှိသည်ဟု သိရသည်။ မြစ်ရေကြီးသည့်အချိန်
ရေအနက်ဆယ်ပေ၊ ရေနောက်သည့် အချိန်ပိုမိုထိမိပြီး ၁၂ ရာသီလုံးတွင် အထိအမိရှိနိုင်ကာ သောင်ခုံများရှိသည့်
နေရာတစ်ဝိုက်တွင်လည်း ပိုမိုတွေ့ရှိရသည်ဟု သိရသည်။ သက်ကြီးရေလုပ်သားများ၏ ပြောပြချက်အရ
အုပ်စုလိုက် တွေ့ရခြင်းမရှိဘဲ တစ်ကောင်ချင်းသာ တွေ့ရှိရကြောင်း ညဘက်များတွင် ဖမ်းဆီးရရှိမှုပိုများကြောင်း
သိရသည်။
ဒေသတွင်းရေချိုငါးလိပ်ကျောက်များ ပျံ့နှံ့နေထိုင်ကျက်စားမှု
ရေချိုငါးလိပ်ကျောက်များကို ပခုက္ကူမြို့မှစတင်၍
ပခုက္ကူ၊ ချောက်မြို့၊ စလေမြို့၊ စလင်းမြို့၊ မကွေးမြို့တို့ရှိ ဧရာဝတီမြစ်ရိုး တစ်လျှောက်တွင်
တွေ့ရှိရသည်ဟုသိရသည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အစပ်တို့တွင် ယခင်ကတွေ့ရှိရကြောင်း၊
ယခုအခါ မတွေ့ရှိတော့သည်မှာ လေးနှစ်၊ ငါးနှစ်ရှိပြီးဖြစ်ကြောင်း ရေစကြို မြို့နယ် ခွေးတောက်အင်း၏
အထက်နှင့်အောက်ဘက်တို့တွင်လည်း ယခုအခါဖမ်းဆီးရရှိမှု မရှိတော့ကြောင်း ၂၀၁၆၊ ၂၀၁၇ ခုနှစ်ခန့်က
ဖမ်းဆီးရမိခဲ့ပြီး ယခုအခါ ဖမ်းမိခြင်းမရှိတော့ဟု သိရသည်။ ယခင်က မန္တလေးတိုင်းဒေသကြီး
မြင်းခြံနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အစရှိသော တိုင်းသုံးတိုင်းဆုံသောနေရာတွင်
တွေ့ရှိခဲ့ဖူးကြောင်း သိရသည်။
တန်းပိုက်၊ တန်းကြိုးတို့၌ထိမိပြီး
တစ်ခါတစ်ရံတွင် ဝမ်းပူပိုက်တွင်လည်း ပါလာတတ်ကြောင်း၊ အများအားဖြင့် တန်းပိုက်တွင် ပိုမိုဖမ်းဆီးမိပြီး
ကျောက်တုံးကျောက်ဆောင်များကြား နေထိုင်တတ်သော သဘာဝရှိကြောင်း၊ အလယ်ချောင်းကျေးရွာတွင်
လွန်ခဲ့သောသုံးနှစ်က တွေ့ရှိရဖူးကြောင်း၊ တော်သလင်းနှင့် သီတင်းကျွတ် လများဖြစ်သော
ရေကျချိန်တွင် ဖမ်းဆီးရတတ်ကြောင်း၊ ငါးလိပ်ကျောက်သည် ရေအောက်ခြေတွင် ကုတ်အားကောင်းသောကြောင့်
ငါးမျှားတန်း၌ ထိမိပါက ဝါးလုံးဖြင့်ထောက်၍ ထိုးထားမှသာ နာကျင်၍ ရေအောက်ကြမ်းပြင်နှင့်
ခွာယူ၍ ဖမ်းယူနိုင်သည်ဟုလည်း သိရ သည်။
မကွေးမြို့နယ် မြင်ကွန်းကျေးရွာရှိ
မြစိမ်းရောင်ကော်မတီဝင်၊ ရေလုပ်သားဟောင်းတစ်ဦးဖြစ်သည့် ဦးသိန်းဝင်းက ယခုနှစ်တွင် နှစ်ကြိမ်၊
သုံးကြိမ်ခန့်သာ ဖမ်းဆီးရမိကြောင်းပြောပြသည်။ တစ်ပိဿာကျော် အကောင်နှင့် ၄၀ သား ၅၀ သား၊
၆၀ သား ကျော်အကောင်များ ဖမ်းဆီးရမိကြောင်း ပြောပြခဲ့သည်။ ကဆုန်၊ နယုန်လ များတွင်ဖမ်းဆီးမိခဲ့ပြီး
မြေနုကျွန်းခုံ အနီးတစ်ဝိုက်ကွင်းအမှတ်(၁၇၄၁) (မြေနုရင်း တာကွင်းပိုက်ချက်တင်ဒါ) အတွင်းနှင့်
အနီးတစ်ဝိုက်ချောင်း တွင် ဖမ်းဆီးရမိကြောင်း ပြောပြသည်။ ငါးလိပ်ကျောက်ငါးကို ဆီပြန်ချက်၍
စားလျှင် အလွန်အရသာရှိကြောင်း လွန်ခဲ့သော ၅၀ နှစ်ခန့်က ပိဿာချိန် ၁၀၀ နီးပါးရှိ ငါးလိပ်ကျောက်တစ်ကောင်ကို
ဝဲတန်းပိုက်ဖြင့် ဖမ်းဆီးရမိခဲ့ပြီး ဖမ်းမိသူထက် အသက်ကြီးသော ငါးဖြစ်နေသည့်အတွက် ပြန်လွှတ်ပေးခဲ့ရာ
ညောင်ပင်သာရွာအနီးတွင် သေဆုံးသွားခဲ့သည်ကိုလည်းကောင်း၊ အချိန် ၁၀၀ ခန့်ရှိသော ငါးလိပ်ကျောက်ကြီးဖမ်းဆီး၍
မိခဲ့ဖူးသည်ကို မြင်ကွန်းရွာမှ မှီခဲ့သူ အားလုံးသိရှိကြသည်။ ထိုစဉ်က ဖမ်းခဲ့မိသော ငါးလိပ်ကျောက်မှာ
အမဖြစ်ပြီး ယင်း၏ဝမ်းတွင်း၌ တစ်ပိဿာ၊ ၉၀ သား၊ ၅၀ သားရှိ သောပန်းကန်ပြားချပ်အရွယ် အကောင်ငယ်ခြောက်ကောင်ပါလာကြောင်း
ပြောသည်။
ရေနံချောင်းမြို့နယ် ရှားပင်ရိုးရပ်မှ
ရေလုပ်သားကြီး ဦးဝမ်းတူး၏ ပြောပြချက်အရ ငါးလိပ်ကျောက်များသည် မြစ်ဝချောင်းနှင့် မြစ်စို့ရေဝင်ထောင့်များတွင်
နေထိုင်ကျက်စားသည့် အလေ့အထရှိသည်ကိုလည်း သိရသည်။ နှစ်စဉ်ပြာသို၊ တပို့တွဲလနှင့် တပေါင်းလများတွင်
ငါးဖမ်းပိုက် (သုံးထပ်ပိုက်-ခုနစ်သစ်၊ ရှစ်သစ်)၊ (ကြာဆံပိုက်)နှင့် ငါးမျှားတန်းတို့တွင်
ဖမ်းဆီးရမိသည်။ ယင်းတို့အထဲမှ ငါးမျှားတန်းနှင့် ပိုမိုဖမ်းမိသည်ကိုလည်း သိရသည်။ ရေလုပ်သားကြီး
ဦးဝမ်းတူး၏အတွေ့အကြုံအရ ဆင်ပေါင်ဝဲမြို့နယ် သာဝတ္ထိနှင့် ကျောက်ချက်ကျေးရွာတို့တွင်
၂၀၁၆၊ ၂၀၁၇ ခုနှစ်ခန့်က ငါးပိဿာ၊ ခြောက်ပိသာခန့်ရှိသော အကောင်များတွေ့ရှိသည်ကိုလည်း
သိရ သည်။
ရေနံချောင်းမြို့နယ် ပေတောကျေးရွာနေ
အသက် ၇၃ နှစ်ရှိ အဘဦးချစ်အောင်ကလည်း လွန်ခဲ့သော ဆယ်နှစ်ခန့်က အချိန် ၁၅ ပိဿာခန့်ရှိသော
အကောင်များကို တွေ့ရှိခဲ့ကြောင်း၊ ဟိုးယခင်က ပိဿာချိန် ၄၀ ရှိသော အကောင်များကို မိခဲ့ဖူးသော်လည်း
ယခုအခါ ၆၀ ကျပ်သား လောက်သာရှိသော အကောင်များကိုသာ တွေ့ရတော့ သည်ဟု ပြောပြသည်။
ရေနံချောင်းမြို့နယ် ရှားပင်ရိုးရပ်မှ
ဦးတင်ဝင်းက တစ်ကောင်တလေသာ တွေ့ရတတ်ပြီး ရေစီးမှာလည်း နေထိုင်တတ်သည့် အလေ့အထရှိကြောင်း၊
အုပ်စုလိုက် မတွေ့ရကြောင်း၊ ဖမ်းမိပါက အချို့သော ငါးလိပ်ကျောက် အမများ၌ လှေပေါ်တွင်
မိခင်ဝမ်းအတွင်းမှ ထွက်လာနေသော ငါးလိပ်ကျောက်ငယ်များကို တွေ့ရကြောင်း၊ ငါးလိပ်ကျောက်ကို
တန်းပိုက်၊ တန်းကြိုးများ၊ ငါးမျှားတန်းများနှင့်လည်း ဖမ်းဆီးရမိကြောင်း ပြောပြပါသည်။
စလင်းမြို့နယ် တညောင်ကြူတောအင်းသူကြီး
ဦးစိုးသူအောင်ကလည်း ၂၄-၁၂-၂၀၂၂ ရက်နေ့က နှစ်ပိဿာခန့်ရှိ ငါးလိပ်ကျောက်ကို ဇီးဖြူပင်ကျေးရွာရှိ
ကမ်းပါး၌တွေ့ရှိခဲ့ကြောင်း၊ ရေကြည်ရေနောက် နှစ်မျိုးလုံးတွင်တွေ့နိုင်၍ နွေရာသီတွင်
ပိုမိုတွေ့ရတတ်ပြီး ငါးပိဿာ၊ ခြောက်ပိဿာခန့်ရှိသော ငါးလိပ်ကျောက်အကောင်များကို တွေ့ဖူးကြောင်း၊
ယင်းအရွယ်အစားထက်ကြီးသော အကောင်များကို မမြင်ဖူးကြောင်း ပြောပြသည်။ စလင်းမြို့နယ်တွင်
ငါးလိပ်ကျောက်ကို ဧရာဝတီမြစ်၏ နေရာတိုင်း၌ တွေ့ရှိရ၍ တန်းကြိုးနှင့် မျှောပိုက်များ
တွင် အမိများကာ ဝမ်းပူပိုက်နှင့် ပိုက်စိပ်တို့တွင်မူ တွေ့ရကြောင်း၊ ငါးလိပ်ကျောက်ဆူးနှစ်ချောင်းပါသော
နှစ်ပင်တိုင်ငါးကို ချောက်မြို့နယ် လက်ပန်ကျွန်းရွာဘက်မှ ရေလုပ်သား ဦးကြည်စိုးက ဖမ်းဆီးရမိကြောင်း
ပြောပြသည်။
ချောက်မြို့နယ်
ဆားလယ်ကျေးရွာမှ ဦးစိုးနိုင်က နတ်တော်လတွင် ဖမ်းဆီးရမိပြီး
ရေနောက်ရွှံ့ဗွက် မြေအောက်ခြေကြမ်းပြင်တွင် နေထိုင်လေ့ရှိပြီး တစ်ကောင်ချင်းသာ တွေ့ရှိရကြောင်း
ဆားလယ် ကျေးရွာ မြစ်ရိုးတစ်လျှောက်လုံးတွင် ဖမ်းဆီးရမိကြောင်း ငါးလိပ်ကျောက်ကို တန်းကြိုးတွင်
အများဆုံးမိကြောင်း၊ ပိုက်သမားတွင် အထိမိနည်းကြောင်း၊ ၁၂ လပိုင်းတွင် ရေနက်ပိုင်း၌
တွေ့ရှိနိုင်ပြီး တစ်လပိုင်း၊ နှစ်လပိုင်းတို့တွင် ရေတိမ်ပိုင်း၌ တွေ့နိုင်ကြောင်း
ပြောပြသည်။ ငါးလိပ်ကျောက်ဆူးထိုးမိလျှင် လေပြင်းတိုက်ပါက အနာရှိ အသားကွဲတတ်ကြောင်း
ပြောပြသည်။
စလင်းမြို့နယ် ရေနားကျေးရွာရှိ ရေလုပ်သားကြီးဦးမြင့်စိုးကငါးလိပ်ကျောက်သည်
တစ်ကောင်တည်းသာ တွေ့ရှိရကြောင်းနှင့် အုပ်စုလိုက်ကို သားပေါက်ချိန်တွင်သာ တွေ့ရှိနိုင်ကြောင်း၊
လက်တစ်ဝိုင်းခန့်ရှိသော အကောင်ငယ်ဆယ်ကောင် ၁၅ ကောင်ခန့်ကိုမူ သားပေါက်ချိန်တွင် အုပ်စုလိုက်မြင်ဖူးကြောင်း၊
ငါးလိပ်ကျောက် ကို ရေစီးမျှောပိုက်များတွင်ဖမ်းဆီးရမိကြောင်း ပြောပြသည်။
ချောက်မြို့နယ် ညောင်ချောင်းကျေးရွာနေ
ဦးကျော်ဝေက လေးပိဿာ ငါးပိဿာခန့် တွေ့ရှိဖူးကြောင်း၊ တစ်ကောင်ချင်းသာ တွေ့ရှိရပြီး အုပ်စုလိုက်တွေ့ရှိရမှု
နည်းပါးကြောင်း ညောင်ချောင်း ကျေးရွာအနီးတစ်ဝိုက်တွင် ငါးလိပ်ကျောက်ငါး အထိအမိများကြောင်း
ပြောသည်။
ရေချိုငါးလိပ်ကျောက်နမူနာပုံစံများကို
လေ့လာတွေ့ရှိချက်
မကွေးတိုင်းဒေသကြီး၏ ဧရိယာဧရာဝတီမြစ်အတွင်း
ဖမ်းဆီးရရှိသော ရေချိုငါးလိပ်ကျောက်လေးကောင်ကို လေ့လာခဲ့ရာတွင် ၇-၁၂-၂၀၂၂ ရက်နေ့တွင်
တွေ့ရှိခဲ့သည့် ငါးလိပ်ကျောက်ကို မျိုးခွဲနိုင်ရေး မကွေးတက္ကသိုလ် သတ္တဗေဒဌာနသို့လည်းကောင်း၊
ဆရာဦးလှဝင်း၊ ဒေါက်တာဆွေသွင်နှင့် အခြားပညာရှင်တို့သို့ လည်းကောင်း တင်ပြ ညွှန်ကြားမှု
ခံယူခဲ့သည်။ ယင်းငါးလိပ်ကျောက်ကို အခြားမျိုးစိတ်များနှင့် နှိုင်းယှဉ်ကြည့်ရာတွင်
အနီးစပ်ဆုံးဖြစ်သည့် ချင်းတွင်းမျိုးစိတ်၊ ကမ္ဘောဒီးယား မျိုးစိတ်များဖြစ်သည့်
(Himantura chaophraya), (Himantura krempfi) တို့နှင့် တူညီပြီး အနီးစပ်ဆုံးအဖြစ်
(Himantura chaophraya) နှင့် မျိုးစိတ်ချင်း ဆင်တူသည်ကို တွေ့ရှိရသည်။ ခန္ဓာကိုယ်ပုံသဏ္ဌာန်
ထိပ်ဘက်ဝိုင်း၍ အဝိုင်းတွင်ထိပ်ဘက်၌ အချွန်ငယ်တစ်ခုပါရှိခြင်း/ မပါရှိခြင်း၊ ထိပ်ဘက်ကျယ်ပြန့်ဝိုင်းပြီး
နောက်ဘက်သွယ်ခြင်း/ မသွယ်ခြင်း၊ အမြီးရင်းအောက်ဘက် ရေယက်ပါရှိခြင်း/ မပါရှိခြင်း၊ အမြီးတိုခြင်း/
ရှည်ခြင်းစသည်ဖြင့် ခွဲခြားကြည့်ခြင်း၊ မျိုးစဉ် (order)-Myliobatiformes တွင် အမြီးအောက်ရေယက်ပါရှိသည့်
မျိုးစိတ်များပါဝင်သည့်အတွက် ယခုနမူနာမျိုးစိတ်သည် မျိုးစဉ် (order)- Myliobatiformes တွင် ပါဝင်သည်ဟု ယူဆမိသည်။ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊
ထိုင်းနိုင်ငံတို့ရှိ ရေချိုမြစ်ချောင်းများ၌ တွေ့ရှိရသော Geneus- Makararaja နှင့်
Himanturaမျိုးများ ဖြစ်နိုင်မည်ဟု ယူဆရသည်။ တိကျသေချာစေရန် ပြည်တွင်းပြည်ပ ပညာရှင်များနှင့်
စနစ်တကျ မျိုးခွဲဆောင်ရွက်ရန်သင့်ပါသည်။ နိုင်ငံတကာက အသိအမှတ် ပြုပြီးသော ကမ္ဘောဒီးယား၊
ထိုင်းနိုင်ငံနှင့် ဒေသတွင်းရှိ ဒေသရင်း မျိုးစိတ်များ၏ လက္ခဏာများနှင့် ကွဲပြားကွာခြားမှုရှိပါက
မြန်မာ နိုင်ငံရှိ ရေချိုငါးလိပ်ကျောက် မျိုးစိတ်သစ်အဖြစ် သိပ္ပံအမည်ပေး၍ ကမ္ဘာ့အသိအမှတ်ပြု
စာရင်းဝင်အထိ ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
သားပေါက်ရာသီနှင့်သားပေါက်တွေ့ရှိမှု
ရေလုပ်သားများ၏ ပြောပြချက်အရ ငါးလိပ်ကျောက်ငယ်များကို
နှစ်စဉ်တန်ခူးလများတွင် ပိုမိုတွေ့ရှိရသည့်အတွက် ငါးလိပ်ကျောက် သားပေါက်ရာသီသည် ငါးဂျောင်းသားပေါက်ရာသီဖြစ်သည့်
တပေါင်းလများတွင် ဖြစ်နိုင်မည်ဟု ခန့်မှန်းကြသည်။ ကိုယ်ဝန်ဆောင်ချိန်ကာလသည် ၁၂ လခန့်ကြာမြင့်၍
သားပေါက်ရာတွင် အကောင်လိုက်ပေါက်ပွားကြပြီး တစ်ကြိမ်လျှင်အလွန်ဆုံး (၄-၅)ကောင်အထိသာ
ပေါက်နိုင်မည်ဟု ခန့်မှန်းကြသည်။
၂၀၁၇ခုနှစ် မကွေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနသို့
တင်ဒါသူကြီး ဦးမျိုးမြင့်ထွန်းက လာရောက်ပို့ပေးသော ရေချို ငါးလိပ်ကျောက်ငယ်မှာ အဝိုင်းသုံးလက်မခန့်ရှိ
အကောင်ပေါက်ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။
အရွယ်သုံးလက်မခန့်ရှိ ငါးလိပ်ကျောက်သားပေါက်ငယ်
ငါးလိပ်ကျောက်အထိအမိများသည့် ငါးဖမ်းကိရိယာ
ဒေသအတွင်း ချထားလုပ်ကိုင်သည့် ငါးဖမ်းကိရိယာများအနက်
ငါးလိပ်ကျောက်များကို သုံးထပ်ပိုက် (Trammel net) ပိုက်ကွက် လေးလက်မအရွယ်၊ ကြာဆံပိုက်သုံးလက်မပိုက်ကွက်၊
ငါးမျှားတန်း များ၌ ဖမ်းဆီးရရှိကြသည်ကို သိရသည်။
တွေ့ရှိရသော အရွယ်အစားများ
ဒေသတွင်းတွေ့ရှိရသော ရေချိုငါးလိပ်ကျောက်များမှာ
ရေလုပ် သားများ၏ ပြောပြချက်အရ လွန်ခဲ့သော ဆယ်နှစ်ခန့်က ပိဿာ ၁၀၀ ခန့်ရှိ အကောင်ကြီးကို
တွေ့ရှိခဲ့ခြင်း၊ နောက် ပိဿာ၄၀ ခန့်မှ ၁၅ ပိဿာ၊ ဆယ်ပိဿာခန့်စသည်ဖြင့် အရွယ်အစားအမျိုးမျိုးကို
ဖမ်းဆီးရရှိခဲ့ခြင်းတို့ကြောင့် တစ်ချိန်က ရေချိုငါးလိပ်ကျောက်များမှာ အရွယ်အစား ကြီးမားသည်ဟု
သိရသော်လည်း ယခုတစ်နှစ်အတွင်း တွေ့ရှိရသော ရေချိုငါးလိပ်ကျောက်များမှာ (၅၀-၆၀) ကျပ်သား၊
တစ်ပိဿာအရွယ်နှင့် နှစ်ပိဿာအရွယ်ခန့်သာရှိကြောင်း သိရသည်။
နိုင်ငံတကာတွင်တွေ့ရသည့် ရေချိုငါးလိပ်ကျောက်မျိုးစိတ်များ
ငါးလိပ်ကျောက်တွင် အမြီးရှိဆူးတောင်
(sting/spike) သည်အဆိပ်ပြင်းထန်၍ ရေလုပ်သားများ ဖမ်းဆီးရာ၌ အလွန် သတိထား၍ ဖမ်းဆီးရသည်။
ဆူးတောင်မှာ ပုံမှန်တစ်ခုရှိပြီး အချို့တွင်နှစ်ခု၊ သုံးခုအထိပါရှိသည်ဟု သိရသည်။ ငါးလိပ်ကျောက်
ဆူးစူးပါက အလွန်နာကျင်တတ်ပြီး ခရာမြစ်ကို ဆူးစူးသည့်နေရာ၏ အပေါ်ဘက်မှ စည်းချည်ထားရသည်။
အပင်အခြောက်ကို သွေး၍လည်း အနာပေါ်လိမ်းပေးနိုင်သည်ဟု သိရသည်။ မြေပဲ၊ နှမ်းဖတ် မီးခိုးမှိုင်းတိုက်၍
လည်းကောင်း၊ နှမ်းဖတ်ပြုတ်ရည် အခိုးအငွေဖြင့် အနာပေါ်မှိုင်းတိုက်၍လည်းကောင်း ကုသနိုင်သည်ဟု
သိရသည်။ ရေလုပ်သားအများစုသည် ငါးလိပ်ကျောက်များကို ဖမ်းဆီးရန် ကြောက်ရွံ့ကြသည်။
(ဆက်လက်ဖော်ပြပါမည်)
No comments