(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု


ယနေ့သည် မြန်မာနိုင်ငံ၏သမိုင်းတွင် ထူးခြားမွန်မြတ်သည့် နေ့တစ်နေ့ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သည်။ လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခု ၂၀၂၃ ခုနှစ်တွင် (၇၅)နှစ်မြောက်ကာလသို့ ရောက်ရှိလာပြီဖြစ်၍ မြန်မာ့သမိုင်းတွင် တစ်မူထူးခြားသည့် စိန်ရတုလွတ်လပ်ရေးနေ့ကို အထူးဂုဏ်ပြုအသိအမှတ်ပြုရမည် ဖြစ်သည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးပဝေသဏီကာလကတည်းကပင် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာရပ်တည်နေထိုင်ခဲ့ပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမများ သွေးစည်းချစ်ကြည်စွာ ဖြင့် အတူတကွစုပေါင်းလက်တွဲ နေထိုင်လာခဲ့ကြသည့် သမိုင်းကြောင်းအစဉ်အလာကောင်းများ များစွာရှိသောနိုင်ငံ ဖြစ်သည်။ သို့သော် ခေတ်မီတပ်မတော်နှင့် စည်းလုံးညီညွတ်မှု အားနည်းခဲ့သောကြောင့် မြန်မာတို့သည် နယ်ချဲ့ဗြိတိသျှတို့နှင့် စစ်ပွဲသုံးကြိမ်ဆင်နွှဲပြီးနောက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရသည်။


မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သောနိုင်ငံအဖြစ် ပြန်လည်ရောက်ရှိရန် အတွက် ကျွန်ုပ်တို့ ဘိုးဘွားဘီဘင်များသည် နှစ်ပေါင်းတစ်ရာကျော် အသက်၊ သွေး၊ ချွေး မြောက်မြားစွာစတေးပြီး ခက်ခဲပင်ပန်းကြမ်းတမ်းစွာဖြင့် ကြိုးပမ်းအားထုတ်ခဲ့ရသည်။ လွတ်လပ်ရေးကို အလွယ်တကူ ဆုံးရှုံးခဲ့သော်လည်း လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် များစွာပေးဆပ်ခဲ့ရသည်ကို သတိမူရမည် ဖြစ်သည်။ ခက်ခဲကြမ်းတမ်း ပင်ပန်းဆင်းရဲစွာ ရယူခဲ့ရသော လွတ်လပ်ရေးကို နောက်တစ်ကြိမ် ပြန်လည်မဆုံးရှုံးစေရန်အတွက် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် နိုင်ငံတော်ကြီး တောင့်တင်းခိုင်မာစေရန် နိုင်ငံသားတိုင်းကပါ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။


ခက်ခက်ခဲခဲရယူထားခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် တိုင်းရင်းသား ပြည်သူအားလုံး၏ အသက်ဝိညာဉ်ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီးများနှင့် ဘိုးဘေးဘီဘင် မျိုးချစ်ပုဂ္ဂိုလ်များ၏ စွန့်လွှတ်စွန့်စားရယူပေးခဲ့သည့် မြန်မာ့လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ထာဝစဉ်အဓွန့်ရှည် တည်တံ့ခိုင်မြဲနေစေရန်အတွက် တိုင်းရင်းသား ပြည်သူအားလုံး ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လွတ်လပ်ရေး၏ အသီးအပွင့်ဖွံ့ဖြိုးတိုးတက်မှုများကို တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှခံစားနိုင်ရန်အတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ အဖနိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲနေစေရန် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်မှာ တိုင်းရင်းသား ပြည်သူအားလုံး၏ တာဝန်ဖြစ်သည်။


၂၀၂၃ ခုနှစ် လွတ်လပ်ရေးနေ့သည် ထူးကဲမွန်မြတ်သည့် စိန်ရတုလွတ်လပ်ရေး နေ့ဖြစ်သဖြင့် လွတ်လပ်ရေးအတွက် အသက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော မိမိတို့ဘိုးဘေးဘီဘင်များ၏ ကျေးဇူးကိုသိတတ်သောအားဖြင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအတွက် ချမှတ်ထားသည့် အောက်ပါအမျိုးသားရေး ဦးတည်ချက်များကို အလေးအနက်ခံယူပြီး ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။


၁။ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး။


၂။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်များ အဖြစ် အစွမ်းကုန်ကြိုးစားဆောင်ရွက်ရေး။


၃။ နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှုပြီး “ရှေ့သို့ချီမည်၊ ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့် လူမှုစီးပွားဘဝတည်ဆောက်ရေး။


၄။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာ သည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်ရေး။


၅။ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲကို အောင်မြင်စွာ ကျင်းပရေးနှင့် တိုင်းရင်းသားအားလုံး အချိုးကျကိုယ်စားပြု ပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာစေရေး။


အထက်ပါဦးတည်ချက်များသည် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် မဖြစ်မနေ ဆောင်ရွက်ကြရမည့်အချက်များဖြစ်၍ တိုင်းရင်းသားပြည်သူ အားလုံးက ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။


ကြေးမုံ

No comments

Powered by Blogger.