ဗုဒ္ဓသာသနာရောင်ဝါ အထွန်းတောက်ဆုံးနိုင်ငံ
ဗုဒ္ဓမြတ်စွာသာသနာတော်တွင်
ဘုရားရှင်အား ပထမဆုံးဖူးတွေ့ရသူ (ဘုရားဖူးဦး)၊ ပထမဆုံး မုန့်ဆွမ်းလှူဒါန်းရသူ (ဆွမ်းလှူဦး)၊
ပထမဆုံး ဒွေဝါစိက သရဏဂုံတည်သူ (သရဏဂုံဦး)၊ ပထမဆုံး ဆံတော်ရှင်ချီးမြှင့်ခံရသူ (ဆံတော်
ဓာတ်တော်ဦး)၊ ပထမဆုံး ဘုရားစေတီတည်ရသူ (စေတီဦး-ဘုရားဦး) ဦးငါးဦးဖြင့် သာသနာတော်ကို
ကိုးကွယ်ခွင့်ရသည်မှာ (ဥက္ကလာပတိုင်းဖွား) မြန်မာပြည်သားပင်ဖြစ်ကြောင်း သာသနာ့သမိုင်းများတွင်
မှတ်တမ်းတင်ခဲ့သည်။ ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံ၌ ပထမဆုံး အခြေတည်ခဲ့သည်။ မြန်မာနိုင်ငံသည်
ဗုဒ္ဓသာသနာမြတ် ဘူမိနက်သန် မှန်ရာဒေသဖြစ်သည်။
ဗုဒ္ဓသာသနာထွန်းကားသော
မြန်မာပြည်၌ သာသနာပြုမင်းအဆက်ဆက်တို့က ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကမ္ဘာပေါ်ရှိ
ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် “မာရဝိဇယ”
ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများကို
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒများ၊ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊
မြန်မာ့ရိုးရာတည်ထုံးများနှင့်အညီ ထုဆစ်ပူဇော်လျက်ရှိသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား
ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ဇန်နဝါရီလ
၂၆ ရက်နေ့က အဆိုပါဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်ရာ ရတနာပလ္လင်တော်သည် အမြင့်
၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ထိုနေ့က ပင့်ဆောင်ပူဇော်သည့် ဆင်းတုတော်အပိုင်း
(၁/ ၂/ ၃) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး၏ စုစုပေါင်းအလေးချိန်မှာ
တန်ချိန် ၁၇၀၀ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းတုတော်အစိတ်အပိုင်းကြီးအား သံမဏိမျှော်စင်
ဝန်ချီစက်အသုံးပြု၍ ရတနာ ပလ္လင်တော်ပေါ်သို့ စတင်ပင့်ဆောင်ခြင်းဖြစ်ပြီး ရတနာပလ္လင်တော်ပေါ်သို့
ရောက်ရှိ ရန် ပင့်ဆောင်ချိန် ၇၂ နာရီ မိနစ် ၅၀ ခန့် ကြာမြင့်ကြောင်း သိရသည်။
“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့က မြန်မာနိုင်ငံတွင်
ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊
တိုင်းပြည်အေးချမ်းသာယာ ဝပြောမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း/ ပြည်ပမှ
ဘုရားဖူးများ လာရောက်ဖူးမြော်ကြခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို
အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက် လေးရပ်ဖြင့် တည်ထားကိုးကွယ်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် စကျင်ကျောက်တော်ကြီးမှ ထွက်ရှိလာနိုင်သည့် အတိုင်းအတာ၊ ထုထည်နှင့်
အပြစ်အနာအဆာရှိမှုတို့အား စမ်းသပ်စစ်ဆေးခဲ့ပြီး ဉာဏ်တော်နှင့် ပလ္လင်တော်များ ထုဆစ်ရရှိနိုင်မည့်အခြေအနေများကို
တွက်ချက်ခဲ့ကြသည်။
ထို့နောက် စကျင်ကျောက်တော်ကြီးတည်ရှိရာ
မတ္တရာမြို့နယ် စကျင်တောင်မှ ဆီမီးခုံဆိပ်ကမ်းအထိ
ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ထိုမှတစ်ဆင့် မန္တလေး - ရန်ကုန် အမြန်လမ်းမကြီးအတိုင်း
နေပြည်တော်သို့ Modular Trailer များဖြင့်လည်းကောင်း အခက်အခဲများစွာကြားမှ ပင့်ဆောင်ခဲ့ရခြင်းဖြစ်သည်။
နေပြည်တော် သို့ရောက်ရှိလာသည့် ကျောက်တုံးတော်ကြီးများကို အဆင့်မြင့်နည်းပညာ အသုံးပြုသည့်
စက်ကြီးများဖြင့် ပုံဖော်ထုဆစ်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီစက်ကိရိယာများဖြင့်
နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်နေသည့်နည်းတူ
ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့်
သံဃာအပါး ၁၂၀၀ နှင့် လူပရိသတ်များ ဝင်ဆံ့နိုင်မည့် သာသနာ့ဗိမာန်တော်ကြီးအပါအဝင် အခြားသော
သာသနိကအဆောက်အအုံများစွာကိုလည်း ထည့်သွင်းတည်ဆောက် လျက်ရှိသည်။
ထို့အပြင် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို
ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများအသုံးပြုပြီး
ပါဠိအက္ခရာ၊ ရိုမန်အင်္ဂလိပ်အက္ခရာတို့ဖြင့် ကျောက်စာတော်များ တည်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင်
ပိဋကတ်သုံးပုံတော်လာ ကျမ်းစာများကို လေ့လာနာယူ ကြည်ညိုနိုင်မည်ဖြစ်၍ ကုသိုလ်တရားများ
ဆတက်တိုးပွားနိုင်မည် ဖြစ်ပါကြောင်း၊ ဗုဒ္ဓသာသနာရောင်ဝါ ကမ္ဘာပေါ်တွင် အထွန်းတောက်ဆုံး
နိုင်ငံဖြစ်လာပါကြောင်း။
ကြေးမုံ
No comments