အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံလျှပ်စစ် သံဂဟေဆက်သင်တန်းကို ဝါးခယ်မမြို့နယ်၌ စတင်ဖွင့်လှစ်သင်ကြား
ဝါးခယ်မ ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ)တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါသင်တန်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသင်းဦး က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်က အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုနိုင်မည့်အခြေခံ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ) ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်သူထက်က အခြေခံလျှပ်စစ် သံဂဟေဆက်သင်တန်း ဖွင့်လှစ်သင်ကြားရခြင်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းသင်တန်းကို ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ သင်တန်းသား (၃၀) တက်ရောက် သင်ကြားလျက်ရှိသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)
No comments