ပြည်တွင်းအင်အားဖြင့် တည်ဆောက်ရမည့်ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေး
ပစ္စုပ္ပန်တွင် မြန်မာနိုင်ငံသည် ထူးခြားသော
နိုင်ငံရေးအခြေ အနေတစ်ရပ်ကို ဖြတ်သန်းနေရသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီး
ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှု များ နိုင်ငံအတွင်းရှိ
ဒေသအချို့တွင် ဖြစ်ပွားလျက်ရှိသကဲ့သို့ အဖျက်အင်အားစုများက ပြည်ထောင်စုပြိုကွဲရေး၊
တိုင်းရင်း သား စည်းလုံးညီညွတ်မှုပြိုကွဲရေး၊ အမျိုး၊ ဘာသာ၊ သာသနာ နှင့် အမျိုးသားရေးစိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်များ ချိုးနှိမ်ရေးတို့ကို ပိုမို၍ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြ
သည်ကို တွေ့ရသည်။ မျက်မှောက်ကမ္ဘာတွင် နိုင်ငံအသီးသီးတို့သည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော
နိုင်ငံများ အဖြစ် ရပ်တည်ကြရာ၌ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ယှဉ်ပြိုင်ကြရသည့်အလျောက်
အင်အားတောင့်တင်း သော နိုင်ငံများဖြစ်အောင် တည်ဆောက်ကြရသည်။ နိုင်ငံ၏ အင်အားအစစ်အမှန်သည်
ပြည်တွင်းအင်အားသာလျှင်ဖြစ်ရာ မိမိတို့၏ ပြည်တွင်းအင်အား ချည့်နဲ့အောင်၊ ပြိုကွဲပျက်စီး အောင် ကြံစည်ကြိုးပမ်း ဆောင်ရွက်မှုများကို သတိပြု ကာကွယ်တားဆီးသွားကြရန် လိုအပ်သည်။
တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော် အတူတကွ
နေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအဖို့ စည်းလုံး ညီညွတ်ရေးသည် အသွေးနှင့်အသက်ပင်ဖြစ်သည်။
မိမိတို့ နိုင်ငံသာမက အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာအရပ်ရပ်ရှိ
နိုင်ငံများတွင် လူမျိုးတစ်မျိုးတည်း နေထိုင်ကြခြင်းမဟုတ်သည်ကို
တွေ့ရှိနိုင်သည်။ လူမျိုးစုပေါင်း ရာနှင့်ချီ နေထိုင်ကြပြီး ဘာသာစကားပေါင်း ရာနှင့်ချီ၍
ကွဲပြားစွာ ပြောဆိုကြကာ မတူကွဲပြားသည့် ဝတ်စားဆင်ယင်မှုများ၊ ဓလေ့ထုံးစံများ ရှိနေကြသော်လည်း
ညီညီညွတ်ညွတ် နေထိုင်သည့် နိုင်ငံများစွာ၊ ပြည်ထောင်စုများစွာ ရှိကြသည်။ ညီညွတ်ခြင်းကြောင့်
ငြိမ်းချမ်းကြသည်။ ငြိမ်းချမ်းခြင်း ကြောင့် သာယာဝပြောကြသည်။ ဖွံ့ဖြိုးတိုးတက်ကြသည်။
နိုင်ငံတည်ငြိမ်အေးချမ်းပြီး စားနပ်ရိက္ခာ ဖူလုံပြည့်စုံ၍ ဖွံ့ဖြိုး တိုးတက်သည့်အခါ
လူမှုဘဝများ မြင့်မားကြသည်။ ကျန်းမာ ကြံ့ခိုင်သူများ၊ ပညာမြင့်မားသူများ၊ ကိုယ်ကျင့်တရား
ကောင်းမွန်သူများ များပြားပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုး ကြသည်။ စည်းလုံးညီညွတ်မှုကင်းမဲ့ပြီး
စစ်ပူနေသည့် အရပ်၊ ဒေသ၊ တိုင်းပြည်တစ်ပြည်အဖို့မူ ယင်းကဲ့သို့သော ဖူလုံမှု၊ ပြည့်စုံမှု၊
ဖွံ့ဖြိုးမှုမျိုး အိပ်မက်ပင် မက်ရန်မလွယ်။
မိမိတို့နိုင်ငံသည်
လွတ်လပ်ရေးသက်တမ်း ၇၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှု
သက်တမ်းအနေဖြင့် စိန်ရတုလွန်၍ ၇၆ နှစ်ကာလသို့ မကြာမီ ရောက်ရှိတော့မည်ဖြစ်သည်။ တောင်ပေါ်မြေပြန့်ဒေသအနှံ့
တွင် နေထိုင်ကြသော ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမ များအကြား သွေးစည်းချစ်ခင် ညီညွတ်မှုတို့ကြောင့်သာ
ပြည်ထောင်စုကြီး ဆက်လက်တည်တံ့နေခဲ့ခြင်း ဖြစ်သည်။ နယ်ချဲ့သွေးခွဲအုပ်ချုပ်စနစ်၏ လက်ကျန်သံသယတို့
ကင်းစင် ပျောက်ပြယ်၍ အကြားအလပ်မရှိ ပကတိခိုင်မြဲသော စည်းလုံး ညီညွတ်မှုကို ရာနှုန်းပြည့်တည်ဆောက်နိုင်သည့်
အနာဂတ် နေ့ရက်တွင် မြန်မာနိုင်ငံနှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊
ရှမ်းတို့အပါအဝင် ၁၃၅ မျိုးသော မြန်မာတို့ ကမ္ဘာတွင် ဝင့်ထည်နိုင်မည်ဟု ယုံကြည်ပါကြောင်း။
မြန်မာ့အလင်း

No comments