မွေးမြူးရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၁၆
နိုင်ငံ၏ မွေးမြူထုတ်လုပ်မှုကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ခေတ်မီ မွေးမြူရေးဆိုင်ရာ နည်းပညာများ ကြွယ်ဝစွာ တတ်မြောက်သည့်
မျိုးဆက်သစ်များ လိုအပ်လျက်ရှိရာ ကျောင်းသား ကျောင်းသူများအနေဖြင့် အချိန်ကို
တန်ဖိုးရှိစွာ အသုံးပြုပြီး မိမိအကျိုး နိုင်ငံ့အကျိုး အကောင်းဆုံး သယ်ပိုးနိုင်သည့်
လူချွန်လူကောင်းများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပါကြောင်း၊ ယနေ့
နံနက်ပိုင်းက ရေဆင်းမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်
ကြိုဆိုပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဦးမြင့်စိုး၊ ဦးဇေယျာလင်း၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်
ဦးကျော်မင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊
ပါမောက္ခဌာနမှူးများနှင့် တာဝန်ရှိသူများ၊ မောင်မယ်သစ်လွင် ကျောင်းသား ကျောင်းသူ (၂၅၀) ကျော် တက်ရောက်ကြသည်။
အခမ်းအနားတွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် စာပေ၊ ယဉ်ကျေးမှုနှင့်
အနုပညာအသင်းဝင် ကျောင်းသားကျောင်းသူများက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်း သီချင်း၊
လောကအားမာန် တေးသီချင်း အကတို့ဖြင့် ကြိုဆိုဂုဏ်ပြုကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက
မောင်မယ်သစ်လွင်များနှင့် အကအဖွဲ့များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တိရစ္ဆာန်ဆေးပညာဘွဲ့ (ပထမနှစ်)
တွင် သင်တန်းသား (၁၀၇)
ဦး နှင့် မွေးမြူရေးပညာဘွဲ့
(ပထမနှစ်)
တွင် သင်တန်းသား (၁၄၆)
ဦး တို့
တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် စတင် တည်ထောင်ခဲ့သည့် ၁၉၅၇ ခုနှစ် မှ ယနေ့အထိ (၆၅) နှစ်တာ ကာလအတွင်း BASc (၁၆၉) ဦး၊ DVM (၄၆) ဦး၊ BVS/BVSc (၅၆၇၂) ဦး၊ DipLPA (၄၄၉) ဦး၊ DipLIS (၂၂၀)၊ MPhil (၂၁) ဦး၊ MVM (၉) ဦး၊ MVSc (၃၃၀)၊ PhD (၂၃) ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments