မြန်မာ့လယ်ယာထွက်ကုန်များ ဂျပန်စျေးကွက်သို့ ဝင်ရောက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ





နေပြည်တော် ဇန်နဝါရီ ၁၀


မြန်မာ့လယ်ယာထွက်ကုန်များ ဂျပန်စျေးကွက်သို့ ဝင်ရောက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ကြီးမှူးပြီး အာဆီယံ-ဂျပန်စင်တာ၏ ကူညီပံ့ပိုးမှုဖြင့် ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းက အဖွင့်အမှာစကားပြောကြားပြီး အာဆီယံ-ဂျပန်စင်တာ အတွင်းရေး မှူးချုပ် ကိုယ်စား Senior Executive Officer Dr.Yuka Kubota က နှုတ်ခွန်းဆက်စကားပြော ကြားကာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားကြသည်။


ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် ဂျပန်စျေးကွက်သို့ တင်ပို့ရန် အလားအလာရှိသော စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် ဝဥ၊ ဂျင်း၊ တိုင်းရင်းဆေး၊ ဟင်းသီး ဟင်းရွက်နှင့် နှမ်းထုတ်ကုန်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။


ယင်းနောက် ဂျပန်စျေးကွက်သို့ လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသည့် ကိုယ်စားလှယ်များက ၎င်းတို့၏ အတွေ့အကြုံများကို ဆွေးနွေးကြကာ တက်ရောက် လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပြီး ဂျပန်စျေးကွက်ဝင် ရောက်နိုင်ရေး အားသာချက်၊ အားနည်းချက်များနှင့် ဆောင်ရွက်ရန်အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.