နှစ်သစ်မှာ ကြွေးသစ် မတင်စေချင်၊ နှစ်ဟောင်းက ကြွေးဟောင်းသာ ဆပ်စေချင်
ဒေါက်တာ
မြတ်မိုး
အကျပ်အတည်းတွေ၊
ဒုက္ခတွေ၊ အနိဋ္ဌာရုံတွေ၊ ဖိစီးမှုတွေ၊ သံသယတွေ၊ မလုံခြုံမှုတွေ၊ မျှော်လင့်ချက်မဲ့မှုတွေ၊
သောကတွေနဲ့ ကမ္ဘာကြီးက မငြိမ်းချမ်း။ မငြိမ်းချမ်းမှုရဲ့ မူလအစက ရောဂါကပ်၊ နေရာအနှံ့မှာဖြစ်နေတဲ့
ကန့်သတ်စစ်။ ရောဂါနဲ့ စစ်ပွဲနဲ့ ပေါင်းမိတော့
စီးပွားပျက်။ စီးပွားကပ်ရဲ့ အကျိုးဆက်က ဆင်းရဲမှုနဲ့ အငတ်ဘေး။ အလှုပ်အယမ်းကြမ်းလွန်းတဲ့
ဗဟိဒ္ဓကမ္ဘာကြီးက အနေအထားအရ ငြိမ်းချမ်းဖို့လမ်းစ တော်တော်နဲ့မမြင်၊ မိမိအဇ္ဈတ္တအတွင်းသဏ္ဌာန်မှာ
ငြိမ်းချမ်းဖို့သာ အဓိကဖြစ်လာတဲ့အခါ မိမိစိတ်လေး ငြိမ်းချမ်းမှုရဲ့ လမ်းစကိုသာ ရှာနေမိတော့တယ်။
တစ်ကျော့ပြန် ကိုဗစ်နဲ့ မုန်တိုင်းနှင်းထူကြားမှာ နောက်ထပ်မမြင်ချင်၊ မကြားချင်လောက်တဲ့
အနိဋ္ဌာရုံတွေကို စိတ်မချမ်းမသာဖြစ်နေသူတွေ၊ အလွန်အကျွံတွေးနေမိသူတွေ၊ စိတ်ဓာတ်ကျနေသူတွေအတွက်....
ဆောင်တရား၊ ရှောင်တရား
ကမ္ဘာကြီးငြိမ်းချမ်းဖို့ဆိုတဲ့အတွေးက
ဝေးပါသေးတယ်။ တောင်းဆိုဖို့လည်း ခက်ပါတယ်။ မိမိစိတ်ကိုငြိမ်းချမ်းအောင်သာ ဘယ်လိုကြိုးစားမလဲဆိုတဲ့အချက်က
ပိုအရေးကြီးပါတယ်။ တစ်ဦးချင်း ငြိမ်းချမ်းမှ အများငြိမ်းချမ်းမှုကိုရမှာကိုး။ အများ
ငြိမ်းချမ်းမှ ကမ္ဘာကြီးငြိမ်းချမ်းမယ်။ ကမ္ဘာကြီးအတွက် တစ်ဦးချင်းဆီက စလိုက်ရင် အဆင်ပြေပါတယ်။
အရေးကြီးတာက ကိုယ့်စိတ်ကိုယ် ဦးစွာငြိမ်းချမ်းအောင်လုပ်ဖို့ပါပဲ၊၊ ဘယ်လို လုပ်နိုင်ပါ့
မလဲ...။
ဆရာတော်ကြီးများက
တစ်ဦးချင်း ငြိမ်းချမ်းမှ ကမ္ဘာကြီးငြိမ်းချမ်းမယ်။ ဒါကြောင့် တစ်ဦးချင်း ငြိမ်းချမ်းအောင်
ပွားများအားထုတ်ရမယ့် နည်းလမ်း များနဲ့တကွ ဟောကြားခဲ့တဲ့ တရားတော်များစွာ ရှိပါတယ်။
ဆရာတော်ကြီးများရဲ့ တန်ဖိုးကြီး ဓမ္မဒေသနာများထဲက ငြိမ်းချမ်းမှု ရှေးရှုတဲ့အချက်ကို
အနှစ်ထုတ်ပြီး ပြန်လည်တင်ပြရရင် ပယ်ရမယ့် တရားနဲ့ သယ်ရမယ့်တရား၊ ရှောင်ရမယ့်တရားနဲ့
ဆောင်ရမယ့်တရား ထိုနှစ်ပါးသာလျှင် ပဓာန ဖြစ်ပါတယ်။
သမ္မပဒါန်လေးပါးဖြင့်
ငြိမ်းချမ်းရေးကို ရှေးရှု
အပယ်တရားနဲ့ ရှောင်ရမယ့်တရားက အကုသိုလ်၊ သယ်ယူပြီးဆောင်ရမယ့်
တရားက ကုသိုလ်ပါ။ ဆရာတော်ကြီးများ ဟောကြားချက်အရတော့ သမ္မပဒါန်လေးပါးဆိုပါတော့။ သမ္မပဒါန်ဟူသည်
အားကြီးသော ဝီရိယပါတဲ့။ အားကြီးသောဝီရိယနဲ့ အားထုတ်ရမယ့် ဤလေးပါးသော တရားဆိုတာက မဖြစ်သေးတဲ့အကုသိုလ်တွေ
မဖြစ်အောင် ကြိုးစား ခြင်း၊ ဖြစ်ပြီးတဲ့အကုသိုလ်တွေကို ပယ်နိုင်အောင် ကြိုးစားခြင်း၊
မဖြစ်သေးတဲ့ ကုသိုလ်တွေကိုဖြစ်လာ အောင်ကြိုးစားခြင်းနဲ့ဖြစ်ပြီးတဲ့ ကုသိုလ်တွေကို တိုးပွားအောင်
ကြိုးစားခြင်းပါပဲ။ တစ်ဦးချင်း တစ်ဦးချင်း ကြိုးစားရမယ့်အရာတွေပါပဲ။
ဆောင်ရမှာ
ကုသိုလ်၊ ရှောင်ရမှာ အကုသိုလ် ဆိုတော့ ဘယ်အရာက အကုသိုလ်၊ ဘယ်အရာက ကုသိုလ်ဆိုတာသိဖို့
လိုလာပြန်ပြီပေါ့။ ဘယ်အရာကကုသိုလ်၊ ဘယ်အရာကအကုသိုလ်မှ မသိဘဲ ဘာကိုရှောင်၊ ဘာကိုဆောင်ကြမလဲဆိုတာ
အရေးကြီး လာပါတယ်၊၊ အကုသိုလ်ကို အကုသိုလ်မှန်းသိမှ၊ ခွဲခြားသိမှ ဘယ်လိုကုစားရမှန်း
သိပါမယ်။ ကုစား ပြီးရင်လည်း နောင်ထပ်မဖြစ်အောင် ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရမလဲသိနေမှသာ ကြိုးစား အားထုတ်ဖြစ်ပါမယ်။ တစ်နေ့တစ်နေ့
ကုသိုလ် တိုးပြီး အကုသိုလ်လျော့ဖို့ကသာလျှင် အဓိက မဟုတ်ပါလား...။
အာရုံနဲ့ဒွါရ ဘာကိုထိန်းချုပ်မလဲ
ပယ်ရမှာ
အကုသိုလ်ဆိုတာ အားလုံးကလည်း သိကြတယ်။ လောဘ၊ ဒေါသ၊ မောဟ စသဖြင့်ပေါ့။ ဒါပေမယ့် ဘာလုပ်မိရင်၊
ဘာကိုတွေးရင် ဘယ်လို ပြောလိုက်ရင် ဘယ်လို လောဘ၊ ဘယ်လို ဒေါသ ဖြစ်သွားတယ် ဆိုတာကျတော့
နှလုံးသွင်းပုံချင်း မတူကြတော့ပြန်ဘူး။ စိတ်ကိုဖြူစင်အောင်ထား၊ မကောင်းမှုရှောင်၊ ကောင်းမှုကိုဆောင်ပါလို့
မြတ်စွာ ဘုရားက ဆုံးမပြီးသားပါ။ ဘုရားအဆုံးအမကိုခံယူ ပါတယ်ဆိုတဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေကသာ
လိုက်နာဖို့သာ ခက်နေကြတာ။
ပုထုဇဉ်တွေပီပီ
အမြင်၊ အကြား၊ အနံ့ ၊ အရသာ၊ အထိအတွေ့၊ အတွေးဆိုတဲ့ အာရုံခြောက်ပါးကို အစအဆုံးလိုက်ခံစား၊
ထိန်းချုပ်ဖို့ကြတော့ ခက်နေ ကြပြန်တယ်။ အာရုံကတော့ ၃၆၀ ဒီဂရီက လာနေ မှာပဲ။ အတိတ်၊ ပစ္စုပ္ပန်၊
အနာဂတ် ကာလသုံးပါး မရှောင်၊ အတွင်းရော အပြင်ကပါ လာနေမှာ။ ဒါကြောင့် တဏှာအစစ် တစ်ရာ့ရှစ်လို့
ခေါ်တာကိုး။ အကျယ်ကတော့ ကိလေသာတစ်ထောင့်ငါးရာတဲ့။ များမှများတဲ့ ကိလေသာတွေ၊ သူ့အာရုံနဲ့သူ ဝင်ရမယ့် တာဝန်ရှိတဲ့အတိုင်း
ဝင်မှာက သူ့တာဝန်၊ စိစစ် ထိန်းချုပ်ရမှာက ကိုယ့်တာဝန်၊ အာရုံဘယ်က လာလာ ထိန်းချုပ်ရမှာက
ကိုယ့်ရဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ အာရုံနဲ့ထိတွေ့တဲ့ ဖြစ်ရတဲ့
ခြောက်ခုသော ဒွါရများ...။
အာရုံနဲ့ဒွါရ
တိုက်တိုက်ချင်း ကနဦးဖြစ်တဲ့ စိတ်လေးက အဖြူထည်ပါ။ ဘာအရောင်မှ မပါဘူး၊ အဲဒီဖြူနေတဲ့စိတ်လေးကို ကောင်းအောင်၊ ဆိုးအောင်
ခြယ်လှယ်သမှုပြုလိုက်တာက စေတသိက်ဆိုတဲ့ နာမ်တရားတွေသာ ဖြစ်ပါတယ်။ စိတ်နဲ့အတူဖြစ်၊ အတူချုပ်ပြီး
မှီရာလည်းတူပြီး စိတ်နဲ့လည်း အာရုံတူကြတယ်လို့ ဆိုပါတယ်။ သူ့တာဝန်နဲ့သူ သူ့အလုပ်နဲ့သူ
ထမ်းဆောင်နေကြတဲ့သဘောပါပဲ။ ငါ့သဘော၊ သူ့သဘောတွေ မပါပါဘူး။ နှလုံးသွင်းမှု အပေါ်မှာတော့
မူတည်တာပေါ့။ နှလုံးသွင်းမှန်ရင် ကုသိုလ်၊ မမှန်ရင်အကုသိုလ် ဖြစ်ပြန်လေတော့.. နှလုံးသွင်းမှန်မမှန်ဆိုတာကလည်း
သူခံစားရတဲ့ အာရုံတွေဟာ ကောင်းတယ်၊ မကောင်းဘူး အတိတ် ကမှတ်သားထားတဲ့ သညာသိအပေါ် မူတည်
နေတယ်လို့ သိထားပါတယ်။ ကောင်းတာကို မကောင်းဘူး၊ မမှန်တာကို မှန်တယ်လို့ မှတ်ထား မိတဲ့အခါမှာတော့
အဝိဇ္ဇာအမှောင်ဖုံးပြီပေါ့။
လောဘ ဒိဋ္ဌိမာနဆိုတဲ့သဘော
အကုသိုလ်နဲ့
ကုသိုလ်ကို ပြန်ဆက်ကြည့်ရအောင်ပါ၊၊ အာရုံမှာ ငြိကပ်တပ်မက်လွန်းပြီး ဖြစ်ချင်တာကများ၊
လိုချင်တဲ့လောဘ များလွန်းလို့ လည်း မငြိမ်းချမ်းမှုဖြစ်ရတယ်၊၊ ကိုယ့်လောဘက မှန်တယ်ချည်း
ထင်နေတာကိုး။ မှန်တယ်ထင်တာက အာရုံရဲ့အမှန်သဘောကိုမသိလို့။ အမှန်မသိအောင်လည်း ဖုံးထားတာက
မောဟ၊ နှလုံးသွင်း မှားတယ် ဆိုတာ အာရုံရဲ့အမှန်သဘောကို မသိလို့ မှားကြတာပါ။ မသိမှတော့
မိစ္ဆာဒိဋ္ဌိပေါ့၊ ကုသိုလ်ဆိုတာမရှိ၊ ကုသိုလ်လုပ်လည်း ဘာအကျိုးရှိမှာလဲ၊ အကုသိုလ် ဆိုတာမရှိ၊
အကုသိုလ်လုပ်လည်း အကုသိုလ်မဖြစ်။ ဒါကမိစ္ဆာဒိဋ္ဌိရဲ့သဘော၊ မသိမှုရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့
နှလုံးသွင်းမှန်စွာ သိမှုကသာ ဉာဏ်ပါတဲ့ သဘော ဖြစ်ပါတယ်၊၊ ထောင်လွှားတက်ကြွ မောက်မာတဲ့သဘောကလည်း
အမှန်ကိုမသိသေးလို့ ပါပဲ။ မာနပေါ့။ ကိုယ်ကပဲမြတ်တယ်၊ ကိုယ်က ချည်းသာတယ်လို့ ထင်နေပြီး
“မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်”ဆိုတဲ့ သဘောအမှန်ကို မသိခဲ့ရင် မာနဟာ ကိုယ့်အတွက်တော့ အရှုံးဖြစ်သွားနိုင်ပါတယ်။
ဒေါသအမြစ်တွယ်ခဲ့ရင်
လောဘက
အားကြီးလာတဲ့အခါ လိုချင်တာမရရင် ဒေါသဖြစ်ရပြန်တယ်။ ဒေါသဆိုတဲ့တရားက ကြမ်းတမ်း ခက်ထန်တဲ့သဘောသာ
ဆောင်လေတော့ မိမိရော သူတစ်ပါးပါ ပျက်စီးရတယ်၊ သူ့အပူမပေးမိခင် ကိုယ်အရင်လောင်တဲ့ သဘောပါပဲ။
စိတ်ကြမ်းတာ၊ ညှိုးနွမ်းတာ၊ အားငယ်တာ၊ ကြောက်လန့်တာ အားလုံးဒေါသချည်းပဲ။ ဒေါသ ထက်ဆိုးတာ
ရှိပါသေးတယ်။ သူတစ်ပါးကို ဒုက္ခ ရောက်စေချင်၊ ပျက်စီးစေချင်၊ သေစေချင်တာ၊ သူက အကျိုးပေးပိုဆိုးပါတယ်။
လောဘဒေါသအမြစ်က အတ္တကို စေ့ဆော်တော့ အတ္တအချင်းချင်းထိပ်တိုက်တွေ့၊
အတ္တကြီးသူချင်းက အင်အားကြီးတွေပဲဆိုရင်တော့ လောကကြီး ကျွမ်းထိုးမှောက်ခုံဖြစ်ဖို့
မနှေးဧကန်ပါပဲ။ Ego ဆိုတဲ့ အတ္တနဲ့မာနက မငြိမ်းချမ်းခြင်းရဲ့ တကယ့်တရားခံပါ၊ လူတွေမငြိမ်းချမ်းရင်
ကမ္ဘာကြီးလည်း မငြိမ်းချမ်း နိုင်ပါဘူး။ မငြိမ်းချမ်းမှုတွေကြားထဲ ego-trip လို့ခေါ်တဲ့
လူအချင်းချင်း အမြတ်ထုတ်ချင်၊ အသာ ရချင်တဲ့ လူစုလူဝေးကလည်း ရှိသေးတယ်။ ငွေ၊ အာဏာ၊ ကျော်ကြားချင်မှု
တစ်ခုခုကြောင့်ပေါ့။ သူတို့ကြောင့် ဆင်းရဲသူတွေ ပိုဆင်းရဲရတယ်၊ နစ်နာ နေသူတွေ ပိုနစ်နာရတယ်ဆိုတာ
ပြန်ကြည့်ဖို့ သူတို့ လိုလူတွေအတွက် ခက်ခဲနေတတ်တယ်၊၊
မနာလိုဝန်တိုမှု၊
ပြန်တွေး တွေဝေငေးငိုင်နေတတ်တဲ့ တရားဆိုးတွေ
လောဘ
ဒေါသက သူ့ချည်းမလာပါဘူး။ တစ်ခါတစ်ရံ ဣဿာနဲ့ မစ္ဆရိယ တစ်နည်းမနာလို ဝန်တိုမှုကိုပါ တွဲခေါ်လာတတ်ပါတယ်။
သူတစ်ပါး စည်းစိမ် ပညာကို ငြူစူမရှုစိမ့်၊ ကိုယ့်စည်းစိမ်ဥစ္စာပညာကို တော့ မပေးချင်၊
လျှို့ဝှက်တတ်တဲ့သဘောတွေဟာ ဆိုးတဲ့တရားတွေထဲ ပါပါတယ်။ နောက်တစ်ခုက ကိုယ်လုပ်လိုက်မိတဲ့
ဒုစရိုက်၊ ကိုယ်မလုပ်လိုက်မိတဲ့ ကုသိုလ်တစ်ခုခုကို လုပ်မိလေခြင်း၊ မလုပ်မိလေခြင်း စသဖြင့်
တွေးတွေးပြီး ပူပန်စိုးရိမ်နေတတ်တာ၊ နောင်တရနေတဲ့ သဘောဟာလည်း တရားဆိုး တစ်ခုပါပဲ။
အထက်မှာ ဆိုခဲ့သလို ကိုယ်ပြုမိတဲ့ အကုသိုလ်ကို ပယ်နိုင်အောင်
ကြိုးစားပါဆိုတဲ့ သမ္မပဒါန်က ဒီသဘောပါပဲ။ ပြန်တွေးပူပန်နေခြင်းက ကုက္ကုစ္စ အကုသိုလ်သဘောဖြစ်လို့
အလုပ်မဖြစ်ပါဘူး။ ဆင်ခြင်ပြီး နောင်မဖြစ်အောင် ဝီရိယထားကြိုးစား မှသာ ကုသိုလ်ဖြစ်မှာပါ။
မှန်မှန်ကန်ကန် အားထုတ်တဲ့ ဝီရိယမျိုးရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ထိုင်းမှိုင်းခြင်းနဲ့
တွေဝေငေးငိုင်မှုဆိုတဲ့ တရားဆိုး တွေလည်း ရှိပါသေးတယ်။ ချုပ်လိုက်ရင်တော့ ဖြူစင်နေတဲ့စိတ်ကို
ခြယ်လှယ်နေတာ ထိုထို စေတသိက်အကုသိုလ်တွေပါလားဆိုတာ သိသွားရတာပါပဲ။ ဒီလိုသိရတဲ့အခါ ထိုဖြစ်စဉ်လေးတွေ
ဖြစ်လာတိုင်း ပေါ်လာတိုင်း ပယ်နိုင်အောင် ရှောင်နိုင်အောင် ကြိုးစားချင်စိတ်ရှိဖို့သာ
လိုရင်းဖြစ်ပါတယ်။
ကိုယ့်စိတ်ကိုယ်သိနေဖို့လို
ကိုယ့်စိတ်ကိုယ် သိနေဖို့သာ လိုတာပါ။ အာရုံတွေဝင်လာတိုင်း
ကိုယ့်စိတ်က ကုသိုလ်ဖြစ်နေလား၊ အကုသိုလ်ဖြစ်နေလားပေါ့၊၊ ကုသိုလ်ဖြစ်ဖို့ ဆိုရင် အာရုံနဲ့ဒွါရတိုက်လို့
ဖြစ်လာတဲ့စိတ်နဲ့ယှဉ်တဲ့ ကုသိုလ်စေတသိက် တွေကြောင့်ဆိုတာ လေ့လာနိုင်ပါတယ်။ ဒီနာမ်တရားတွေက
ကိလေသာ အညစ်အကြေးတွေကို ကင်းဝေးစင်ကြယ်စေလို့ ဖြစ်ပါတယ်။ ဘုရား၊ တရား၊ သံဃာရတနာ မြတ်သုံးပါးကို
ယုံကြည်တာ၊ ကံ ကံ၏အကျိုးကို ယုံကြည်တာ၊ ထိုတရားတွေဟာ ကျွန်တော်တို့ ဗုဒ္ဓ ဘာသာဝင်တွေရဲ့
တရားအနှစ်ပါပဲ။
ဘုရားဆိုတဲ့
အာရုံ၊ တရားဆိုတဲ့အာရုံ၊ သံဃာ ဆိုတဲ့အာရုံတွေအပေါ်မှာ ကြည်ညိုတယ်။ ကြည်ညိုတော့ မိမိရဲ့နာမ်တရားတွေလည်း
ကြည်လင်လာ တယ်ဆိုတဲ့ ယုံကြည်မှုသဒ္ဓါတရားဟာ သဒ္ဓါအစစ်လို့ ဆိုထိုက်ပါတယ်။ ယုံကြည်မှုရှိလာရင်
ထိုကောင်း တဲ့ အာရုံတွေအပေါ်မှာ ထပ်ခါထပ်ခါအောက်မေ့ခြင်း၊ ပွားများခြင်းသည် သတိဆိုတဲ့
တရားရှိမှသာ ဖြစ်နိုင် တဲ့အတွက် ဒီနေရာမှာ သဒ္ဓါနဲ့သတိဆိုတဲ့ တရားနှစ် ခုကို ထပ်ဖြည့်ချင်ပါတယ်။
ကောင်းမြတ်အကျင့်
မကျင့်သမျှ အလှမ်းဝေးနေဦးမည့် ငြိမ်းချမ်းရေး
ယနေ့ကာလ
အကုသိုလ်တွေ တိုးပွားများပြားလာခြင်းရဲ့ အကြောင်းတရားတစ်ခုမှာ အရှက်အကြောက် နည်းလာတာလည်းပါတယ်။
မကောင်းတာလုပ်မိလို့ အရှက်အကြောက်မရှိ၊ ကောင်းတာလုပ်ဖို့ဆိုရင်တော့ ရှက်တတ်ကြောက်တတ်ကြတာ
သတိထားမိတယ်၊ အားလုံးကပြောင်းကပြန်ချည်းပဲ။ မကောင်းတာလုပ်မိရင် ရှက်တတ်ကြောက်တတ်တဲ့
သဘောဟာ အကုသိုလ်ရဲ့လားရာကို သိနေသူတွေအတွက်သာ ဖြစ်ပါတော့တယ်။ အကုသိုလ်လောဘရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အလောဘရှိသူတွေသာလျှင် စွန့်ကြဲပေးကမ်း လှူဒါန်းမှုမှာ ပြီးပြည့်စုံတဲ့ ဒါနအရာ မြောက်တတ်
ကြပါတယ်။ အလောဘ ရှိသလို အဒေါသဆိုတဲ့ မေတ္တာတရားလည်း ရှိပြန်တယ်။ သူတစ်ပါး အကျိုး စီးပွား
ချမ်းသာခြင်းကို မလိုလား၊ သူ့ပစ္စည်း၊ သူ့ဥစ္စာသာ
အလိုကြီးတပ်မက်လိုချင် နေကြသရွေ့ ပဋိပက္ခ သံသရာက ဆုံးမှာမဟုတ်ပါဘူး၊၊ ကိုယ့်ထက်
အားနည်းသူ၊ ကိုယ့်လောက်မရှိသူကို အကြင်နာကင်းပြီး သနားညှာတာမှုမရှိ၊ သူတစ်ပါး ချမ်းသာ
တိုးတက်နေရင် ဝမ်းမြောက်ခြင်းလည်းမရှိ၊ ချမ်းသာခြင်း/ ဆင်းရဲခြင်းလည်းမဖြစ်၊ ကံ ကံ၏အကျိုးပေး
ပါလားဆိုပြီး အလယ်အလတ် သဘောနဲ့ ဥပေက္ခာ ပြုနိုင်တဲ့ သဘောထားလည်း မရှိ၊ ထို မရှိ မရှိဆိုတဲ့
ဆန့်ကျင်ဘက်သဘောဆောင်တဲ့ လက္ခဏာတွေ ရှိနေသမျှ ငြိမ်းချမ်းမှုနဲ့လည်း အလှမ်းဝေးနေကြဦး
မှာ ဖြစ်ပါတယ်။
အထက်ပါ
အဆိုးတရားအားလုံးရဲ့ ဆန့်ကျင်ဘက် အတွေးအကြံ၊ အပြောအဆို၊ အပြုအမူတို့သာလျှင် ငြိမ်းချမ်းရေးအတွက်
ကောင်းမြတ်တဲ့ အကျင့်တွေဖြစ်တဲ့အတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာသဘောတွေကို မိမိလက်တွေ့
ဘဝမှာ ချိန်ဆကျင့်ကြံခြင်းသာလျှင် ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ အာမခံချက်တွေ ဖြစ်လာပါလိမ့်မယ်။
ကုသိုလ်/အကုသိုလ် ခွဲခြားသိလာရင်ကို ငြိမ်းချမ်းခြင်းအတွက် အောင်မြေတစ်ဝက်
နင်းပါပြီ။ အကုသိုလ်ရဲ့အပြစ်က အခုဘဝ နောင်ဘဝတိုက်ဆိုင်ရင် အကျိုးပေးပါတယ်။ ကံ ကံ၏အကျိုးကို
အချိန်သိပ်မစောင့်ရဘဲ လက်ငင်းအကျိုးပေးတတ်တယ်ဆိုတာ သိထားရင် ရှောင်ရန်ဆောင်ရန် မခက်ပါဘူး။
မြင်တတ်ကြည့်တတ်ဖို့က သတိ တစ်လုံးပါပဲ။ အဆင်မပြေတာတွေ၊ မနှစ်မြို့စရာတွေ၊ အတားအဆီးတွေ
များတဲ့အခါ သတိထားစေချင်တာက ကိုယ်သာအနာခံပြီး စိတ်မနာမိစေဖို့ အရေးကြီးပါတယ်။
မပြီးနိုင်မဆုံးနိုင်
စိတ်နာခြင်းက အကုသိုလ်ကို အဖန်တလဲလဲ တိုးစေတတ်တာ သတိထားမိလာပြီ။ ချစ်ခြင်းမုန်းခြင်း၊
ဖိစီးခြင်း၊ ပျော်ရွှင်ခြင်း စတာတွေအားလုံး ကိုယ့်အတွင်းစိတ်ကပဲ လာတာပဲဆိုတာ သိလာပြီဆိုရင်
ဆင်းရဲချမ်းသာတာနဲ့ မပျော်ရွှင်မှု၊ ပျော်ရွှင်မှုဟာ ဆက်စပ်မှုမရှိ၊ ဆင်းရဲပေမယ့် စိတ်ချမ်းသာနေသူတွေ၊ ချမ်းသာပေမယ့် ပူနေရသူတွေ
တစ်ပုံကြီးရှိနေတာပဲလို့ သိနိုင်လာပါလိမ့်မယ်။ ဒါကြောင့် ပြောချင်တာက ဆင်းရဲပေမယ့်
ကိုယ့်အတွင်းစိတ်ကို ကြံ့ခိုင်အောင်လုပ်ပါ။ ခွင့်လွှတ်ပေးပြီး ပျော်ပျော်နေပါ။ ဒေါသနဲ့အမုန်း
ဖယ်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်အောင်နေပါ။ စိတ်ကြောင့် အသက်တိုစေတဲ့ ဒီရုပ်ဒီခန္ဓာကြီးကို
ဖိစီးနှိပ်စက်မခံပါနဲ့လို့သာ ဆိုလိုက်ပါရစေ။
အကြောက်တရားနဲ့
ငြိမ်းချမ်းတာထက် သူများ ကို ဒုက္ခမရောက်စေတဲ့နည်းလမ်း၊ ကိုယ်လည်း အများကြီးမခံစားရတဲ့
နည်းလမ်းမျိုးနဲ့ ငြိမ်းချမ်းအောင်နေဖို့ ကြိုးစားကြည့်စေချင်ပါတယ်။ အကြောက်တရားတို့၊
ခြိမ်းခြောက်တာတို့က တာရှည်မခံပါဘူး။ စေတနာ ထားတတ်မှုနဲ့ သူ့အကျိုး၊ ကိုယ့်အကျိုး ရိုသေလေးစားမှုပြနိုင်ရင်ကို
ငြိမ်းချမ်းပါတယ်။ ငြိမ်းချမ်းရေး တကယ်လိုချင်ရင်လည်း တစ်ဦးချင်း အကျိုးစီးပွားထက်
အများရဲ့အကျိုးစီးပွားကိုလည်း ငဲ့စောင်းကြည့်ပေးဖို့သာ အဓိကဖြစ်ပါလိမ့်မယ်။ အရေးကြီးဆုံးကတော့
ခံစားချက်တွေ ဦးစားမပေးဘဲ ချစ်တတ်ဖို့၊ ဂရုစိုက် ပေးဖို့၊ ကရုဏာတရားနဲ့ စာနာပေးနိုင်ဖို့သာပါ။
သို့မှသာ
အကြွေးဟောင်းလည်း ဆပ်ပြီး၊ အကြွေးသစ်လည်း အတင်မခံရတဲ့ အခြေအနေ ကောင်းတစ်ခုကို ရရှိနိုင်ပါလိမ့်မယ်။
။

No comments