ဩစတြေးလျကမ်းခြေပေါ်၌ ရဟတ်ယာဉ်နှစ်စင်း တိုက်မိ၊ လေးဦးထက်မနည်းသေဆုံး

 



ဆစ်ဒနီ ဇန်နဝါရီ ၃

 

ဩစတြေးလျ ကမ်းခြေပေါ်၌ ရဟတ်ယာဉ်နှစ်စင်း တိုက်မိမှုဖြစ်ပွားရာ လေးဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း သိရသည်။

 

အဆိုပါ မတော်တဆမှုမှာ နိုင်ငံအရှေ့ပိုင်း ဂိုးလ်ကို့စ်မြို့၌ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်များနှင့် မီဒီယာများတွင် ဖော်ပြထားသည်။ ရဟတ်ယာဉ် တစ်စင်းမှာ ကမ်းခြေပေါ်သို့ ဇောက်ထိုးကျသွားခြင်း ဖြစ်ပြီး အခြားရဟတ်ယာဉ် တစ်စင်း၏ အရှေ့ပိုင်းမှာ ဆိုးဆိုးရွားရွား ပျက်စီးသွားကြောင်း အခင်းဖြစ်ပွားခြင်းကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် တွင် ဖော်ပြထားသည်။ အခင်းဖြစ်ပွားရခြင်းမှာ ရဟတ်ယာဉ်တစ်စင်း ဆင်းသက်ချိန်နှင့် အခြား ရဟတ်ယာဉ်မှာ မြေပြင်မှ ပျံတက်ချိန်တွင် တိုက်မိခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။

 

ဂိုးလ်ကို့စ်မြို့သည် လှပသည့် ကမ်းခြေများကြောင့် နာမည်ကြီးပြီး ယခုနှစ်အတွင်း ခရီးသွားများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။ အခင်းဖြစ်ပွားသည့် အကြောင်းရင်းကို ရဲတပ်ဖွဲ့များနှင့် လေကြောင်း အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.