၂၀၂၂ ခုနှစ်အတွင်း ဗီယက်နမ်းနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု သိသိသာသာမြင့်တက်

 



ဟနွိုင်း ဇန်နဝါရီ ၃

 

၂၀၂၂ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာခရီးသွား ဝင်ရောက်မှုသည် ၃ ဒသမ ၇ သန်း နီးပါး ရှိခဲ့ခြင်းကြောင့် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၃ ဒသမ ၃ ဆ မြင့်တက်ခဲ့ခြင်းကြောင့် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုသိသိသာသာမြင့်တက်မှု ရှိခဲ့ကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်အတွင်းကထက် အနည်းငယ်လျော့ကျမှုရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ၏ အထွေထွေ စာရင်းအင်းရုံးက ဇန်နဝါရီ ၂ ရက်တွင် ပြောကြားသည်။

 

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ကာလအတွင်း ဗီယက်နမ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်သည့် နိုင်ငံခြားသား ခရီးသွားအရေအတွက်သည် ၃ ဒသမ ၃ သန်းနီးပါးရှိပြီး အဆိုပါ အရေအတွက်သည် နိုင်ငံအတွင်း ဝင်ရောက်လာသည့် နိုင်ငံတကာ ခရီးသွားစုစုပေါင်း၏ ၈၉ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ အာရှဒေသမှ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၂ ဒသမ ၆ သန်း ဝင်ရောက်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၉ ဒသမ ၅ ဆမြင့်တက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဗီယက်နမ်နိုင်ငံသို့ လာရောက် သည့် နိုင်ငံခြားသားခရီးသွား အရေအတွက်သည် ဥရောပမှ ၃၁ ဒသမ ၈ ဆ၊ အမေရိကမှ ၆၇ ဒသမ ၆ ဆ အသီးသီး မြင့်တက်မှုရှိခဲ့ကြောင်း သိရသည်။

 

ဗီယက်နမ်နိုင်ငံသည် ၂၀၁၉ ခုနှစ်အတွင်းက နိုင်ငံခြားသား ခရီးသွားဧည့်သည်အရေအတွက် ၁၈ သန်းကျော်အထိ စံချိန်တင် မြင့်တက်မှုရှိခဲ့ကြောင်းလည်း သိရသည်။

 

ဗီယက်နမ်နိုင်ငံသည် ယခု ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ရှစ်သန်းကျော် ဝင်ရောက်ရန် မျှော်လင့်လျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံ အမျိုးသား ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဌာနက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် – အလင်းသစ်

No comments

Powered by Blogger.