နီပေါ ပျက်ကျခရီးသည်တင်လေယာဉ်၏ ဘလက်ဘောက်စ်ကို ရှာဖွေတွေ့ရှိပြီဟုဆို
ခတ္တမန္ဒူ၊ ဇန်နဝါရီ ၁၆
နီပေါ ပျက်ကျခရီးသည်တင်လေယာဉ်၏ ဘလက်ဘောက်စ်
(လေယာဉ်ပျံသန်းမှု မှတ်တမ်း) ကို ဇန်နဝါရီ ၁၆ ရက်တွင် ရှာဖွေ တွေ့ရှိပြီဖြစ်ကြောင်း
တာဝန်ရှိသူတစ်ဦးက ပြောသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မကြာသေးမီက
ဘလက်ဘောက်စ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နီပေါလေကြောင်း အာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ
ဂျဂန်နတ် နီရူလာက ဆင်ဟွာသို့ ပြောသည်။ နီပေါနိုင်ငံ အလယ်ပိုင်း ခရီးသွား အသွားအလာများသော
နေရာတစ်ခုဖြစ်သည့် ပေါ့ခ်ဟာရာ အနီး ဇန်နဝါရီ ၁၅ ရက်က ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျမှု
ဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသော လူလေးဦးအနက် တစ်ဦးပြန်လည်တွေ့ရှိပြီး ကျန်ရှိနေသော
သုံးဦးကို ကယ်ဆယ်ရေးသမားများက ဆက်လက် ရှာဖွေလျက်ရှိကြောင်း သိရသည်။
ယက်တီလေကြောင်းလိုင်းမှ လေယာဉ်သည် ခရီးသည်
၆၈ ဦးနှင့် အမှုထမ်းလေးဦး တင်ဆောင်ပြီး ခတ္တမန္ဒူမှ ပေါ့ခ်ဟာရာသို့ ဦးတည်ပျံသန်းထွက်ခွာလာစဉ်
ဆက်တီ မြစ်ချောင်းအတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၁၅ ရက်တွင် လေယာဉ်
ပျက်ကျနေရာမှ ရုပ်အလောင်း ၆၈ ခုကို ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ပေါ်တွင် နိုင်ငံခြားသား
၁၅ ဦး လိုက်ပါသွားခဲ့ကြောင်း နီပေါ လေကြောင်းအာဏာပိုင်အဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။
သေဆုံးသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၁၆ ရက်ကို အများပြည်သူ
ရုံးပိတ်ရက်အဖြစ် နီပေါအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် လေယာဉ်ပျက်ကျရခြင်း၏
အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်အတွက် ငါးဦးကော်မတီ ဖွဲ့စည်းရန်လည်း ဆုံးဖြတ်ခဲ့သည်။
နီပေါနိုင်ငံသမိုင်းတွင် အဆိုပါ လေယာဉ်ပျက်ကျမှုသည်
လွန်ခဲ့သည့် ဆယ်စုနှစ် သုံးစုအတွင်း အဆိုးရွားဆုံး ပျက်ကျမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဆင်ဟွာ

No comments