ဒုတိယဝန်ကြီး ဦးမြင့်စိုး ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး





နေပြည်တော် ဇန်နဝါရီ ၂၈


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက  ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌  ဝန်ထမ်းများနှင့်တွေ့ဆုံသည်။


တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ၊ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအောင်မြင်ရေးအတွက် ဦးစီး ဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းအိမ်ရာများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး  တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် လင်းခေးမြို့၊ ဒါးဆိပ်ကျေးရွာ၌ ဆိုလာစွမ်းအင်သုံး စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ သောက်သုံးရေ ရရှိရေး ပေ (၂၀၀)၊ တွင်းတိမ်တူးဖော်ခြင်း လုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ဒုတိယဝန်ကြီးသည် လင်းခေးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာများ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် ပန်ကျိုင်းကျေးရွာနှင့် ဝမ်ကွန်ကျေးရွာ စိုက်ခင်းများအတွက် ရေရဟတ်များဖြင့် ချောင်းရေတင်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.